မျိုးစောင့်ဥပဒေ ရေးဆွဲခြင်း အပေါ် အမျိုးသမီးအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ကန့်ကွက်မှု နှင့် ပတ်သက်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က အမျိုးသားရေး သစ္စာဖောက်သူများဟု သတ်မှတ်ထားကြောင်း သိရသည်။
မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး အချိန်၊ နေရာနှင့် လူပုဂ္ဂိုလ် မရွေး ဆွေးနွေးနိုင်ကြောင်းကိုလည်း အမျိုးဘာသာ သာသနာ စောင့် ရှောက်ရေး အဖွဲ့၏ မေ ၉ ရက် ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။
အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ပေါင်း ၉၀ ကျော် က မေလ ၅ ရက်က ကြေညာချက် ထုတ်ပြန်၍ မျိုးစောင့် ဥပဒေ ရေးဆွဲခြင်း အပေါ် ကန့်ကွက်ထားခြင်း ဖြစ်သည်။ နောက်တိုး အဖွဲ့များနှင့် ဆိုလျှင် ကန့်ကွက်သည့် အဖွဲ့ပေါင်း ၁၃၀ ကျော် ရှိကြောင်း သိရသည်။
ကန့်ကွက်သည့် အဖွဲ့များတွင် ပါဝင်သော လူ့အခွင့်အရေး လှုပ်ရှားနေသော Equality Myanmar မှ ဦးအောင်မျိုးမင်းက“ကျနော်တို့ ကို ဘာကြောင့် အမျိုးသား သစ္စာဖောက်လို့ သတ်မှတ်တာလဲ မသိဘူး။ ကျနော်တို့ အခုလုပ်နေတဲ့ကိစ္စက အမျိုးဘာသာ သာသနာ
ကို သစ္စာဖောက်တာ မဟုတ်ပါဘူး”ဟု ဧရာဝတီ သို့ပြောသည်။
ယခု ကိစ္စနှင့်ပတ်သက်ပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့၊ သမ္မတ စသည့် သက်ဆိုင်ရာများနှင့် တွေ့ဆုံ၍ ပွင့် လင်း စွာပြောဆို သွားမည် ဖြစ်ကြောင်း၊ တွေ့ဆုံရန်လည်း အဆင်သင့်ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ပြောဆိုသည်။
“မကြာမီမှာ ဥပဒေ ထွက်လာတော့မယ် ဆိုတော့ ကျနော်တို့တွေ ပိုပြီး ဆွေးနွေးဖို့ ကောင်းတာပေါ့။ မျိုးစောင့်ဥပဒေမှာ ဘယ်လိုမျိုးတွေပါမယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်နေတာလဲဆိုတာ သိမယ်။ အခု ကျနော်တို့ ဒီဟာကို လေ့လာထားတာပဲ ရှိသေးတယ်။ အခက်အခဲတော့ ရှိတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။
မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲရန် အတွက် သက်ဆိုင်ရာ ရဟန်း သံဃာ ပညာရှင်များကို အကြံဉာဏ်များ တောင်းခံ ထားကြောင်း၊ ယခုလအတွင်း မူကြမ်းထွက်ရန်လည်း ရှိကြောင်း မန္တလေးမြို့ မစိုးရိမ်ကျောင်း ဆရာတော် ဦးဝီရသူက ဧရာဝတီသို့ မိန့်ကြားသည်။
“မျိုးစောင့်ဥပဒေက အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေတဲ့သူတွေကို ကယ်ဖို့နဲ့ အခွင့််အရေး ဘယ်တော့မှ မဆုံးရှုံးဖို့ပါ”ဟု လည်း ဆရာတော် ဦးဝီရသူ က မိန့်သည်။
ထိုဥပဒေ ပေါ်ပေါက်လာရေး အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ကို ပြည်သူ့ လက်မှတ်ပေါင်း လေးသန်းကျော် တင်ပြခဲ့ပြီး ယင်း ဥပဒေ တွင် အဓိကအားဖြင့် ဘာသာကူးပြောင်းခြင်း၊ တလင်တမယား စနစ်ကျင့်သုံးရေး ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်း ဥပဒေ နှင့် လူဦးရေ တိုးပွားနှုန်း ထိန်းချုပ်ရေး ဥပဒေတို့ ပါဝင်ကြောင်း သိရသည်။
မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲရန် ပြင်ဆင်နေခြင်းနှင့်ပတ်သက်ပြီး ကန့်ကွက် ထားသည့် အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ပေါင်း ၁၃၁ ဖွဲ့က အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (စီဒေါ) သဘော တူညီချက်ပါ အခြေခံများနှင့်အညီ ကျား၊မ တန်းတူ ညီမျှ ဖော်ဆောင်ရန်၊ ဒီမိုကရေစီ အခြေခံသဘောတရားများ ပြည့်ဝသော ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ကို ရေးဆွဲပြဌာန်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍနှင့် ငြိမ်းချမ်း မှု တည်ဆောက်ရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်လာရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အမျိုးသမီး စွမ်းဆောင်ရည်နှင့် မှန် ကန်စွာ ဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင် သွားမည် ဖြစ်ကြောင်း ပြောသည်။
“ကျမတို့က ဥပဒေပြုနိုင်တဲ့ အာဏာမရှိသလို လူမှုရေးလုပ်နေတာ ဖြစ်တာကြောင့် ထောက်ခံလက်မှတ် သန်းချီကောက်ဖို့ လုပ်ငန်း မျိုးဖြစ်စေ၊ တခြားစည်းရုံးရေးတွေ မလုပ်နိုင်ပါဘူး။ ဒီလိုလုပ်တာကိုလည်း နိုင်ငံရေးလှုပ်ရှားမှုတွေရဲ့ လှည့်ကွက်တခုလို့လည်း မြင် တယ်။ ဒီလို အရင်းအမြစ်များများနဲ့ ဟောပြောပွဲတွေ လုပ်နေနိုင်တာက နောက်ကွယ်က ဘယ်သူပံ့ပိုးပေးနေသလဲပေါ့”ဟု ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် (Gender Equality Network) မှ မမေစံပယ်ဖြူ က ဧရာဝတီသို့ ပြောသည်။
နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် မျိုးစောင့်ဥပဒေရေးဆွဲရေး အပါအဝင် ဘာသာရေးကို အခြေခံသော နိုင်ငံရေး လှုပ်ရှားမှု ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူလူထုကို အာရုံလွှဲသော ကိစ္စရပ်များထဲမှ တခု ဖြစ်ကြောင်း၊ ပြည်သူအများစု လိုလားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများအား အဟန့်အတား ဖြစ်စေပြီး ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းမှု အရှိန်ကို နှောင့်နှေးစေကြောင်း မေလ ၅ ရက်က အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက် လူ့မှုအဖွဲ့အစည်း ၉၇ အဖွဲ့ ၏ ကြေညာချက်၌ ဖော်ပြထားသည်။