အစိုးရ စစ်တပ်က ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ဆက်သွယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ထဲက ကျေးရွာအချို့ကို တအိမ်တက်ဆင်းဝင်ရောက် ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
နမ့်ခမ်းမြို့နယ်ထဲက ဆိုင်တောင်၊ မန်ကန်နဲ့ ဖာဒဲန်ကျေးရွာတွေကို အစိုးရ စစ်တပ် ခလရ ( ၃၀၁) နဲ့ တပ်မ (၈၈) စစ်ကြောင်း တွေက မေလ ၁၃ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး ဖာဒဲန်ရွာသားတဦး ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အဲဒီအဖြစ်အပျက်ကို အနီးကပ် စောင့်ကြည့်မှတ်တမ်းယူခဲ့တဲ့ ပလောင် (တအာင်း) အမျိုးသမီး အဖွဲ့ (TWO) က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
“ပလောင်(တအာင်း) စစ်သားတွေဖွက်ထားပေးသလား၊ ပတ်သက်မှုရှိလား ဆိုပြီး ရွာထဲကို တအိမ်တက်ဆင်းဝင်ရှာတယ်။ တချို့အိမ်တွေမှာဆိုရင် ပစ္စည်းတွေရိုက်ခွဲဖျက်ဆီးတာတွေရှိတယ်။တအိမ်မှာဆိုရင် သိမ်းထားတဲ့ တရုတ်ငွေ ယွမ် ၃ ထောင်နဲ့ မြန်မာငွေ ၅ သောင်းယူသွားတယ်။ ဖာဒဲန်ရွာသားတဦးကိုလည်း TNLA တပ်ဖွဲ့ဝင် ဆိုပြီးဖမ်းသွားတယ်” လို့ TWO တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ လွေးပိုးငယ် က ဧရာဝတီကို ပြောပါတယ်။
မေလ ၈ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုး၊ နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်တွေထဲမှာ အစိုးရ စစ်တပ် နဲ့ TNLA ပျောက်ကျားတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် ပလောင်(တအာင်း) ကျေးရွာတွေကို အခုလို ဝင်ရောက် စစ်ဆေးမှုတွေပြုလုပ်လာတာဖြစ်တယ်လို့ နမ့်ခမ်းမြို့နယ် အခြေစိုက် TNLA တပ်မှ အရာရှိတဦးက ပြောပါတယ်။
အစိုးရစစ်တပ်က ပလောင် (တအာင်း) ကျေးရွာတွေအပေါ် အကြမ်းဖက် ဝင်ရောက်စီးနင်းမှုတွေနဲ့ ပတ်သက်လို့ TWO က ခိုင်မာတဲ့ အချက်အလက်တွေစုဆောင်းပြီး နိုင်ငံတော်သမ္မတ အပါအဝင် လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေ၊ လူအခွင့်အရေး အဖွဲ့တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြသွားမယ်လို့ သိရပါတယ်။
“အစိုးရက ငြိမ်းချမ်းရေးကို လိုချင်ပါတယ်ဆိုပြီး လုပ်ပြနေနေချိန်မှာ ဒါမျိုးအဖြစ်အပျက်တွေက မဖြစ်သင့်ပါဘူး။ တဖက်မှာ ဆွေးနွေးနေတယ်ဆိုပြီး တဖက်မှာကတော့ တိုက်ပွဲတွေဖြစ်နေတယ်။ ဘာမှမဆိုင်တဲ့ အပြစ်မဲ့ ရွာသားတွေကိုလည်း ဒုက္ခပေး နေတယ်။ သူတို့ရဲ့ ငြိမ်းချမ်းရေးဆိုတာက သံသယဖြစ်စရာပါ” လို့ လွေးပိုးငယ် က ပြောပါတယ်။
TNLA နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ လှုပ်ရှားမှုတွေရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်း ၈ ရင်း ၊ စကခ ၁၊ စကခ ၁၆၊ တပ်မ ၇၇၊ တပ်မ ၈၈ နဲ့ တပ်မ တပ်မ ၅၅ အပါအဝင် စုစုပေါင်း တပ်ရင်း ၄၇ ခုက နယ်မြေစိုးမိုးရေး ဆောင်ရွက်နေကြောင်း TNLA ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
အစိုးရ စစ်တပ်နဲ့ TNLA တပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ နှစ်ဖက် ဒဏ်ရာ ရရှိမှုတွေရှိခဲ့ပေမယ့် အစိုးရ စစ်တပ်ဘက်မှ အနည်းဆုံး ၁၅ ဦးကျဆုံးကြောင်း၊ TNLA နယ်မြေတွေကို အစိုးရ စစ်တပ်က ထိုးစစ်ဆင်မယ့် ပြင်ဆင်မှု အရိပ်အရောင်တွေ မြင်တွေ့နေရတာမို့ နှစ်ဖက်တိုက်ပွဲတွေ ပိုပြီး အရှိန်မြင့်လာမယ့် အခြေအနေ ရှိတယ်လို့ သိရှိရပါတယ်။
“သူတို့ဘက်က နယ်မြေစိုးမိုးရေးအတွက် အလုံးအရင်းနဲ့ အင်အားသုံးပြီးဝင်တာ ကျနော်တို့က ပျောက်ကျားစနစ်နဲ့ သွားတာ ဆိုတော့ သူတို့ဘက်က အထိအခိုက်သေဆုံးမှုများတာပေါ့၊ ဒေသအရ ကျနော်တို့က နယ်မြေပိုကျွမ်းတာလည်း ပါတာပေါ့”လို့ TNLA အရာရှိက ဧရာဝတီကိုပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အစိုးရ စစ်တပ်တွေကြားမှာ ၂၀၁၂ ခုနှစ်ကစပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆမ်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ္မတူ စတဲ့ ဒေသတွေက ထောင်နဲ့ချီတဲ့ ဒေသတွေဟာ အိုးအိမ်တွေကို စွန့်ခွာပြီး ဒုက္ခသည်တွေအဖြစ် ထွက်ပြေး နေရတယ်လို့ TWO ထံမှ သိရှိရပါတယ်။
၂၀၁၂ ခုနှစ် မန်တုံနဲ့ နမ့်ခမ်းမြို့တွေမှာ ဒုက္ခသည် စခန်း ၂ ခုပဲရှိခဲ့ရာက ၂၀၁၃ ခုနှစ်မှာ ဒုက္ခသည် စခန်းပေါင်း ၇ ခုထိ ထပ်တိုးလာပြီး ဒုက္ခသည် ၃၀၀၀ ကျော် စားဝတ်နေရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင် နေရတယ်လို့ TWO ရဲ့ ဖေဖော်ဝါရီလက ထုတ်ပြန်လိုက်တဲ့ “လျစ်လျူရှုခံ အကျပ်အတည်းများ” စာတမ်းမှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ TNLA၊ KIA နဲ့ SSPP/SSA တို့ မဟာမိတ်အဖြစ် ပူးပေါင်းလှုပ်ရှားနေကြပြီး မကြာခင် ရက်ပိုင်း အတွင်းက အစိုးရစစ်တပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကိုးကန့်တပ်မတော်လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) အဖွဲ့ကလည်း ပူးပေါင်းတိုက်ပွဲဝင်လာတယ်လို့ သိရပါတယ်။
၂၀၁၃ ခုနှစ် ဇူလိုင်လမှာ TNLA ခေါင်းဆောင်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးခဲ့ကြပေမယ့် ခိုင်မာတဲ့ သဘောတူညီချက်တွေ မရရှိခဲ့ဘူးလို့ သိရပါတယ်။