မြီးကောင်ပေါက် အရွယ်ဆိုတဲ့ ကာလအပိုင်းအခြား ကျော်သွားပြီးတဲ့ အခါမှာတော့ လူလတ်ပိုင်း မိန်းမရွယ်လေးတွေ ဖြစ်လာပါပြီ။ ဒီအချိန်မှာ မ,သဘာဝ ဘဝတဆစ်ချိုး အပြောင်းအလဲတွေ ထင်ထင်ရှားရှား ကြုံတွေ့ရတာကြောင့် အတန်ငယ် စိတ်အနှောင့်ယှက်ဖြစ်၊ အဟန့်အတား ဖြစ်ရတာတွေဟာ လူလတ်ပိုင်း အပျိုကြီး ဖားဖား ဘဝကနေ လူတောထဲ သွားလာလှုပ်ရှားရတဲ့ ကိစ္စတွေ များပြားရှုပ်ထွေးလာချိန်မှာ ဒီ မသဘာဝ တွေဟာ ဘာမှကြီးမားတဲ့ အဟန့်အတားတွေ မဖြစ်တော့ဘဲ ထမင်းစားရေသောက်လို အများနဲ့ တသားတည်း လိုက်ပါလှုပ်ရှားနိုင်ပါပြီ။
ဒီနေရာမှာ ဒုတိယအရွယ်မှာ ရင်ဆိုင်ရနိုင်တဲ့ အိမ်ထောင် ထူထောင်ခြင်း ကိစ္စအတွက် အထူး အလေးပေး ပြောလိုပါတယ်။ မိန်း ကလေးများ အဖို့ ငယ်စဉ်ကပင် စိတ်နေစိတ်ထား၊ ခံယူချက်၊ အနေ အထိုင်တို့ မှန်ကန် ကောင်းမွန်ပြီး အချိန်တန် အရွယ်ရောက်လို့ ကိုယ်နဲ့ အစစအရာရာ ကိုက်ညီတဲ့ ဘဝ လက်တွဲဖော် တွေ့တဲ့အခါ နှစ်ဖက်လူကြီးများ သဘောတူခွင့်ပြုချက်နဲ့ အောင်မြင်ပျော်ရွှင် တဲ့ မိသားစု ဘဝလေး တည်ဆောက်ဖို့ မိသားစု စီမံကိန်း လိုလာပါတယ်။
မိသားစု စီမံကိန်း အတွက် စီးပွားရေး အခြေအနေနဲ့ ရှေ့လုပ်ငန်းစဉ်၊ ဝင်ငွေရလမ်း၊ အသုံးစရိတ် စီမံခန့်ခွဲမှု၊ နာမကျန်းချိန်သုံးစွဲရန် စုဆောင်းငွေ၊ အိမ်ထောင့်တာဝန် ခွဲဝေယူမှု စသည်တို့နဲ့အတူ မလွဲမသွေ တွက်ဆရမှာက ကိုယ့်ရဲ့ ရင်သွေးလေးတွေကို ဘယ် အချိန်ယူမယ်၊ ဘယ်နှယောက်ယူမယ်၊ မယူသေးခင် ဘယ်လိုနည်းနဲ့ သန္ဓေတားမယ် စသဖြင့် လင်နဲ့မယား တိုင်ပင် ညှိနှိုင်းစရာ တွေ အများကြီး ကြုံလာရပါလိမ့်မယ်။
အတိုချုပ် ပြန်ကောက်ရင် ကိုယ်ဝန်ဆောင်တယ် ဆိုတာ မသားဥလေးနဲ့ ဖိုသုက်ပိုးကောင်တို့ ပေါင်းစပ် ထိတွေ့ပြီး သန္ဓေအောင်တဲ့ မသားဥလေးက မိန်းမရဲ့သားအိမ်အတွင်းမှာ ငြိတွယ်ထိုးဖောက် ကြီးထွားကာ အချိန်တန်တော့ ကလေးငယ်မွေးဖို့ အစပြုခြင်းပါပဲ။
ဒါကြောင့် မသားဥလေးနဲ့ ဖိုသုက်ပိုးတို့ တွေ့ဆုံနိုင်မယ့် အချိန်နဲ့ အခြေအနေ၊ နေရာ စသည်တို့ကို အကြမ်းဖျင်း နားလည်ခြင်းဖြင့် ကိုယ်ဝန်ဆောင်နိုင်မယ့် အခါအခွင့်တွေကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေခံ အသိလေးတွေဟာ တရားဝင်လက်ထပ် ပြီးသူ အိမ်ထောင်ရှင်များအတွက် အထူးအသုံးဝင်သလို လက်မထပ်မီ အနေအထိုင် ထိန်းသိမ်းရမယ့် အနေအထားအတွက်လည်း အထူး အသုံးဝင်ပါလိမ့်မယ်။
ဒါကြောင့် သန္ဓေအောင်ဖို့ အဓိကအားဖြင့် မသားဥလေးကြွေပြီး ဖိုသုက်ကောင်လေး စောင့်နေချိန်ကို သိထားဖို့ အထူးအရေးကြီးပါတယ်။ ကလေးလိုချင်ရင် ဒီအချိန်တွေကို တွက်ချက်ဆက်ဆံရမှာ ဖြစ်ပြီး၊ ကလေး မလိုချင်သေးရင် ဒီအချိန်တွေကို ရှောင်ရမှာပါ။
မိသားစု စီမံကိန်းအတွက် အခြေခံ သိထားရမယ့် မသားဥလေး ကြွေကျချိန်နဲ့ ဘယ်အချိန် ဘယ်နေရာမှာ သန္ဓေအောင်တတ် သလဲ ဆိုတာ သိရှိကြပြီး လို့ နှစ်ကိုယ်တူ သဘောတူညီချက် အရ ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ပြီ ဆိုရင်တော့ သူ့ဘာသာသူ ဘယ်အချိန် ဗိုက်ကြီးကြီး မွေးလိုက်ရုံပဲလို့ သဘောမထားဘဲ ကိုယ့်ရင်သွေး မျိုးဆက်သစ်လေးတွေဟာ နောင်တခေတ်မှာလည်း တိုင်းပြည်ရဲ့ အဖိုးတန် သားကောင်း ရတနာလေးတွေ ဖြစ်လာမှာမို့ သူတို့လေးတွေကို လူ့လောကထဲ ဖိတ်ခေါ်ဖို့ ရည်ရွယ်ပြီ ဆို ကတည်းက စနစ်တကျ ပြင်ဆင်စရာတွေကို ပြင်ဆင် ထားရမှာပါ။
ယနေ့ တိုးတက်လာတဲ့ ခေတ်မှာ ကလေးမွေးဖို့ ကိစ္စဟာ ကိုယ်ဝန် မဆောင်ခင်ကတည်းက ပြင်ဆင်ထားရမှာပါ။ ကိုယ်ဝန် မဆောင် မီ တိုင်ပင်ဆွေးနွေးခြင်း (Pre-pregnancy Counseling Clinic) လို့တောင် အခြား တိုင်းပြည်များမှာ စီစဉ်ထားရှိပါတယ်။ ကိုယ်ဝန် မဆောင်မီ အကြိုဆွေးနွေးခြင်း အတွက် လင်မယားတွေဟာ မိမိတို့ အချင်းချင်း ညှိနှိုင်းဆုံးဖြတ်ပြီး ကလေးယူတော့မယ် ဆိုတာနဲ့ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းနဲ့ တွေ့ဆုံ အကြံဉာဏ် ယူသင့်ပါတယ်။
တကယ်တော့ ကလေးယူတော့မယ် ဆိုတာနဲ့ အရင်က သန္ဓေ တားဆေးများ သုံးထားခဲ့ရင် ကလေးယူဖို့ ဆုံးဖြတ်တာနဲ့ ဆေးတွေ ရပ်ရုံတင် မကဘဲ (အချို့ သုံးလ တားဆေး ကြာရှည် ထိုးထားသူတွေမှာ ရာသီ မလာတာ အတော်ကြာ ဆက်ပြီး ဖြစ်တတ်တာမို့) ပုံမှန်ရာသီ ပြန်ဆင်းဖို့ ကွန်ဒွန်သုံးပြီး ပုံမှန်ရာသီ ပြန်လာအောင် ပြင်ဆင် ထားရှိရမှာပါ။ ဒါမှ ဘယ်အချိန်က သန္ဓေရှိသွားတာလဲလို့ မရေမရာ ဖြစ်နေစရာ မလိုဘဲ ရာသီ နောက်ဆုံး လာသွားတဲ့ ပထမရက်ကို အတိအကျ သိခြင်းဖြင့် သန္ဓေသား သက်တမ်းကို အနီးစပ်ဆုံး တွက်ချက် သိရှိနိုင်မှာပါ။ ကိုယ်ဝန်ဆောင် တဦးအတွက် သန္ဓေသား သက်တမ်း တိကျနိုင် သလောက် တိကျစွာ သိထား နိုင်ဖို့ အရေးကြီးပါတယ်။
ယနေ့ခေတ်မှာ အစောဆုံး ကိုယ်ဝန်အပ်ဖို့ ကျန်းမာရေး အသိ ရှိရပါမယ်။ ကျန်းမာရေး ဝန်ထမ်းများ အနေနဲ့လည်း ကိုယ်ဝန်ဆောင် များက ခေတ်နဲ့ လျော်ညီစွာ ကိုယ်ဝန်အစောဆုံး လာအပ်တာကို အားပေးကြိုဆိုပြီး လိုအပ်တဲ့ စစ်ဆေးစမ်းသပ်မှုတွေနဲ့ ပြင်ဆင် ထားပြီး ကိုယ်ဝန် မှန်မှန်လာပြဖို့ တိုက်တွန်းလမ်းညွှန် ရပါမယ်။ ဘာလို့လဲ ဆိုတော့ မ, သန္ဓေဥလေးနဲ့ ဖိုသုက်ပိုးတို့ စတင်တွေ့ဆုံ ပေါင်းစပ်ပြီးတာနဲ့ သန္ဓေအောင် သားဥလေးဟာ ဆဲလ်များ တိုးပွားကြီးထွားကာ သန္ဓေသားအဖြစ် အဆင့်ဆင့် ကြီးထွားနေပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ပျမ်းမျှ ၉ လခန့်ရှိရာမှာ ပထမ ၃ လ ၊ ဒုတိယ ၃ လနဲ့ တတိယ ၃ လ အကြမ်းဖျင်း သုံးပိုင်း ခွဲခြားနိုင်ပြီး ပထမ ၃ လဟာ သန္ဓေသား ကိုယ်တွင်း ကလီစာများ ဖွံ့ဖြိုးနေတဲ့ အရေးကြီးတဲ့ အချိန်အပိုင်းအခြားလေး ဖြစ်တာမို့ ဖြစ်နိုင်ရင် (ဖောလစ် အက်ဆစ် အားဆေးကလွဲလို့) အခြား ဘာဆေးဝါးမှ မသောက်သုံးသင့်ပါဘူး။
ကိုယ်ဝန်ဆောင်ချိန် တလျှောက်လုံးမှာလည်း တတ်နိုင်သမျှ ကိုယ့် သဘောနဲ့ကိုယ် ဆေးဝါးများ မမှီဝဲသင့် ပါဘူး။ ဒါပေမယ့် ကိုယ် ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန် တလျှောက်လုံးမှာ အခြား အာဟာရများကိုတော့ မျှတ စုံလင်စွာ စားသုံးရ ပါမယ်။ ကလေး လေနာပါမယ်၊ ကလေး သံထိုးမယ် စသဖြင့် အရပ်ထဲက ဝိုင်းဝန်းတလွဲ အကြံပေးတာတွေကို နားထောင်ပြီး ဟင်းသီးဟင်းရွက်တွေ ရှောင် တာ၊ အသားငါးတွေ ရှောင်တာမျိုး မလုပ်သင့်ပါဘူး။ လတ်ဆတ်ကောင်းမွန်တဲ့ အာဟာရများ ပိုပြီးမှီဝဲ ပေးဖို့လည်း ဝန်မလေးသင့် ပါဘူး။
ဒါက သားသမီးယူမယ့် မိခင်လောင်း အမျိုးသမီးတွေ အတွက် အကြံပြုချက်တွေပါ။ သားသမီးယူဖို့ မလိုသေးရင်လည်း ကိုယ့်အခြေ အနေ အရပ်ရပ်နဲ့ ကိုက်ညီပြီး အန္တရာယ်ကင်းတဲ့ သားဆက် ခြားနည်းတွေကို နားလည် တတ်သိသူ ကျန်းမာရေး ဝန်ထမ်းနဲ့ ပွင့် လင်း စွာ ဆွေးနွေး ရွေးချယ်ပါ။
သန္ဓေတားတယ် ဆိုတာ လင်ရော မယားပါ ညှိနှိုင်းဆွေးနွေးဖို့ လိုပါတယ်။ အချို့ ဘာသာရေး အရ၊ အချို့ လူကြီးများ ဆန္ဒအရ၊ အချို့များဆို ခင်ပွန်းရဲ့ တဖက်သတ် အလိုဆန္ဒ အရ ကိုယ်ဝန် မဆောင်သင့်ချိန်မှာ ကိုယ်ဝန်လွယ်ရပြီး စိတ်ရော ကိုယ်ပါ ဒုက္ခရောက်ကြ ပါတယ်။
ကလေးတဦးနဲ့ တဦး (ဘာပြဿနာ ဘာရောဂါမှ မရှိရင်တောင်) အနည်းဆုံး ၃ နှစ်လောက်တော့ ဝေးသင့် ပါတယ်။ ကလေး နီးလွန်း ရင် မိခင်ရဲ့ သွေးအား၊ ခွန်းအား အစစအရာရာ အဆင်သင့် မဖြစ်သေးဘဲ ကိုယ်ဝန် ဆောင်ရတာမို့ အန္တရာယ်များပြီး မွေးလာမယ့် ကလေး အတွက်လည်း အရေအတွက်သာ များပြီး အရည်အသွေး ပြည့်ဝတဲ့ ကလေးငယ်တွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ဖို့ အကောင်းဆုံး အရွယ်ကိုတော့ ပုံမှန် အားဖြင့် ၁၈ နှစ်မှ ၃၅ နှစ်လို့ ဆိုထားပါတယ်။
မိသားစု စီမံကိန်းနဲ့ မျိုးဆက်ပွား ကျန်းမာရေး အခြေခံ ဗဟုသုတလေးတွေ အကြောင်း တင်ပြ အပြီးမှာ သက်လတ်ပိုင်း အမျိုးသမီးများ ကြုံရတတ်တဲ့ ရာသီဆင်းခြင်း ပြဿနာလေးတွေ၊ သားအိမ်၊ သားဥအိမ် ပြဿနာလေးတွေကိုလည်း ပြောပြချင်ပါတယ်။
အထူးသဖြင့် ရာသီသွေး တရားလွန်များတာ၊ လ,အတော်ကြာ မလာတာ၊ ရာသီဆင်းချိန် အလွန်အမင်း ကိုက်ခဲတာ စသဖြင့် ပုံမမှန် ပြဿနာတွေ ဖြစ်လာတဲ့အခါ ဒီဘဝလှေခါးထစ်မှာ ကင်ဆာဆိုတဲ့ အသံတိတ်ရန်သူကို အမြဲ သတိထားရပါမယ်။ အရမ်းကြောက် စရာ မလိုပေမယ့် ဖြစ်နိုင်ခြေတွေ အတွက်လည်း မပေါ့ဆ သင့်ပါဘူး။
ကင်ဆာမျိုးရိုး ရှိသူတွေ၊ လိင်ဆက်ဆံဖက် များသူတွေ၊ ယောက်ျားက စိတ်မချရသူတွေမှာတော့ အထူးသတိ ထားရပါမယ်။ အထူး သဖြင့် ရာသီဆင်းခြင်း ပုံမမှန် တခုခုဖြစ်လာရင် (ငွေအသင့်အတင့် တတ်နိုင်ပြီး အဆင် ပြေမယ် ဆိုရင်) ဝမ်းဗိုက်နဲ့ မျိုးပွား လမ်းကြောင်းများကို အာလ်ထရာဆောင်း စစ်ဆေးချက် လုပ်သင့်ပါတယ်။
အများအားဖြင့် သားဥအိမ် အရည်ကြည်အိတ် တည်တာတွေ (အရွယ် ၅ စင်တီမီတာအောက် ခပ်သေးသေးတွေ) ဆိုရင် စောင့်ကြည့်ရုံပါပဲ။ အချို့မှာ သားအိမ်အလုံးတွေ ဘာတွေဆိုရင်လည်း အလုံး အရွယ်အစားနဲ့ ခံစားနေရတဲ့ လက္ခဏာတွေ အပေါ် မူတည်ပြီး ကုသမှု ခံယူသင့်ပါတယ်။ အချို့မှာတော့ သွေးဆုံးချိန် နီးလာရင် အလိုလို သေးသွားတတ် တာမို့ စောင့်ကြည့်ရုံ ပါပဲ။
ဒါပေမယ့် မမျှော်လင့်တဲ့ သားဥအိမ်ကင်ဆာ ကျိတ်တွေကလည်း အမျိုးသမီးများကို အရှိုက်ထိစေတဲ့ အသံတိတ် လက်သီးပုန်းတွေ ပါပဲ။ အချို့သော သားအိမ်ကင်ဆာတွေ၊ သားအိမ်ခေါင်း ကင်ဆာတွေကလည်း ဘဝကို အထိနာ စေတဲ့ ပြဿနာတွေပါ။
ဒါ့အပြင် ပုံမမှန် အဖြူဆင်းခြင်း၊ မိန်းမကိုယ် ယားယံခြင်း၊ ဆီးစပ်အောင့်ခြင်း၊ ဝမ်းဗိုက် အောက်ပိုင်းနဲ့ တင်ပါးဆုံပိုင်း ခါးရိုးအောက် ပိုင်း ကိုက်ခဲလေးလံခြင်း တွေကလည်း ဒီအရွယ်မှာ အဖြစ်များ တတ်ပါတယ်။ အများအားဖြင့် လိင်ဆက်ဆံရာမှ တဆင့် ကူးစက် တတ်သော ရောဂါတွေ၊ ပိုးဝင်ရောက်ပြီး နာတာရှည် မျိုးပွားအင်္ဂါ ရောင်ရမ်း နာကျင်ခြင်း ရောဂါတွေ၊ မိန်းမကိုယ် လမ်းကြောင်း မှိုစွဲတဲ့ ရောဂါတွေ၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးအိမ် ရောင်ခြင်း၊ ဆီးချို၊ သွေးချို စသဖြင့် ရောဂါပေါင်းစုံနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။
အရေးကြီး တာကတော့ ကိုယ့်မှာ ပုံမှန်မဟုတ်တဲ့ ရောဂါတခုခု သံသယဖြစ်ပြီ ဆိုတာနဲ့ အရှက်အကြောက်ကြီး နေတာတွေ ဖြစ် မနေဘဲ တတ်ကျွမ်း နားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်တဲ့ အကြောင်း ဒီတပတ် အတွက် ဆွေးနွေးတင်ပြ လိုက်ပါတယ်။ ။