Ethnic Issues

KIO နှင့် အစိုးရ အကြား ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းမည်

This article has been converted from Zawgyi One to Unicode

နှစ်ဘက်တိုက်ပွဲများ လျှော့ချရေး အတွက် “ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့”ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီနှင့် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) အကြား ဖွဲ့စည်းရန် ယမန်နေ့က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ မနောကွင်းတွင် ကျင်းပသည့် အစိုးရနှင့် KIO တွေ့ဆုံပွဲ၌ ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပြီး တဘက်လျှင် ၅ ဦးနှုန်းဖြင့် ၁၀ ဦး ပါဝင်သော အဖွဲ့ကို ဖွဲ့စည်းသွားရန် ဖြစ်သည်။

“စစ်ဘက်ဆိုင်ရာ အနေနဲ့ တိုက်ပွဲတွေ လျော့ဖို့ ဆွေးနွေး ထားပါတယ်။ စစ်ဘက်ကရော နယ်ဘက်ဆိုင်ရာတွေ ပါမယ်။ ၅ ယောက်ထဲ ပါမယ်၊ ဘယ်သူတွေ ပါမလဲဆိုတာကို မဆွေးနွေးရသေးဘူး၊ ကော်မတီဖွဲ့တယ် ဆိုတော့ နှစ်ဘက် ဆွေးနွေးမှု တွေ ရှိလာရင် တိုက်ပွဲတော့ လျော့လာမှာပါ”ဟု မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်က ပြောသည်။

ကျင်းပနေသည့် ဆွေးနွေးပွဲ အရ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ကို ယခုလ ၂၁ ရက်တွင် စတင်ဖွဲ့စည်းမည် ဖြစ်ပြီး ထိုရက် မတိုင်မီ အဖွဲ့တွင် ပါဝင်ကြမည့်သူများကို ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း သိရသည်။

“သူတို့ လုပ်ဆောင်မှာက ဥပမာ စစ်ပွဲ ဖြစ်ရင် ဘာကြောင့့် ဖြစ်လဲ။ ဘယ်မှာ ဖြစ်လဲ ဒါကို အဲဒီ အဖွဲ့က စုံစမ်းပြီး ဖြစ်တာကို အဖြေရှာမယ်၊ ဖြေရှင်းမယ်”ဟု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ဧပြီလ ၁၇ နောက်ပိုင်းတွင် နှစ်ဘက်တိုက်ပွဲများကို လျှော့ချနိုင်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှု မရှိစေရေးအတွက် ညှိနှိုင်းရာတွင် အပြန်အလှန် ရပ်တည်နိုင်ရေးကို အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။

KIO အဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က“ဆွေးနွေးပွဲက အောင်မြင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ် ရှိခဲ့ပေမယ့် အခုလို အောင်မြင်တဲ့ အတွက် ဝမ်းသာရပါတယ်။ ပွင့်လင်းစွာ ဆွေးနွေးခွင့် ရခဲ့တယ်။ ကျနော်တို့ဘက်က အစိုးရဘက်နဲ့ ပွင့် လင်းစွာ ဆွေးနွေးနိုင်လို့ စစ်ပွဲတွေကို အရှိန် လျှော့နိုင်မယ် ထင်တယ်”ဟု ပြောဆိုသည်။

ယင်းအစည်းအဝေးကို တက်ရောက်ခဲ့သူ တဦးက “တပ်မတော်ဘက်က ဖြစ်တဲ့ ကိစ္စအ၀၀ကို ချပြတယ်။ အထင်လွဲစေနိုင်တဲ့ အချက်တွေကို ပြောပြတယ်။ KIOဘက်က မငြင်းဘူး၊ လက်ခံတယ်၊ ဒီတခေါက်မှာ တော်တော်လေး ညှိနှိုင်းလို့ အဆင်ပြေတယ်။ တပ်ဘက်က ထုံးစံအတိုင်း ထိုးစစ်မဆင်ဘူး ဆိုတာကို KIO ကို ပြောတယ်”ဟု ဧရာဝတီကို ပြောသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလက ကျင်းပခဲ့သည့် KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနား တွေ့ဆုံပွဲတွင် နှစ် ဘက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့ကို ရပ်မိရပ်ဘများနှင့် ဖွဲ့စည်းရန်၊ အဆိုပါအဖွဲ့ လိုက်နာရမည့် အခြေခံမူ ၅ချက် နှင့် စည်းကမ်းချက် ၁၈ ချက်ရေးဆွဲရန် စသည့် အချက်များကို သဘောတူခဲ့ကြောင်း၊ အဆိုပါ သဘောတူညီချက် အတိုင်း ဖွဲ့စည်းနိုင်ရေးအတွက် ယခု ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ KIA(ကချင် လွတ်လပ်ရေး တပ်မတော်) အနေနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးရသေးဘူး ဆိုပေမယ့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ ထိုးဖို့ သဘောတူ ထားပြီးသားပါ။ အခုချိန်မှာ ဆွေးနွေးမှုတွေကနေ အတိုင်း အတာ တခုအထိ ယုံကြည်မှု ရလာတယ်”ဟုလည်း ဝန်ကြီး ဦးအောင်မင်းက ပြောဆိုသည်။

ဆွေးနွေးပွဲကို မူလက ၂ရက် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ယနေ့ တွေ့ဆုံမှုတွင် နားလည်မှု ရရှိခဲ့သည့် အတွက် တရက်တည်း ကျင်းပခြင်းဖြင့် အပြီးသတ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဆွေးနွေးပွဲ အသေးစိတ်နှင့် ပတ်သက်ပြီး နှစ်ဘက်အဖွဲ့မှ တရားဝင် ပြောကြားခြင်း မရှိပေ။ ယခုဆွေးနွေးပွဲ အပြီးတွင် KIO မှ တက် ရောက်လာသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) ကိုယ်စားလှယ်များနှင့် KIO ဌာနချုပ် လိုင် ဇာ တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း၊ ယင်းအပြင် NCCTအဖွဲ့က ကချင်လူထုနှင့် တွေ့ဆုံရန် ရှိကြောင်း သိရသည်။

လက်ရှိအခြေအနေ အရ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးရုံဖြင့် တိုက်ပွဲများ အလိုလို မရပ်တန့်နိုင်ကြောင်း၊ ခိုင်မာရန် လိုကြောင်း၊ အပစ်အခတ် ရပ်စဲပြီးသည့် အဖွဲ့များနှင့်လည်း တိုက်ပွဲများ ရပ်တန့်ရေး လုပ်ရန် ခက်သေးကြောင်း၊ KIA သည် အပစ် မရပ် သေး သည့် အဖွဲ့ ဖြစ်သောကြောင့် တိုက်ပွဲ မဖြစ်ရန် လုပ်ဆောင်မှုမှာ ပိုခက်ခဲနေရသည်ဟု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။

ယခုဆွေးနွေးပွဲသို့ တက်ရောက်လာသူများတွင် အစိုးရ စစ်ဘက်ဆိုင်ရာဘက်မှ ယခင်က ကာကွယ်ရေး ဦးစီးချုပ်၏ အထူး အာဏာ ကုန် လွှဲအပ်ခြင်း ခံရသူ ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးမှာ တက်ရောက်လာခြင်း မရှိဘဲ စစ်တပ်ဘက် ဆိုင်ရာ ကိစ္စများကို မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်နောင် ကသာ ဦးဆောင် ဆွေးနွေးလျက် ရှိသည်။

“တပ်ဘက်က အရာရှိတွေ မတက်နိုင်တာက နိုင်ငံခြား ခရီးစဉ်ရှိလို့ မတက်တာပါ။ သူတို့ မတက်ပေမယ့် ဒီဆွေးနွေးချက်က အကျုံးမဝင်စရာ၊ ပျက်ပြားစရာ မရှိပါဘူး။ ဒီအတိုင်းပဲ လုပ်ဆောင်သွားမှာပါ။ တိုင်းရင်းသားတွေနဲ့ လုပ်ဆောင်ရမှာ ကျနော်တို့ဘက်က ဘာ မှ ဟန်ဆောင်တာ မရှိပါဘူး”ဟုလည်း ဦးအောင်မင်းက ပြောဆိုသည်။

Loading