ခရီးသည် ၁၄ ဦးသေဆုံးစေခဲ့သော ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ရန်ကုန်-နေပြည်တော် အမြန်လမ်းဧရိယာ တိုးချဲ့သွားရန် အစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အပါအဝင် အစိုးရဝန်ကြီးဌာနများ စုံညီစွာ တက်ရောက်သော အမြန်လမ်း အဆင့်မြှင့်တင်ရေး အစည်းအဝေးကို မေလ ၁၃ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်-နေပြည်တော် အမြန်လမ်းဧရိယာကို တိုးချဲ့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ မိုင် ၂၀၀ ရှည်လျားသော ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ခြောက်လမ်းသွား သို့မဟုတ် ရှစ်လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်လိုက်မည် ဆိုပါက လက်ရှိဖြစ်ပွားနေသည့် မတော်တဆ ထိခိုက်မှုများ နည်းပါးသွားနိုင်သဖြင့် ယခု ၂၀၁၄ ခုနှစ်မှ စ၍ အဆင့်မြှင့်ရန် အစိုးရက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
“တခြားဦးစားပေး ကိစ္စတွေလည်း ရှိခဲ့တော့ အမြန်လမ်းမကြီး အဆင့်မြှင့်ဖို့ကို စောင့်နေခဲ့ရတယ်။ မတော်တဆမှုတွေလည်း ဖြစ်လာတော့ ဒီနှစ်ထဲမှာတင် ခြောက်လမ်း၊ ရှစ်လမ်းသွား လမ်းအဖြစ် ဖောက်ဖု့ိလူကြီးတွေက သဘောတူလိုက်ကြပြီ။ အဆင့်မြှင့်လိုက်ရင်တော့ မတော်တဆမှုတွေ နည်းသွားမယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ရှင်းပြသည်။
ရန်ကုန်-နေပြည်တော် လမ်းမကြီးဧရိယာ တိုးချဲ့ရန်အတွက် မြန်မာကျပ်ငွေ ဘီလီယံ ထောင်ချီ ကုန်ကျခံ သုံးစွဲမည်ဖြစ်ပြီး အမြန်လမ်းမကြီးဆိုင်ရာ ဥပဒေကိုလည်း လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။
လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားနေသည့် အမြန်လမ်းမ ပြဿနာ ဖြေရှင်းနိုင်ရေး ဝန်ကြီးဌာန ပေါင်းစုံမှ တာဝန်ရှိသူများစုပေါင်း အဖြေရှာ ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေဝင်းက “အရင်တုန်းကတော့ ယာဉ်မောင်းတွေနဲ့ ယာဉ်တွေအပေါ် စစ်ဆေးမှု၊ အရေးယူမှုတွေ မရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရေးယူမှုတွေ ရှိလာတော့မယ်။ ရာဇာမင်းကား တိမ်းမှောက်မှုဖြစ်စဉ်က ယာဉ်မောင်းကိုတော့ အချုပ်နဲ့ ဆေးရုံမှာထားထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အမြန်လမ်းတွင် မတော်တဆမှုများ တားဆီးနိုင်ရန် ဒုတိယ သမ္မတ ၂ ဦးဉာဏ်ထွန်း ဦးဆောင်၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်၊ အမြန်လမ်းရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် အဝေးပြေးမော်တော်ယာဉ် ထိန်းသိမ်းရေးလုပ်ငန်းတို့ ပါဝင်သော အမြန်လမ်း မတော်တဆမှု လျော့နည်းရေးစီမံချက် အကောင်အထည်ဖော် မည်ဖြစ်ကြောင်း သိရှိရသည်။
“အဝေးပြေးလမ်းတွေမှာလည်း ထိခိုက်မှုတွေ ဖြစ်တာတွေက အမြန်လမ်းထက် များနေပေမယ့် ကြီးကြီးမားမား ဆိုရင် အမြန်လမ်းမှာ လာဖြစ်နေတာ တွေ့နေရတယ်” ဟု အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့် က သုံးသပ်သည်။
မေလ ၁၂ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် ရာဇာမင်းကားသည် နေပြည်တော်မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် ည ၆ နာရီ ၄၅ မိနစ် မိုးရွာသွန်းနေချိန် မိုင်တိုင် ၁၉၇ အနီး လမ်းပေါ်တွင် တင်နေသော ရေအိုင်ကို ဖြတ်သန်းစဉ် ကားသည် အရှိန်လွန် စလစ်ဖြစ်ကာ တပတ်လည်၍ မီးရထား ခုံးကျာ် တံတား အောက်သို့ ပြုတ်ကျသွားခဲ့သည်။
ကားပြုတ်ကျမှုကြောင့် ကားပေါ်မှ အမျိုးသား ၁၀ ဦး ၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၄ ဦး သေဆုံးသွားခဲ့ပြီး ၃၀ ဦးဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၃ ဦးမှာ အသက်အန္တရာယ် စိုးရိမ် ရသည့် အခြေ အနေရှိသည်။
မေ ၁၄ ရက်နေ့ နေပြည်တော်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသော ခရီးသည် ၁၄ ဦး အတွက် အလုံးစုံ အာမခံ ကျပ် ၁၀သိန်း၊ အထူးခရီးသွား အာမခံ ကျပ် သိန်း ၃၀၊ သူတပါးထိခိုက်မှု အာမခံ ကျပ် ၅ သိန်း စုစုပေါင်း ၄၅ သိန်းပေးအပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဒဏ်ရာရသည့် အခြေအနေပေါ်မူတည်၍ ငွေကျပ် ၁ သောင်းမှ ၂၄ သိန်း အထိ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရာဇာမင်းယာဉ်လိုင်းကလည်း သေဆုံးထိခိုက်သော ခရီးသည်များအတွက် ထောက်ပံ့ကြေး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းမကြီးတွင် ဧပြီလ ၁ ရက်မှ မေလ ၁၃ ရက်အထိ ထိခိုက်မှုပေါင်း ၇၆ မှု၊ ဒဏ်ရာရသူ ၁၆၉ ဦးနှင့် သေဆုံးခဲ့သူ ၄၈ ဦးရှိခဲ့ပြီး သေဆုံးမှု စံချိန်တင်ခဲ့သည့် လများ ဖြစ်ခဲ့ပြီး အမြန်လမ်းမကြီး စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၀၉ ခုနှစ်၊ မတ်လ ၂၅ ရက်မှ ဧပြီ ၂၂ ရက်အထိသေဆုံးသူ ၃၅၃ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၈၄ ဦး ရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရှိရသည်။