ပထမ အကြိမ်မြောက် ရခိုင် အမျိုးသားနေ့ကို ရခိုင်ပြည်နယ် အပါအဝင် တခြား ပြည်နယ်နှင့်တိုင်း တချို့တွင် ယနေ့ စတင် ကျင်းပကြသည်။
ရခိုင် အမျိုးသားနေ့ကို ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ တောင်ကုတ် စသည့် မြို့နယ်များ အပါအဝင် မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တို့တွင် ကျင်းပကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော် အလယ်ပစ္စယံရှိ ရခိုင် ဓမ္မာရုံ၌ နံနက် ၇ နာရီမှ ၁၀ နာရီ အထိ ကျင်းပခဲ့ပြီး လူ ၅၀၀ ဝန်း ကျင် တက်ရောက်ကြကြောင်း၊ ယင်းအခမ်းအနားကို ရန်ကုန်တိုင်း အစိုးရ အဖွဲ့၊ ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာနက ကြီးမှူး ကျင်းပခဲ့ကြောင်း အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် ဦးသာဘန်းက ဧရာဝတီ ကို ပြောသည်။
“ရခိုင်အမျိုးသားနေ့က ဒီနှစ်မှ စလုပ်တာ ဆိုတော့ ခမ်းခမ်းနားနားကြီးတော့ မလုပ်ဖြစ်တော့ဘူး၊ တက်ရောက်လာသူတွေကို ဆရာတော်၊ သံဃာတော်တွေက ပရိတ်တရားတော်တွေ ချီးမြှင့်ပေးတာရယ်၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးက အမျိုးသား နေ့ ဖြစ်ပေါ်လာပုံကို ရှင်းပြတာရယ် အဲဒီလောက်ပါပဲ”ဟု ၎င်းက ပြောပြသည်။
ကျောက်ဖြူမြို့၌လည်း မြို့ဓမ္မာရုံ၌ နံနက် ၈ နာရီ ဝန်းကျင်တွင် စတင်ခဲ့ပြီး၊ ဆရာတော်၊ သံဃာတော် ၂၇ ပါးနှင့် မြို့ခံ ပြည်သူ ၁၀၀ကျော်ဖြင့် ကျင်းပခဲ့ကြောင်း အခမ်းအနား ဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးဖိုးစံက ပြောသည်။
“တခြားတိုင်းရင်းသားတွေမှာ အမျိုးသားနေ့ ရှိပေမယ့် ရခိုင်လူမျိုးတွေမှာ အမျိုးသားနေ့ ဆိုတာ မရှိခဲ့ဘူး၊ အခုတော့ အမျိုး သားနေ့ ပေါ်ပေါက် လာပြီ၊ လူမျိုး တမျိုးရှိရင် အမျိုးသားနေ့ ဆိုတာ ရှိရမယ် ဆိုတာတွေ၊ နောင်နှစ်တွေမှာလည်း စည်စည် ကားကား ကျင်းပသွားမယ့်အကြောင်းကို တက်ရောက်လာတဲ့ ဆရာတော်တချို့က ဟောပြောကြတယ်”ဟု ၎င်းက ဆက်ပြော သည်။
စစ်တွေမြိုတွင် ဘုရားကြီး ရင်ပြင်၌ ယနေ့ နံနက်ပိုင်းက ရခိုင် အမျိုးသားနေ့ ကျင်းပခဲ့ကြောင်း၊ အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ မြို့ခံပြည်သူများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရ အဖွဲ့ဝင်များ တက်ရောက်ကြပြီး အစီအစဉ် အပိုင်း ၂ ပိုင်းဖြင့် ကျင်းပသည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ စစ်တွေ မြို့မိမြို့ဘ ဦးသန်းထွန်းက ဧရာဝတီကို ပြော သည်။
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို သွန်းလုပ် ပြီးစီးခဲ့သည့် ကဆုန် လပြည့်ကျော် (၁) ရက်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ် မကြာသေးခင်က ၅ ရက်ကြာ ကျင်းပခဲ့သော ရခိုင်အမျိုးသား ညီလာခံ(ကျောက်ဖြူ ) တွင် သဘောတူ သတ်မှတ်ခဲ့ခြင်း ဖြစ် သည်။
ဗုဒ္ဓဘုရားရှင် ရခိုင်ပြည်သို့ ကြွရောက်စဉ် ဓညဝတီပြည့်ရှင် ဘုရင် စန္ဒသူရိယ မင်းကြီးက ဗုဒ္ဓဘုရားရှင်ထံမှ ရင်ငွေ့တော် ခံယူ၍ မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ကဆုန်လတွင် ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့၊ သီရိဂုတ္တ တောင်ကုန်းပေါ်၌ သွန်း လုပ်ပူဇော် ခဲ့ကြောင်း ရခိုင်သမိုင်း မှတ်တမ်းများတွင် ရေးသားထားသည်။
ခရစ် သက္ကရာဇ် ၁၇၈၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် အဆိုပါ အချိန်က ရခိုင်နိုင်ငံအား အုပ်ချုပ်နေသည့် ရခိုင်ဘုရင် မဟာသမ္မတ ရာဇာကို ဗမာဘုရင် ဘိုးတော် ဦးဝိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီး၊ ရခိုင်ဘုရင်ကို နန်းချကာ မဟာမုနိ ဘုရားကြီးကို အမရပူရ နေပြည်တော်သို့ ပင့်ဆောင်သွားကြောင်း သမိုင်း မှတ်တမ်းများ၌ ဖော်ပြထားသည်။
စာရေး ဆရာ နေထွတ် ပြုစုသော မန္တလေး အဘိဓာန်၌ ဘီစီ ၅၄၃ မတိုင်မီနှစ်များက ဓညဝတီပြည်ဘုရင် စန္ဒသူရိယမင်းကြီး သွန်းလုပ်ပူဇော်ခဲ့သော မဟာမုနိ ရုပ်ရှင်တော် ဘုရားကြီးကို မြန်မာသက္ကရာဇ် ၁၁၄၆ တပေါင်းလတွင် ဘိုးတော်ဘုရား၏ သားတော်ကြီး အိမ်ရှေ့ ဥပရာဇာ ရွှေတောင်မင်းက တောင်ကုတ်လမ်းမှ ပန်းတောင်း၊ ယင်းမှ ဧရာဝတီ မြစ်အတိုင်း ပင့်ဆောင် ခဲ့ရာ မြန်မာ သက္ကရာဇ် ၁၁၄၇ ခုနှစ် ကဆုန်လတွင် အမရပူရ နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြထား သည်။
မဟာမုနိ ရုပ်ရှင်တော်မြတ်သည် နှစ်ပေါင်း ၂၃၂၈ နှစ်တိုင် ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ သီရိဂုတ္တတောင်တွင် စံတော်မူခဲ့ပြီး မန္တလေးတွင် နှစ် ၂၀၀ ကျော်ကြာ စံတော်မူခဲ့ပြီး ဖြစ်ကြောင်း နေထွတ်၏ မန္တလေး အဘိဓာန်၌ ရေးသားထားသည်။