မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည့် နယ်မြေများတွင် လူ့အခွင့်အရေးဆိုင်ရာ သုတေသနများ ပြုလုပ်ခဲ့ရာ တွင် ဒေသခံများထံမှ အများဆုံးရရှိသော အချက်အလက်များအရ နယ်ခြားစောင့် တပ်ဖွဲ့များ(BGFs) ၏ လူ့အခွင့်အရေး ချိုးဖောက် မှု ပြဿနာသည် အများဆုံး ဖြစ်ကြောင်း သိရသည်။
“BGFs တွေဟာ အပစ်အခတ် ရပ်စဲရေး မတိုင်ခင်ကာလ အတိုင်း ချိုးဖောက်မှုတွေ ရှိနေဆဲ ဆိုတာ တွေ့ရပါတယ်”ဟု ကွင်းဆင်း လေ့လာရေး လုပ်ငန်း အစီအစဉ်များ၏ ညွှန်ကြားရေးမှူး စောအဲလ်ဘတ်က ဆိုသည်။
မေလ ၁၃ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် “ဆိုင်းငံ့ခြင်း (သို့) အသွင်းကူးပြောင်းခြင်း” ဟု အမည်ရသည့် KHRG အဖွဲ့၏ အစီရင်ခံစာ ထုတ်ပြန်ပွဲ အခမ်းအနားတွင် ၎င်းက သတင်း မီဒီယာများသို့ ပြောခြင်း ဖြစ်သည်။
အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရေးထိုးပြီးသည့် နောက် ပိုင်း လက်နက်ကိုင် တပ်ဖွဲ့များ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေသည် အကောင်းဘက်သို့ တိုးတက် လာသော်လည်း ချိုးဖောက်မှုများ ရှိနေဆဲ ဖြစ်ကြောင်း KHRG အစီရင်ခံစာအရ သိရသည်။
ယင်းတပ်ဖွဲ့များ အပေါ် အစိုးရ၏ တိကျသော ထိန်းချုပ်မှု ရှိရန် လိုအပ်ကြောင်း အကြံပြုချက် အပါအဝင် အစိုးရတပ်၊ တိုင်းရင်း သား လက်နက်ကိုင် တပ်များနှင့် ပြည်သူလူထုအား အကြံပြုချက် ၉ ချက်ကိုလည်း ထည့်သွင်း ထုတ်ပြန်သည်။
အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းတွင် ချိုးဖောက်မှု ပုံစံသစ်များမှာ လက်နက်ကိုင်တပ်များက စီးပွားရေး အကျိုးအမြတ်များ အတွက် စီးပွားရေး သမားများနှင့် ပူးပေါင်းလာခြင်းများ၊ မြေယာ သိမ်းဆည်းမှုများ၊ အခွန်နှင့် ဆက်ကြေး ကောက်ခံခြင်းများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းများ ဖြစ်ကြောင်း KHRG က ဆိုသည်။
“သယံဇာတ စီမံခန့်ခွဲမှု ပြဿနာထဲမှာ မြေယာ သိမ်းဆည်းတဲ့ကိစ္စက လေ့လာခဲ့တဲ့ နေရာတိုင်းမှာ ဖြစ်နေတယ်၊ ဖွံ့ဖြိုးရေး စီမံကိန်း တွေကြောင့် ဒေသခံတွေကို သက်ရောက်မှု ရှိနေတယ်” ဟု မူဝါဒပိုင်း ဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေး စီမံအုပ်ချုပ်ရေးမှူး နော်ခူးခူးဂျူးက ပြောသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အတူ တပ်မတော်မှ တပ်အင်အား ဆက်လက် တိုးမြှင့်ခြင်းများကြောင့် ဒေသခံ ပြည်သူများ အကြား အပစ်အခတ် ရပ်စဲရေး အပေါ် ယုံကြည်မှု အားနည်း နေဆဲဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“ဒေသခံတွေ စိတ်ထဲမှာ အပစ်အခတ်ရပ်တာက ယာယီလား၊ တကယ်ရပ်တာလား ဆိုတဲ့ မေးခွန်းတွေ ရှိနေတုန်းပဲ”ဟု နော်ခူးခူးဂျူးက ဆိုသည်။
KHRG ၏ အစီရင်ခံစာကို အပစ်အခတ် ယာယီ ရပ်စဲခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီမှ ၂၀၁၃ ခုနှစ် နိုဝင်ဘာ အထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ အဖွဲ့ဝင်ပေါင်း ၅၀ ကျော်က လိုက်လံ ကောက်ယူ ရရှိသည့် ဓာတ်ပုံ မှတ်တမ်း ၁၆၂ စုံနှင့်၊ မှတ်တမ်း အထောက်အထားပေါင်း ၃၈၈ ခု တို့အပေါ် အခြေခံ၍ ပြုစုထားခြင်း ဖြစ်ကြောင်း သိရ သည်။
အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း လက်နက်ကိုင် တပ်ဖွဲ့အချို့က ပြည်သူလူထုကို တိုက်ခိုက်ခြင်းနှင့် ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ အဓမ္မ ဖမ်းဆီး ထိန်းသိမ်းထားခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် အကြမ်းဖက်ခြင်း၊ အဓမ္မ ပြုကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ အဓမ္မ တပ်သားသစ် စုဆောင်းခြင်း၊ လူသတ်မိုင်းနှင့် အခြားမိုင်းများ၊ လွတ်လပ်စွာ လှုပ်ရှား သွားလာမှုကို ကန့်သတ်ခြင်း၊ အဓမ္မ အခွန်ကောက်ခံခြင်းနှင့် ငွေကြေး တောင်းခံခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာများကို ပြုလုပ်နေဆဲ ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
KHRG အဖွဲ့ကို ၁၉၉၂ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ကွင်းဆင်း သုတေသန ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာ ရေးသားခြင်းနှင့် ပြည်တွင်းပြည်ပ သတင်း ဖြန့်ဝေကာ မူဝါဒပိုင်းဆိုင်ရာ စည်းရုံး လှုံ့ဆော်ခြင်းများကို ပြုလုပ်သည့် ဒေသခံ လူထု ဦးဆောင်သော အဖွဲ့အစည်းဖြစ်သည်။
ယင်းအဖွဲ့သည် နိုဗဲလ် ငြိမ်းချမ်းရေးဆု အတွက် ၂ ကြိမ်တိုင် ရွေးချယ်ရန် လျာထားခြင်းခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် ထိုင်ဝမ် ဖောင်ဒေး ရှင်းမှ ချီးမြှင့်သည့် အာရှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆုကို ရရှိခဲ့သည်။ ဒေသတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော် ထုတ် ထောက်ပြခြင်းများကြောင့် လက်နက်ကိုင် အဖွဲ့တို့၏ ခြိမ်းခြောက်ခြင်းများကို တွေ့ကြုံခဲ့ရသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။