မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ တရှိန်ထိုး မြင့်တက်လာသဖြင့် အင်တာနက် ကော်နက်ရှင်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်ဖြစ်ပြီး လိုင်းများ ကောင်းမွန်လာရန် အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနထံမှ သတင်းရရှိသည်။
၂၀၁၃ ခုနှစ်တွင် အင်တာနက် သုံးစွဲသူမှာ ၁ သန်းခန့်သာ ရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၄ သန်းခန့် အထိ မြင့်တက်လာသဖြင့် အင်တာနက် လိုင်းကောင်းရန် အနည်ဆုံး ၃ နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်း
သုံးစွဲသူအားလုံးနီးပါးမှာ အင်တာနက်လိုင်း သုံးစွဲမှုကြောင့် အင်တာနက် ကော်နက်ရှင် လိုင်းနှေးကွေးနေရခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးသောင်းတင် က နေပြည်တော်တွင် မေလ ၁၁ ရက်နေ့က ဧရာဝတီသို့ ပြောကြားခဲ့သည်။
“အရင်တုန်းက မိုဘိုင်းဖုန်း ပေးရင် ၁၀ ရာခိုင်နှုန်းကပဲ အင်တာနက် သုံးတယ်။ အခုက မိုဘိုင်းသုံးစွဲသူ အားလုံးနီးပါးက အင်တာနက်သုံးနေတာ။ ကျနော်တို့ကတော့ ၃ နှစ်အတွင်း အင်တာနက်လိုင်း မြန်အောင် လုပ်ဖို့ ရှိတယ်။ အင်တာနက်ကို ပိုမြန်အောင် လုပ်ချင်တဲ့ ကုမ္ပဏီကို ကန့်သတ်မထားဘူး။ အင်တာနက် လုပ်ချင်တယ်လို့ လာလျှောက်ရင် ခွင့်ပြုပေးမှာ” ဟု ဒု ဝန်ကြီး ဦးသောင်းတင်က ဆိုသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲသူ ၈ သန်းခန့် ရှိပြီး လူဦးရေ ၄ သန်းမှာ အင်တာနက်ကို မိုဘိုင်းဖုန်းဖြင့် သုံးစွဲနေကြောင်း၊ အင်တာနက် မိုဘိုင်းဖုန်း ဝန်ဆောင်ပေးမည့် Ooredoo နှင့် Telenor ကုမ္ပဏီတို့က လုပ်ငန်းများ စတင်နိုင်ပါက အင်တာနက် အမြန်နှုန်း ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။
“အင်တာနက်လိုင်းက တဖြည်းဖြည်းချင်းတော့ ပိုကောင်းလာမှာပါ။ အခုက ကျနော်တို့ Supply က လိုက်တက်လာတာနဲ့ အမျှ Demand က လိုက်တက်လာတော့ အင်တာနက် နှုန်းမြန်ဖို့က ခက်တယ်။ အဲဒီနှစ်ခုက ဘယ်အချိန်မှာ ညီမျှသွားမလဲပေါ့။ တချိန်ချိန်မှာတော့ Supply က လိုချင်သလောက် ရသွားရင် အဆင်ပြေသွားမှာပါ ” ဟု ဒု ဝန်ကြီး ဦးသောင်းတင်က ပြောသည်။
အင်တာနက်လိုင်း ပိုမိုမြန်ဆန်လာစေရန် Ooredoo နှင့် Telenor ကုမ္ပဏီတို့က လုပ်ကိုင်မည် ဖြစ်သော်လည်း မြန်မာတနိုင်ငံလုံး ဖြန့်ကျက်နိုင်ရန် အနည်းဆံုံး ၅ နှစ်ခန့် အချိန်ယူရမည်ဟု နိုင်ငံတကာ လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။
“ကျနော်ဆို ဖုန်းနဲ့ အင်တာနက် သုံးတာ။ တနေကုန် သုံးလို့ မရဘူး။ ညဦးပိုင်းလည်း သုံးမရဘူး။ အင်တာနက် သုံးမယ်ဆိုရင် သန်းခေါင်ကျော်အောင် စောင့်ရတယ်။ သန်းခေါင်ကျော် လိုင်းကောင်းမှ မေးလ်ပို့စရာရှိတာ ပို့ရတယ်။ ဒါတောင် တခါတလေ လိုင်းမကောင်းလို့ မိုးလင်းတဲ့ ညတွေရှိတယ်” ဟု အင်တာနက် ပုံမှန်သုံးစွဲသူ ရန်ကုန်မြို့မှ ကိုဇေယျာစိုပြေက ပြောသည်။
အင်တာနက် သုံးစွဲရန် ပေးထားရသော ဝန်ဆောင်ခနှင့် ပြန်ရရှိသော ဝန်ဆောင်မှုမှာ လုံး၀ မမျှတဟု သူက ယုံကြည်နေသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ကလည်း Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်ရန် International ပါတနာ ကုမ္ပဏီအား ရှာဖွေလျက်ရှိပြီး မရရှိပါက Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ကြောင်း ဒု ဝန်ကြီး ဦးသောင်းတင်က ပြောသည်။
“MPT အနေနဲ့ ပါတနာ မရရင်တော့ Ooredoo နဲ့ Telenor ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အခု စပြိုင်နေရပြီ။ အပြိုင်အဆိုင် ဖြစ်လာရင် ဘယ်သူ ဘာလုပ်လို့ ပြောစရာ မလိုတော့ဘူး။ Market က ဆုံးဖြတ်ပေးလိမ့်မယ်” ဟု သူက ဆိုသည်။
ဆက်သွယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် အစိုးရက အတည်ပြု ပြဌာန်းထားပြီး နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ အပါအဝင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသူများကို ယင်းဥပဒေနှင့် လုပ်ပိုင်ခွင့်များ ချထားပေးလျက်ရှိသည်။
အစိုးရက ခွင့်ပြုထားသည့် ဆက်သွယ်ရေး မိုဘိုင်း အော်ပရေတာ ၄ ခုမှာ MPT, ရတာနာပုံ တယ်လီပို့၊ Ooredoo နှင့် Telenor Myanmar ကုမ္ပဏီတို့ ဖြစ်သည်။