သတင်း

ပုဒ်မ ၁၈ ဖျက်သိမ်းရေး တကိုယ်တော် ဆန္ဒပြသူကို ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ လုံး၀ ဖျက်သိမ်းပေးရန် ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့နယ်တွင် တကိုယ်တော် ဆန္ဒဖော်ထုတ်သည့် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးကို ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့က ပုဒ်မ ၁၈ ဖြင့် ထပ်မံ တရားစွဲဆို ထားကြောင်း သိရသည်။

ဒေးဒရဲမြို့ပေါ်ရှိ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် တရားရုံးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးများရှေ့၌ မေလ ၉ ရက်က တကိုယ်တော် ဆန္ဒ ဖော်ထုတ်ခဲ့သူ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN) မှ ဦးထွန်းထွန်းဦးအား ဒေးဒရဲမြို့မ စခန်းမှူး ဒုရဲမှူး ကျော်ဝင်းက တရားလို ပြုလုပ်ကာ တရားစွဲခဲ့ခြင်း ဖြစ်သည်။

“တကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဦးထွန်းထွန်းဦးကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။ စခန်းမှူးက တရားလို လုပ်ထားပါတယ်။ ပြစ် မှုနံပါတ်က ၅၀/၂၀၁၄ ဖြစ်ပါတယ်”ဟု ဒေးဒရဲမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

ဦးထွန်းထွန်းဦးသည် ဒေးဒရဲမြို့နယ် တောင်ဘက်ပိုင်း ကပ္ပလီပင်လယ်ဘေးရှိ ကျေးရွာများ၌ ဒီရေကာတောများ၏ အရေးပါပုံ အကြောင်းကို ယခုနှစ် မတ်လ အတွင်းက လိုက်လံ ဟောပြောမှုကြောင့် ဒေသခံရွာသား ဦးမြင့်လွင်၊ ဦးချိုလွင်နှင့် ဦးခင်ရွှေ တို့နှင့် အတူ ဒေးဒရဲမြို့နယ် ကျုံဒါး ရဲစခန်းမှ စခန်းမှူး ရဲအုပ် နိုင်မွန်ထွန်းက ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသူ ဖြစ်သည်။

ယင်းသို့ တရားစွဲဆိုခံရမှုနှင့် ပတ်သက်ပြီး ဦးထွန်းထွန်းဦးက“ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နိုင်ငံသားတွေကို လွတ်လပ်စွာ ဆန္ဒဖော် ထုတ်ခွင့် ပေးထားတယ်၊ ဆန္ဒဖော်ထုတ်တဲ့ နေရာမှာ ခွင့်ပြုချက် တောင်းရတာတို့ ငြင်းပယ်တဲ့ အခါမှာ ပုဒ်မ ၁၈ နဲ့ တရားစွဲ ခံရ တာတွေက ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီဘူး။ အဲဒီတော့ ဒီမိုကရေစီ စံနှုန်းနဲ့ ကိုက်ညီအောင် ပုဒ်မ ၁၈ ကို အပြီးအပိုင် ဖျက်သိမ်း ပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာ ယာ ရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရား အလို့ငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရေးသား ဖြန့်ဝေခွင့်နှင့် လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်များ ပြုလုပ်နိုင်ကြောင်း ပြဌာန်း ပါရှိသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက ပုဒ်မ ၁၈ ပါဝင်သည့် “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အပါအဝင် အဖွဲ့အစည်းပေါင်း ၆၀ နီးပါး ပူးပေါင်းပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ပုဒ်မ ၁၈ ကဲ့သို့သော နိုင်ငံသားများ၏ အခွင့်အရေး ထိခိုက်စေသည့် ဥပဒေများကို ပယ်ဖျက်ပေး ရန် တောင်းဆိုသော်လည်း ပြည်သူ့လွှတ်တော်က ပုဒ်မ ၁၈ ကို ပယ်ဖျက်ခြင်း မလုပ်ဘဲ ပြစ်မှုပြစ်ဒဏ်များ လျှော့ပေါ့ ပြဌာန်း ပေးခဲ့ သည်။

ပြည်သူ့လွှတ်တော်က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ အရ ၂ နှစ်ထက် မပိုသော ထောင် ဒဏ် အစား တနှစ်ထက် မပိုသော ထောင်ဒဏ်သို့ လည်းကောင်း၊ တနှစ်ထက် မပိုသော ထောင်ဒဏ် အစား ခြောက်လထက် မပို သော ထောင်ဒဏ်သို့ လည်းကောင်း၊ ခြောက်လထက် မပိုသော ထောင်ဒဏ် အစား သုံးလထက် မပိုသော ထောင်ဒဏ်သို့ လည်းကောင်း ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်တွင် ပြင်ဆင် ပြဌာန်းခဲ့သည်။

မြန်မာနိုင်ငံရှိ တရားရုံး အသီးသီးတွင် အာဏာပိုင်များ၏ ခွင့်ပြုချက် မယူဘဲ ဆန္ဒပြသူများကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားပြီး လတ်တလော တရားရင်ဆိုင် နေရသူ ၁၀၀ ကျော် ရှိကြောင်း၊ ယင်းဥပဒေဖြင့် ပြစ်ဒဏ် ကျခံနေရသူ ၃၃ ဦး အကျဉ်းထောင်များတွင် ရှိနေကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading