အမေရိကန်ပြည်ထောင်စု မွန်ထရေး၊ ဝါရှင်တန်ဒီစီနှင့် ဩစတြီးယားနိုင်ငံ ဗီယမ်နာ မြို့များတွင် အခြေစိုက်သည့် James Martin Center အဖျက်လက်နက် ပြန့်ပွားမှု လေ့လာရေးဌာနမှ သုတေသီများက မြန်မာနိုင်ငံတွင် ဓာတုလက်နက်စက်ရုံ ရှိနိုင်သည်ဟု သံသယရှိကြောင်း ထုတ်ဖော်ပြောဆို လိုက်ကြသည်။ James Martin Center သည် အမေရိကန်နိုင်ငံတွင် အကြီးမားဆုံးသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်ပြီး စွမ်းအားကြီး အဖျက်လက်နက်ပြန့်ပွားမှု ဆန့်ကျင်ရေးနှင့် ပတ်သက်၍ သင်တန်းပေးခြင်း၊ သုတေသနပြုခြင်းများ ဆောင်ရွက် နေသည့် အဖွဲ့လည်းဖြစ်သည်။
James Martin Center အဖျက်လက်နက် ပြန့်ပွားမှု လေ့လာရေးဌာနမှ အရှေ့အာရှ လက်နက် ပြန့်ပွားမှုတားဆီးရေး အစီအစဉ်၏ ဒါရိုက်တာ ဂျက်ဖရီလူးဝစ်နှင့် သုတေသန လက်ထောက် ကက် သရင်းဒေးလ်တို့က ဩဇာကြီးမားသည့် Foreign Policy မဂ္ဂဇင်း ဆောင်းပါးတစောင်တွင် “မြန်မာနိုင်ငံက စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးဌာန (ကက-ထုတ်) ကို တိုးချဲ့နေပါတယ်။ ပေါက်မြို့အနီးက စက်ရုံဟာ သာမန်ထက် ထူးခြားနေပြီး အသစ်ဖြစ်ပါတယ်။ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးဌာနက စက်မှုနယ်မြေတွေ အသစ်တည်ဆောက်နေသလို ရှိနှင့်ပြီးသား စက်မှုနယ်မြေတွေကိုလည်း အဆင့် မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းတွေ ပြုလုပ်နေပါတယ်။ ပေါက်မြို့အနီးက စက်ရုံဟာ အဖျားအနားလောက် သာ ပေါ်ထွက်နေသည့် သဲလွန်စဖြစ်ပါတယ်” ဟု ရေးသားခဲ့သည်။
ဇန်နဝါရီလအတွင်း Unity အပတ်စဉ်ထုတ် ဂျာနယ်က မကွေးတိုင်းအလယ်ပိုင်း ပေါက်မြို့နယ် တွင် ၂၀ဝ၉ ခုနှစ်ကတည်းက ဓာတုလက်နက်ပစ္စည်း များ လျှို့ဝှက်ထုတ်လုပ်နေသည့် စက်ရုံတရုံရှိကြောင်း ရေးသားဖော်ပြခဲ့သည်။ မြန်မာအစိုးရက ဂျာနယ် အုပ်ချုပ်ရေးမှူးနှင့် သတင်းထောက် ၃ ယောက်ကို ဖမ်းဆီးတရားစွဲဆိုပြီး စက်ရုံသည် သာမန်လက်နက် စက်ရုံတရုံသာဖြစ်ကြောင်း၊ ဓာတုလက်နက် ထုတ် လုပ်သည့် စက်ရုံမဟုတ်ကြောင်း ငြင်းဆန်ခဲ့သည်။
အစိုးရက အဆိုပါသတင်းနှင့် စက်ရုံနယ်မြေ၏ ဓာတ်ပုံများပါရှိသည့် ဂျာနယ်များအားလုံးကို သိမ်းဆည်းခဲ့ပြီး စာနယ်ဇင်းသမားများကို ဖမ်းဆီးအရေး ယူခဲ့သည့်ဖြစ်ရပ်ကို နိုင်ငံတကာက အာရုံစိုက်လာခဲ့ Foreign Policy မဂ္ဂဇင်းက ဝယ်ယူခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများကို အခြေခံ၍ သုတေသီများက စက်ရုံ၏တည်နေရာကို သတ်မှတ်သရုပ်ခွဲနိုင်ခဲ့သည်။ “သူ့ရဲ့အတိုင်းအတာက အံ့ဩဖို့ကောင်းပါတယ်။ သာမာန် လက်နက်ထုတ်လုပ်တဲ့စက်ရုံနဲ့ မတူတာက တော့ သေချာပါတယ်” ဟု သူတို့ကရေးသားခဲ့သည်။
ဂြိုဟ်တုဓာတ်ပုံက ဒေသခံများ ပြောပြသည့် အသေးစိတ်အချက်များကို အတည်ပြုပေးခဲ့သည်။ ပင်မဝင်ပေါက် အပါအဝင် ပတ်ဝန်းကျင်လုံခြုံရေးကို လည်း အထူးစီမံထားသည်။ အရေးကြီး ဧည့်သည် များအတွက်ဟု ယူဆရသည့် ရဟတ်ယာဉ်ကွင်းကို လည်း တွေ့ရသည်။ ထို့ပြင် အလုပ်သမားများအတွက် ဆောက်လုပ်ထားသော အိမ်များသည် စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေးဌာန၏ အခြား စက်မှုနယ်မြေ များတွင် နိုင်ငံခြားသားများအတွက် ဆောက်လုပ် ပေးသည့် အိမ်များအတိုင်း စစ်တန်းလျားသဏ္ဍာန် အဆောက်အအုံများ ဖြစ်နေသည်ဟုလည်း သိရသည်။
“စက်ရုံဟာ ဓာတုလက်နက်ထုတ်လုပ်တဲ့စက်ရုံ ဟုတ်မဟုတ် ခွဲခြားဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စက်ရုံရဲ့အရွယ်အစား၊ အသွင်အပြင်နဲ့ တည်နေရာ က သာမန် လက်နက်စက်ရုံတရုံနဲ့ ကိုက်ညီမှုတွေ မရှိပါဘူး” ဟု သုတေသီများက ရေးသားခဲ့သည်။ ၂၀ဝ၄၊ ၂၀ဝ၉ နှင့် ၂၀၁၂ ခုနှစ်တို့တွင် ဂြိုဟ်တုမှ ရိုတ်ကူးခဲ့သော ဓာတ်ပုံများကို အင်တာနက်တွင် Google Earth၊ Bing နှင့် Here စသည့် ဝက်ဘ်ဆိုက်များတွင် ရရှိနိုင်ပါသည်။
James Martin Center မှ သုတေသီများက Foreign Policy မဂ္ဂဇင်းနှင့် ပူးပေါင်းပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံများကို ဝယ်ယူခဲ့သည်။ ကောင်းကင်မှ ရိုက်ကူးသည့် ဓာတ်ပုံကို အသုံးပြု၍ ဓာတုလက်နက် ထုတ်လုပ်သည့် စက်ရုံဖြစ်ကြောင်း သတ်မှတ်နိုင်ရန် အလွန်ခက်ခဲကြောင်း သူတို့က ရေးသားခဲ့သည်။ သို့သော်လည်း စက်ရုံ၏ အရွယ်အစားနှင့် တည်နေရာက အခြား နေရာများတွင် တွေ့မြင်နိုင်သည့် သာမန်လက်နက် စက်ရုံတခုနှင့်မတူကြောင်း သူတို့ကဆိုသည်။ စက်ရုံတွင် စတုရန်းမီတာ ၂၀ဝဝဝ၀ ကျော်ကျယ်ဝန်းသည့် အလွန်ကြီးမားသော ကုန်လှောင်ရုံ ၅ ခု ပါဝင်နေ ကြောင်းလည်း သိရသည်။
အကယ်၍ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက် (CWC) ကို သဘောတူလိုက်နာရန် ကတိပြုခဲ့ပြီးဖြစ်သည့် အတိုင်း ကောင်းမွန်စွာ ဆောင်ရွက်ပါက ဓာတု လက်နက် ထုတ်လုပ်နေသည်ဟူသော စွပ်စွဲမှုများကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံက ၁၉၉၃ ခုနှစ်တွင် CWC သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့သော်လည်း လိုက်နာကျင့်သုံး အကောင်အထည်ဖော်ရန် ဆယ်စုနှစ် ၂ ခုကျော် အချိန်ဆွဲခဲ့ပြီး ကတိများကိုသာ ဆက်လက်ပေးနေခဲ့သည်။ CWC ၏လုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့မှ နည်းပညာအထောက်အကူပြု ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ တုန်းက ရောက်ရှိခဲ့သေးသည်။ ထိုအချိန် မတိုင်မီ ဒီဇင်ဘာလအတွင်းတွင် မြန်မာအစိုးရ ပြောရေးဆို ခွင့်ရှိသူ ဦးရဲထွဋ်က သဘောတူညီချက်ကို လက်ခံ ကျင့်သုံးနိုင်ရန် မြန်မာနိုင်ငံဘက်က ပြင်ဆင်မှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယူနတီဂျာနယ်၏ စွပ်စွဲချက်များပေါ်ပေါက်လာသည့် ဖေဖော်ဝါရီလ အတွင်းတွင်လည်း ဦးရဲထွဋ်ကပင် ထပ်မံကတိပြုခဲ့ပြန်သည်။
ကနဦး ကြေညာချက်ထုတ်ပြန်ရန်၊ လိုအပ် သော ဥပဒေပြုမှုများ ဆောင်ရွက်ရန်နှင့် CWC ၏ စည်းကမ်းချက်များအတိုင်း အဖွဲ့အစည်းများ ဖွဲ့ စည်းရန် အချိန်လိုအပ်သည်မှာ သေချာသော်လည်း မြန်မာနိုင်ငံက တုံ့ဆိုင်းနေပုံရသည်ဟု သုတေသီ များကယူဆကြသည်။ သဘောတူစာချုပ်ကို လိုက် နာကျင့်သုံးသည်နှင့်တပြိုင်နက် အစိုးရက ရက် ၃၀ အတွင်း ပစ္စည်းများနှင့် လုပ်ဆောင်ချက်များ အားလုံးကို CWC ၏ သတ်မှတ်ချက်များအတိုင်း ထုတ်ပြန်ကြေညာရမည်ဖြစ်သည်။ ထို့နောက် ကြေညာချက် များအားလုံးကို စုံစမ်းစစ်ဆေးခွင့် ပေးရမည်ဖြစ်သလို တောင်းဆိုလာပါကလည်း သေချာစွာ ရှင်းလင်းပြသ ရမည်ဖြစ်သည်။
ထို့ပြင် အလားတူ စိုးရိမ်ဖွယ်ရာဖြစ်သည့် စစ် လက်နက်ပစ္စည်း ထုတ်လုပ်ရေးဌာန၏ နောက်ထပ် စက်ရုံများ ရှိနေသေးကြောင်းလည်း Foreign Policy မှဆောင်းပါးတွင်ဖော်ပြထားသည်။ မင်းဘူး မြို့အနီးမှ စက်ရုံတခုကို မြောက်ကိုရီးယားအထောက် အပံ့ဖြင့် အမျိုးအစား မခွဲခြားနိုင်သည့် ဒုံးပျံများ ထုတ်လုပ်နေသည့် စက်ရုံတခုဟု အမေရိကန်နိုင်ငံက ယုံကြည်ထားသည်။
မြန်မာနိုင်ငံက ပိုမိုပွင့်လင်းသည့် လူ့အသိုင်း အဝိုင်းတခုသို့ ဦးတည်သွားလိမ့်မည်ဆိုသော မျှော် လင့်ချက်များဖြင့် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို ဆက်ဆံခဲ့ခြင်းအားလည်း James Martin Center မှ သုတေသီများက ထောက်ပြသည်။
“စစ်အုပ်ချုပ်ရေးကိုဖြေလျှော့ပေးတာ၊ အတိုက် အခံတွေကို ပြန်လွှတ်ပေးတာ စတဲ့ လုပ်ငန်းစဉ်တွေ နဲ့အတူ မြောက်ကိုရီးယားကို မြန်မာဗိုလ်ချုပ်ကြီးတွေ ရှောင်တော့မယ်လို့ထင်ခဲ့ကြတယ်။ သမ္မတအိုဘားမား အစိုးရက မြောက်ကိုရီးယားနဲ့ ဆက်သွယ်မှုနဲ့ တရား မဝင် လက်နက်ဝယ်ယူမှု အစီအစဉ်တွေကို အဆုံး သတ်မယ်လို့ မြန်မာနိုင်ငံကပေးခဲ့တဲ့ ကတိတွေကို ယုံကြည်ချင်နေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောက်ကိုရီးယားနဲ့ ဒုံးပျံအရောင်းအဝယ်ကိစ္စတွေ၊ မြန်မာနိုင်ငံရဲ့ နျူကလီးယားနည်းပညာ စိတ်ဝင်စား မှုနဲ့ ပတ်သက်တဲ့ အဖြေမပေးနိုင်တဲ့မေးခွန်းတွေရှိနေ ပေမယ့် အမေရိကန်တာဝန်ရှိသူတွေက လက်နက် ပြန့်ပွားမှုတားဆီးရေး ပြဿနာမှန်သမျှကိုဒီမိုကရေစီ တည်ဆောက်ရေးကဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်နေကြတယ်။ ဒါပေမယ့် ပေါက်မြို့နားမှာ ဖြစ်ခဲ့တာ တွေက အမေရိကန်အစိုးရ မှားနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။ စစ်လက်နက်ပစ္စည်း ထုတ်လုပ် ရေးဌာနက သူတို့ စက်ရုံတွေကိုတည်ဆောက်ဖို့ ပြည်သူတွေရဲ့လယ်မြေတွေကို သိမ်းယူနေပြီးတော့ အစိုးရကလည်း စုံစမ်းခြင်းမခံရအောင် သတင်း ထောက်တွေကို ဖမ်းဆီးနေတဲ့ အခြေအနေမျိုး ရှိနေ သမျှ မြန်မာနိုင်ငံမှာ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတခု အမြစ်တွယ် အခြေချနိုင်မှာ မဟုတ်ပါဘူး” ဟု သုတေသီများက ရေးသားခဲ့သည်။