မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ မြန်မာ နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ အမည်မသိ လက်နက် ကိုင် တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးကြောင်း သိရသည်။
အမည်မသိ လက်နက်ကိုင်အဖွဲ့သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြို မြို့နယ်ခွဲ နယ်စပ်တွင် ကာရံထားသည့် ခြံ စည်းရိုးကိုဖြတ်ကျော်ပြီး မေလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ဝန်းကျင်တွင် ဝင်ရောက်လာစဉ် နယ်ခြား မှတ်တိုင် အမှတ် ၃၉ အနီး၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုကြောင့် ထိုအဖွဲ့မှ လူ ၂ ဦး သေဆုံးသည်ဟု စုံစမ်းသိရှိရကြောင်း၊ မြန်မာ လုံခြုံရေးအဖွဲ့မှ ထိခိုက်ဒဏ်ရာမှု မရှိကြောင်း မောင်တော ခရိုင် ရဲတပ်ဖွဲ့မှ ဒု ရဲမှူးကြီး ရွှေသန်း က ဧရာဝတီကို ပြော သည်။
“နာရီဝက်လောက် ပစ်ခတ်ပြီးတော့ သူတို့က ဘင်္ဂလားဘက် ဝင်ပြေးသွားတယ်၊ ကျနော်တို့ စုံမ်းသိရတာကတော့ အဲဒီ အကြမ်းဖက် အဖွဲ့ထဲက အရာရှိအဆင့် တဦးကျတယ်၊ ၂ ဦး ဒဏ်ရသွားတဲ့အထဲက တဦး ထပ်သေတယ်လို့ ကြားတယ်၊ ဒဏ်ရာ ရသူထဲက တဦးက ပါကစ္စတန်နိုင်ငံမှာ ဖောက်ခွဲရေး သင်တန်းတက်ပြီး ပြန်လာသူလို့ သိရပါတယ်”ဟု ၎င်းက ဆို သည်။
ယင်း လက်နက်ကိုင် အဖွဲ့အား မည်သည့်အဖွဲ့ဟု အတိအကျ မပြောနိုင်သော်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှုပ်ရှားနေ သည့် RSO (Rohingya Solidarity Organization ) အဖွဲ့ဟု ယူဆရကြောင်း၊ နယ်စပ်တွင် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ဟူ၍ ထိုအဖွဲ့သာရှိကြောင်း ဒု ရဲမှူးကြီး ရွှေသန်း က ဆက်ပြောသည်။
၎င်းက“မေလ ၁၃ ရက်ဟာ ကဆုန်လပြည့်နေ့ဖြစ်ပြီးတော့ အဲဒီအကြမ်းဖက် အဖွဲ့ရဲ့အမျိုးသားနေ့ လို့လည်း သိရတယ်၊ အဲဒါ ကြောင့် အဲဒီရက်မှာ ကျနော်တို့ရဲ့ နေ့ထူးနေ့မြတ်ကို ပျက်ပြားစေပြီး၊ သူတို့အောင်ပွဲအတွက် တိုက်ခိုက်တာလို့ ထင်တယ်” ဟုလည်း ပြောဆိုသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ခြံစည်းရိုး ကာရံနေသည့် တပ်ဖွဲ့ တချို့ရှိသော်လည်း တချို့သော နေရာများတွင် လုံခြုံရေး မ ရှိကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် တောင်ပြိုမြို့နယ်ခွဲတွင် ဒေသခံ တိုင်းရင်းသား ကျေးရွာ တချို့ ရှိကြောင်း၊ ထို ဒေသရှိ တိုင်းရင်းသားများ အတွက် လုံခြုံရေး အခြေအနေ စိုးရိမ်နေရကြောင်း သိရသည်။
“ပစ်ခတ်မှု ဖြစ်တာက အောင်သပြေရွာနဲ့ဗန္ဓုလ ကျေးရွာအကြားမှာ ဖြစ်တာပါ၊ ခဏလေးပဲ ဖြစ်တာပါ၊ နယ်စပ် လုံခြုံရေး ယူ ထားတဲ့ ရဲတပ်ဖွဲ့တွေ ရှိပေမယ့် ဘင်္ဂလားဘက် အခြမ်းက အလွယ်တကူ ဝင်ရောက် အန္တရာယ်ပြုနိုင်တဲ့အတွက် ဒေသခံတွေ က နေ့တိုင်း စိုးရမ်မှုတွေနဲ့ နေထိုင်နေကြရပါတယ်”ဟု တောင်ပြို ဒေသခံ တဦးက ပြောသည်။
မောင်တော ခရိုင် အာဏာပိုင်များနှင့်ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများကမူ လုံခြုံရေး အပြည့်အ၀ ဆောင်ရွက်ထား ကြောင်း ပြောဆိုသည်။
မောင်တောမြို့ခံ ဦးဘရွှေ ဆိုသူက မြန်မာဘက် အခြမ်း၌ တာဝန်ယူထားသည့် တပ်ဖွဲ့ တချို့နှင့် နယ်စပ်တလျှောက်၌ လုံထိန်း တပ်ဖွဲ့တို့က သက်ဆိုင်ရာ စခန်းအလိုက် နေရာယူ ထားကြကြောင်း၊ သို့သော် တာဝန် ယူထားသည့် တပ်ဖွဲ့ဝင်များ အနေဖြင့် ဘင်္ဂါလီစကားကို နားမလည်ကြသည့် အတွက် အခက်အခဲရှိသည်ဟု သိရကြောင်း ဧရာဝတီ ကို ပြောသည်။
“ဘင်္ဂါလီစကား နားမလည်တော့ ဒေသ အခြေအနေတွေကို နားမလည်၊ ဒီတော့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ဖြစ် နေတော့ လုံခြုံရေးက လုံး၀ စိတ်ချလို့ မရဖြစ်နေတယ်၊ ခြံစည်းရိုး ကာထားတာကလည်း အဖြစ်သဘောလောက်ပဲ ရှိပါတယ်” ဟု ဦးဘရွှေ က ဆိုသည်။
ယခုလ ၃ ရက်နေ့ကလည်း နယ်စပ်မှဝင်ရောက်လာသည့် လက်နက်ကိုင် အုပ်စုတခုက မောင်တောမြို့နယ်ရှိ သင်္ဘော ကွေ့ ဘင်္ဂါလီ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာနှင့် မိသားစုဝင် ၄ ဦး အသတ်ခံ ခဲ့ရသေးသည်။