Politics

အစိုးရနှင့် ဖက်ဒရယ် စနစ် အဓိက ဆွေးနွေးမည်ဟု တိုင်းရင်းသားများ ပြော

This article has been converted from Zawgyi One to Unicode

အစိုးရနှင့် ထပ်မံ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဖက်ဒရယ် စနစ်နှင့်ပတ်သက်ပြီး အဓိက ဆွေးနွေး ညှိုနှိုင်းမှုများ ပြုလုပ်သွားရန် စီစဉ် ထားကြောင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိုနှိုင်းရေး အဖွဲ့(NCCT)က ပြောသည်။

လာမည့် မေ၂၁ ရက်တွင် အစိုးရနှင့် တွေ့ဆုံမည် ဖြစ်ပြီး ဆွေးနွေး တင်ပြမည့် ဖက်ဒရယ် စနစ်နှင့် ပတ်သက်၍ လက်ရှိတွင် တပ် မတော်ဘက်မှ သဘောတူ လက်ခံနိုင်ခြင်း မရှိသေးသည့်အတွက် တိုင်းရင်းသားများ လက်ခံထားသည့် ဖက်ဒရယ်မူ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေး စသည့် အချက်များကို အသေးစိတ် ဆွေးနွေးရန် ရည်ရွယ်ထားကြောင်းဟု NCCT ၏ အပစ်အခတ် ရပ် စဲရေး မူကြမ်း ရေးဆွဲရေး အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“အခုချိန်အထိက သမ္မတကြီးက ပြောနေတဲ့ ဖက်ဒရယ် စနစ်ကို တပ်ဘက်က မငြင်းဘူး၊ ဒါပေမယ့် လက်ခံလား ဆိုတော့ လက်မခံ သေးဘူး၊ သူတို့ နားလည်ဖို့ ခက်နေသေးတယ်၊ ဒီအပိုင်းတွေကို လိုက်ပြီး တိုင်းရင်းသားတွေ သဘောက ဒါပါ ဆိုတာကို အသေး စိတ် ပြောပြမယ်လို့ စဉ်းစားထားတယ်။ အခုချိန်အထိက စကားအသုံးအနှုန်းတွေ အပေါ်မှာ ညှိနှိုင်း နေရတာကလည်း မပြတ်သေး ဘူး”ဟုလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုသည်။

အစိုးရဘက်မှ လက်ရှိတွင် ဖက်ဒရယ် စနစ်နှင့် ပတ်သက်ပြီး အပစ်အခတ် ရပ်စဲအပြီး နိုင်ငံရေး ဆွေးနွေးပွဲမှသာ ထည့်သွင်း ဆွေးနွေးရန် လိုလားလျက်ရှိရာ နှစ်ဘက် အယူအဆပိုင်းဆိုင်ရာ ကွဲလွဲလျက် ရှိနေသေးကြောင်း သိရသည်။

“သမ္မတကြီး ကိုယ်တိုင် ပြောပါတယ်။ တိုင်းပြည် အချုပ်အချာ မပျက်ဘူး။ မခွဲထွက်ဘူး ဆိုရင် ဘာမဆို လက်ခံမှာပါ။ ဖက်ဒရယ် စနစ်က လက်မခံတာ မဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ ပြောထားပြီးသားပါ”ဟု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။

အပစ်အခတ် ရပ်စဲရေး မူကြမ်းထွက်ရှိရန် ဆွေးနွေး ညှိနှိုင်းချက်ပေါင်း ၁၀၀ ကျော်ရှိသည့် အနက် ၇၀ ကျော်ကို သဘောတူထားပြီး အချက် ၅၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

ဆွေးနွေးရန် ကျန်နေသေးသည့် အချက် ၅၀ ကျော်မှာ ဖက်ဒရယ် စနစ်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီရေး စသည့်အချက်များကို အခြေခံထားသော အချက်များဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းတွင် မေလ ၁၃ ရက်က စတင်ကျင်းပ သည့် ငြိမ်းချမ်းရေး ဆွေနွေးပွဲသို့ တက်ရောက်လာသူများ က ပြောသည်။

“ဒီနေ့ ဆွေးနွေးမှုတွေက လိုင်ဇာကို တက်ပြီး မူကြမ်းမှာ ဘယ်လိုတွေ ရှိမလဲ၊ ဘယ်နေရာမှာ ဆွေးနွေးလို့ ရမလဲ။ ဝေါဟာရပိုင်း ရော၊ မူဝါဒပိုင်းကိုပါ ချပြဖို့အတွက် သက်ဆိုင်ရာ အဖွဲ့တွေကို ချပြမှာပေါ့။ ဘယ်လောက် လုပ်နိုင်သလဲ ဆိုတာ စုစည်း တင်ပြတဲ့ သဘောပါ၊ ဘာတွေ ပါမလဲ၊ ဒါတွေကို အားလုံး စုစည်း ချပြတာပါ”ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးမှ ဥက္ကဌ တားအိုက်ဖုန်းက ပြောသည်။

တိုင်းရင်းသားများဘက်မှ နိုင်ငံရေး ဆွေးနွေးပွဲ တိကျစွာ လုပ်ဆောင်နိုင်ရေး အတွက် အပစ်အခတ် ရပ်စဲရေး မူကြမ်းတွင် ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုပါ ထည့်သွင်းလိုသော်လည်း အစိုးရပိုင်းမှ အဆိုပါ အချက်ကို လက်ခံရန် ခက်ခဲနေသေးကြောင်း NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

“အဓိက ကတော့ တပ်ဘက်ပေါ့၊ ဦးအောင်မင်းတို့နဲ့ အရင်က ဆွေးနွေးထားတာ တော်တော်လေး ပြေလည်မယ့် သဘော ရှိတယ်။ သမ္မတကြီး ကိုယ်တိုင်၊ လွှတ်တော်မှာကိုက ယေဘုယျ သဘောအရ လက်ခံနေတယ်။ ဖက်ဒရယ်ကို လေ့လာတယ်။ တကယ်ဆွေးနွေးတော့ တပ်ဘက်က ဒါကို လက်ခံနိုင်ခြင်း မရှိဘူး။ တပ်က ပြောတာက အခု အတည် ဖြစ်နေတဲ့ ဥပဒေ လက်ခံရမယ်။ နောက်၂၀၀၈ ဖွဲ့စည်းပုံ လက်ခံရမယ် ဆိုတာတွေ ဖြစ်နေတော့ မလွယ်ဘူး ဖြစ်နေတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ဆွေးနွေးမှုများအပြီး အစိုးရနှင့် တိုင်းရင်းသားများ အကြားတွင် ပြည်ထောင်စု စနစ်နှင့် ဖက်ဒရယ်စနစ်ဟူ၍ နှစ်ဖက် ကွဲလွဲနေမှုများ ရှိနေပြီး အစိုးရပိုင်းက လက်ခံနေသည့် စနစ် အပေါ်တွင် အသေးစိတ် မေးမြန်းညှိနှိုင်းရန် ယခုလာမည့် ဆွေးနွေးပွဲတွင် စီစဉ်ထား သည်ဟု သိရသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “သူတို့ဘက်က ဘယ်လို ဖက်ဒရယ် စနစ် လက်ခံလည်း ဆိုတာ မေးကြည့် ရမှာပေါ့။ အခုက သူတို့က အဲဒါနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းကို လက်မခံတော့ မူက ဆွေးနွေးဖို့ လိုနေသေးတာပေါ့။ သူတို့ဘက်က ဝေါဟာရ ဆိုတာထက် တကယ့် မူပိုင်းကို လက်မခံတာလို့ ယူဆရတယ်။ သူတို့ဘက်က စစ်မှန်တဲ့ ပြည်ထောင်စုလို့ ပြောရင် တိုင်းရင်းသားတွေဘက်က ဝေါဟာရကို မငြင်းပါဘူး”ဟု ပြောသည်။

ဝေါဟာရပိုင်း အနေဖြင့် လက်ရှိတွင် ညှိနှိုင်းမှုများ ရှိနေသေးကြောင်း၊ အဓိကအားဖြင့် ဖက်ဒရယ် ဆိုသည့် စကားနှင့် ပတ်သက်၍ ဝေါဟာရပိုင်းကို ပိုမိုညှိနှိုင်း နေရကြောင်း၊ အခြေခံမူ ညှိနှိုင်းရေးကို ဆက်တက်ရန် ခက်ခဲနေကြောင်း ၎င်းက ဆိုသည်။

“အခုတခေါက်ကို အဓိပ္ပာယ် ဘယ်လိုဖွင့်လဲ ဆိုတာကို နားလည်အောင် ပြောမှ သူတို့က တိုင်းပြည်က ခွဲမထွွက်မှာ ဆိုတာကို နား လည်အောင် လုပ်နိုင်မယ်။ ဒီစကား အနက်ကို မငြင်းနိုင်အောင် အတိအကျ ဖွင့်ဆို ပေးသွားမယ်။ သူတို့ လက်ခံအောင်ပေါ့”ဟု လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆက်ပြောသည်။

ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို မေလ ၁၃ ရက်က စတင်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းတွင် ကျင်းပလျက်ရှိရာ ယနေ့ ဆိုလျှင် ၃ ရက်မြောက် ဖြစ်သည်။ ဆွေးနွေးပွဲသို့ အစိုးရအဖွဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ၊ တိုင်ရင်း သား လက်နက်ကိုင် အဖွဲ့များ၊ ကုလသမဂ္ဂ နှင့် တရုတ် နိုင်ငံမှ သံတမန် တချိူ့လည်း တက်ရောက်ခဲ့ကြသည်။

Loading