ရှစ်လေးလုံး ကာလက အဓိက အားပေးပါတယ်ဆိုတဲ့ မိသားစု အိမ်တွေကလည်း သူတို့အိမ်တွေမှာ ဧည့်သည် အဖြစ်တောင် လက် ခံ လိုတဲ့ ဆန္ဒ မရှိကြပါဘူး။ ဒါကလည်း သူတို့ကို အပြစ်မပြောသာပါဘူး။ သူတို့မှာ ကျနော်တို့နဲ့ ပတ်သက်ပြီး အဖမ်းခံလိုက်ရရင် သူတို့ဘဝ၊ သူတို့မိသားစုဘဝတွေ ပျက်စီးသွား နိုင်ပါတယ်။ နောက်ဆုံးတော့ ကိုမျိုးမင်းအိမ်မှာပဲ ကျနော်တို့ဟာ တောတွင်း ကျောင်းသားတွေအဖြစ်ကို ဖုံးကွယ်ပြီး နယ်က သူငယ်ချင်းတွေအဖြစ် သူ့မိဘတွေကို ပြောဆိုပြီး နေထိုင်ခဲ့ကြတယ်။
ကံမကောင်းစွာ အခက်အခဲတွေ ထပ်ကြုံရတာက ကိုမြင့်ဆွေနဲ့ ကိုမြင့်စိုးတို့ဟာ ငှက်ဖျားရောဂါ ထပ်မံခံစားရပြီး အသည်းရောင် အသားဝါ ရောဂါပါ ဖြစ်နေတော့ ဆေးကုသရေး၊ ဆေးခန်းသွားပြရေး ကိစ္စတွေ ပေါ်လာပါတယ်။ နောက်ဆုံးတော့ ဆရာဝန်မ တဦး ရဲ့ ဆေးကုသပေးမှုကို အိမ်မှာပဲ စီစဉ်ပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် လုပ်ရမယ့်အလုပ်တွေအတွက် ချောမွေ့မှုတွေ မရှိလာဘဲ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေတဲ့ အခြေအနေကြောင့် ကိုမြင့်ဆွေနဲ့ ကိုမြင့်စိုးကို ပိန်းဇလုပ်နယ်က KNU နယ်မြေမှာ ကျန်းမာရေး ကောင်းတဲ့ အခြေအနေတခုအထိ နေဖို့ ပြန်ပို့ပေးခဲ့တယ်။
ဒီလိုနဲ့ ရန်ကုန်မှာ ကျနော်လည်း တကိုယ်တော် လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီဆုံးဖြတ်ချက်နဲ့ အတူ ပေးလာမယ့် အခွင့်အရေး တခုကို ရှာဖွေပြီး ငယ်ရွယ်သူတဦးပီပီ စွန့်စားဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် မအောင်မြင် တဲ့ အော်ပရေးရှင်း ဖြစ်နေပြီး စိတ် အကြပ်ရိုက်ခဲ့ရတယ်။
တော်လှန်ရေး စိတ်ဓာတ်ပြင်းထန်နေတဲ့ ကိုမြင့်ဆွေနဲ့ ကိုမြင့်စိုးဟာ ကျန်းမာရေး ကောင်းတဲ့တနေ့မှာ ရန်ကုန်ကို ပြန်ဆင်းလာခဲ့ကြ တယ်လို့ နောက်မှ သိရတယ်။ အဲဒီလို သိလိုက်ရချိန်ကတော့ တနေ့မှာ ကျနော် နေထိုင်တဲ့ ဗဟန်းမြို့နယ် ရွှေတောင်ကြားထဲ က ကိုမျိုးမင်းရဲ့ အိမ်ရှေ့ကို အဝင်၊ သံတံခါးနားမှာပဲ ကား ၄၊ ၅ စီးနဲ့ လက်နက်ကိုင်အရပ်ဝတ် စစ်ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီး မှုခံလိုက်ရပြီး နောက်မှာပါ။
အရပ်ဝတ် စစ်ထောက်လှမ်းရေးတွေက အင်းလျားမြိုင်လမ်းက ကိုမျိုးမင်းခြံတံခါးဝမှာ တံခါးအဖွင့်ကို စောင့်နေခိုက် ကားတွေပေါ်က လူတအုပ် ခုန်ဆင်းသံနဲ့ တဆက်တည်း ကျနော့်လက်ကို ဖမ်းဆုပ်သူက ဖမ်းဆုပ်၊ ချုပ်သူက ချုပ်၊ ခန္ဓာကိုယ်ပေါ် လက်နက်ပါ၊ မပါ စစ်သူက စစ်၊ နားထင်နဲ့ ရင်ဘတ်ကို သေနတ်နဲ့ ထောက်သူက ထောက်ပြီး “အောင်နိုင် မင်းကို ဖမ်းတယ်” လို့ ပြောလာပါတယ်။
စစ်ကြောရေး စခန်းသို့
ကျနော်က “အောင်နိုင်” မဟုတ်ကြောင်း ငြင်းဆိုနေစဉ်မှာပဲ တဆက်တည်း ကျနော့်မျက်နှာကို တစုံတခုနဲ့ တင်းကျပ်နေအောင် စည်းပြီး လက်ကို နောက်ပြန်ချုပ်ကာ ကားတစီးပေါ်ကို အတင်းဆွဲ တင်တယ်။
ပတ်ဝန်းကျင်က စကားပြောစက် ကိုင်ထားသူတွေကလည်း ကျနော့်ကို လက်ရဖမ်းမိပြီလို့ စကား ဝှက်တွေနဲ့ သတင်းပို့မှုတွေ အဆက်မပြတ်ကြားနေရတယ်။
ကားပေါ်ရောက်ကတည်းက ကျနော့်ကို ကားရဲ့ ကြမ်းပြင်ပေါ် ခြေတွေနဲ့နင်းပြီး ဖိထားလိုက်တာ ၁ နာရီ လောက်ကြာတော့ ကား က အကွေ့အပတ်တွေ မောင်းပြီး ရပ်သွားတယ်။ ကားပေါ်က အတင်းဆွဲချပြီး အခန်းငယ်တခုဆီ ရောက်လာခဲ့တာ သတိထားမိ တယ်။
အဲဒီနောက် ကျနော့်ကိုယ်ခန္ဓာ တကိုယ်လုံးပေါ် သေနတ်ဒင်တွေနဲ့ ထုထောင်းကြ၊ စစ်ဖိနပ်နဲ့ ကန် ကြ၊ လက်သီးတွေ၊ ဒူးတွေ၊ တံတောင်တွေနဲ့ တရစပ် ထုနှက် ထိုးကြိတ်တာ ခံရတယ်။ လက်နောက်ပြန် ကြိုးတုပ်ထားတဲ့ ကျနော့်ကို စစ်ထောက်လှမ်းရေးတွေက လက်စွမ်းခြေစွမ်း ပြကြတယ်။
စစ်ကြောရေးမှာ စစ်ထောက်လှမ်းရေးတွေ ကနဦး အဓိက သိချင်တာက ကျနော်တို့ ၃ ဦး ဟာ ABSDF ဘယ်တပ်ရင်း ကလဲ၊ ဘာတာဝန်လဲ ဆိုတာက စပြီး ဘယ်က ဘယ်လို စီစဉ်ပြီး ဘာတွေ လုပ်မယ်၊ လမ်းခရီးတလျှောက် ဘာတွေ လုပ်တယ်၊ ရန်ကုန်ကို ဘယ်တုန်းက ရောက်ပြီး ဘာတွေ လုပ်သလဲ၊ လက်နက် ပစ္စည်းတွေ ဘယ်လောက်ပါလာ သလဲ၊ ဘယ်မှာလဲဆိုတာ မေးတယ်။
ကျနော်ကလည်း ဘာပစ္စည်းမှ မပါတဲ့ အကြောင်း အခိုင်အမာ ပြောဆိုတယ်။ ဒါပေမယ့် မရပါဘူး။ ထူးဆန်း အံ့ဩစွာပဲ ကျနော်တို့ KNU လက်နက် တိုက်ကနေ သယ်ယူလာခဲ့တဲ့ ပစ္စည်းအမျိုးအမည်တွေနဲ့ အရေအတွက်တွေကို စစ်ထောက်လှမ်းရေးတွေက သိ နေတာပါပဲ။
သေနတ်ဒင်နဲ့ မျက်နှာကို ရိုက်ရင်း သူတို့ သိချင်တဲ့ အချက်အလက်တွေကို စစ်ကြ၊ မေးကြ။ ကျနော်ကလည်း စကားတွေ ဗလုံးပထွေးနဲ့ သွေး တွေထွက်လာ။ သတိလစ်။ ဝေဒနာက ကြီးလွန်းတော့ ဘာဆို ဘာမှမသိတော့။ နောက်မှ သွားတွေကျွတ်သွားတာ သိရတယ်။
ဒီလိုနဲ့ စစ်ကြောရေးစခန်းထဲမှာ ရေငတ်လို့ အိမ်သာထဲက ရေသောက်ရတာ၊ စစ်ကြောလာသူတွေ တယောက်နဲ့ တယောက် အကြား ခဏလေး နားခိုက်မှာ ဖိနပ်ကို ခေါင်းခုပြီး အချိန်ရခိုက် အိပ်ရတာ အရသာရှိလိုက်တာ။
အိပ်လို့ အရသာအလွန်ရှိနေတဲ့ နေ့မှန်းမသိ၊ ညမှန်းမသိ အချိန်တချိန်မှာ နတ်ဆိုးတံခါးဖွင့်သံနဲ့ အတူ စစ်ထောက်လှမ်းရေး အုပ်စု လိုက်ကြီး ရောက်လာပြီး အခန်းထဲက ဆွဲထုတ်သွားတယ်။ ပြီးတော့ ကားပေါ်တင်ပြီး ကျနော့်ကို ဖမ်းခဲ့တဲ့ နေရာကို ပြန်ခေါ်သွားခဲ့တယ်။
ကိုမျိုးမင်းရဲ့ အိမ်ရှေ့မှာ ကားကို ရပ်ပြီး စစ် ထောက်လှမ်းရေးတွေက ကိုမျိုးမင်းတို့ မိဘတွေကို မေးစမ်းမှုတွေ လုပ်နေတာ မြင်နေ ရတယ်။ ကိုမျိုးမင်း မိဘတွေနဲ့ မိသားစုတွေမှာ ကျနော်တို့ကြောင့် အခု အပူမီးတွေ ကူးစက် ခံနေရတာကြည့်ပြီး ရင်ထဲ အတော် စိတ် မကောင်းဖြစ်ရတယ်။
ဒီ မိသားတစုလုံးက ရှစ်လေးလုံး ကာလတလျှောက် တအိမ်လုံးက ကားကအစ ငွေအား၊ လူ အားနဲ့ ရှစ်လေးလုံး ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန် အစရှိတဲ့ ဗကသ ပြန်လည်ဖွဲ့စည်းရေး ကော်မတီက ကျောင်းသား လူငယ်တွေကို အကူအညီပေးခဲ့သူတွေ ဖြစ်ပါတယ်။
မကြာသေးခင်ကပဲ ကိုမျိုးမင်းဟာ အကျဉ်းထောင်ထဲ၊ စစ်ကြောရေး စခန်းတွေထဲက နှိပ်စက်မှု ဒဏ်တွေ၊ ရင်ဆိုင်ရတဲ့ စိတ်ဆင်းရဲ စရာ အခြေအနေတွေကြောင့် မထင်မှတ်ဘဲ ရုတ်တရက် ကွယ်လွန် သွားခဲ့ရတယ်။
စစ်ကြောရေးစခန်းမှာ စစ်ထောက်လှမ်းရေး တွေက ဗျူဟာအမျိုးမျိုး သုံးကြပါတယ်။ အကြမ်း နည်းနဲ့ နှိပ်စက် ရိုက်နှက်တာမျိုး ရှိသလို၊ အနုနည်းနဲ့ ချော့မော့ ပြောဆိုတာမျိုးလည်း ရှိပါတယ်။ မေးခွန်း တွေကတော့ လုံးဝ အတူတူပါပဲ။ အဖန် တလဲလဲ အကြိမ်ကြိမ် လူခွဲပြီး မေးလေ့ရှိတာ စစ်ထောက်လှမ်းရေးတွေရဲ့ လုပ်နည်း လုပ်ဟန်တခု ဖြစ်သလို သွေးခွဲ နည်းတွေ၊ သိမ်းသွင်းနည်းတွေလည်း လုပ်ကြပါတယ်။
ဒီလို စစ်ထောက်လှမ်းရေးတွေရဲ့ နည်းပရိယာယ် တွေကို အမြန်ဆုံးကျော်လွှားပြီး မြန်မြန် ပြစ်ဒဏ်ချဖို့၊ မြန်မြန် ထောင်ကို ရောက် ဖို့ စိတ်က စေ့ဆော်နေလေ့ ရှိပါတယ်။
စစ်ထောက်လှမ်းရေးတွေ လက်သုံးစကား တခုလည်း နားစွဲနေပါသေးတယ်။ ဘာတဲ့။ “တပ်မတော်ရဲ့ သဘောထား အမှန်ကို သိပြီ လား” တဲ့။
အဲဒီလိုပြောပြောပြီး ရိုက်ကြ၊ နှက်ကြ၊ ထိုးကြ၊ ကြိတ်ကြ၊ ကန်ကြ၊ ကျောက်ကြ။ ကျနော်ကတော့ နာရင်း၊ ကျင်ရင်း ဝေဒနာတွေ ခံစားရင်း၊ မြတ်စွာ ဘုရား အဆုံးအမဖြစ်တဲ့ သူ့သဘော သူဆောင်တယ်လို့ သဘောထား လိုက်တယ်။ တကယ်တမ်း အဲဒီ စိတ်ဖြစ်ဖို့ အတော် မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် အဖန်တလဲလဲ စိတ်ကို အဲဒီလို သဘောထားရှိဖို့ ကြိုးစားရင်း ထူးထူးဆန်းဆန်းပဲ သူတို့ပြုသမျှ နှိပ်စက်၊ ရိုက်နှက်ချက်တွေက ဘယ်လိုမှ မခံစားရတော့သလို ဖြစ်လာတယ်။
ဒဏ်ရာတွေ များလွန်တော့ ဝေဒနာတွေ ထူပြီး ထုံသွားတာမျိုးလည်း ဖြစ်နိုင်သလို တကယ်ပဲ စိတ်က ဒဏ်ရာ ဗရပွနဲ့ ခန္ဓာနဲ့ သီးခြား ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ တချိန်က တောင်ပုလု၊ မဟာစည်၊ တန့်ကြည့်တောင် စတဲ့ တရားစခန်းတွေ ဝင်ခဲ့ စဉ်တုန်းက ရခဲ့တဲ့ အတွေ့အကြုံ အထောက် အပံ့တွေလည်း ဖြစ်နိုင်ပါတယ်။
စစ်ကြောရေးခန်းထဲ နားမခံသာစရာ အဖြစ် ဆုံးကတော့ ကျနော်တို့ကို သုံးနှုန်းတဲ့ စကားလုံးတွေ ပါပဲ။ ကရင်ပြည်နယ် KNU နယ်မြေက လာခဲ့တာ ဖြစ်လို့ ကရင် ငပွေးတွေရဲ့ ပဉ္စမံတပ်သားတွေ၊ ၈ လေးလုံးအရေး တော်ပုံက ပေါက်ဖွားခဲ့သူ ဖြစ်လို့ လူမျိုးခြားနဲ့ယူတဲ့မိန်းမ (ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြောဆို) ရဲ့ ဝမ်းမနာသားတွေ၊ တိုင်းပြည်ဖျက် အမျိုးယုတ်တွေဆိုတဲ့ စကားလုံး တွေနဲ့ မအေ၊ နှမ နားမခံနိုင်အောင် ပြောဆိုကြတဲ့ စကားလုံးတွေ ပါပဲ။
KNU ဌာနချုပ် မာနယ်ပုလောက ထွက်လာကတည်းက ကိုယ့်ယုံကြည်မှုနဲ့ကိုယ် အမဲသားစားတာကို ရှောင်ထားခဲ့လို့ စစ်ကြောရေး စခန်းက ကျွေးတဲ့ အမဲသားဟင်းနဲ့ ထမင်းကို ငြင်းပယ်ခဲ့လို့ အတော် အရိုက်ခံလိုက်ရသေးတယ်။ ရိုးရိုးပဲ အဲဒီလို ပြောပြတာကို လက် မခံခဲ့ကြဘဲ ရိုက်ကြ၊ နှက်ကြပေါ့။ ဘာ တတ်နိုင်မှာလဲ။
စစ်ကြောရေးမှာ နှိပ်စက်ခံရတယ် ဆိုပေမယ့် တချို့ စာအုပ်တွေထဲ ဖတ်ဖူးသလို၊ ရေဒီယို အင်တာဗျူးတွေထဲ ကိုယ်တွေ့ဆိုတာ တွေ ပြောကြသလို ကြွက်ကန်ထဲ ထည့်တာတို့၊ လက်သည်း ပလာယာနဲ့ ဆွဲချွတ်တာမျိုးတော့ ကံကောင်းထောက်မလို့ ထင်ပါရဲ့၊ ကိုယ့် အလှည့်မှာတော့ မခံခဲ့ရပါဘူး။ ဒါပေမယ့် ညာဘက် ခြေထောက်ကို တက်နင်းပြီး လှန်ချိုးခဲ့လို့ လမ်းကောင်းကောင်း မလျှောက် နိုင်ခဲ့တာတော့ ဖြစ်ခဲ့တယ်။
စစ်ကြောရေးစခန်းထဲမှာ ရသမျိုးစုံ ရှိပါတယ်။ ကြောက်စရာတွေလည်း ကြုံရသလို၊ ရယ်စရာတွေ၊ ပျော်စရာတွေလည်း ကြုံရတယ်။ ကိုယ် အကြိမ်ကြိမ် တထပ်တည်း ပြောလိုက်တဲ့ ဇာတ်လမ်းကို စစ်ထောက်လှမ်းရေး တွေက လက်ခံတဲ့အခါ ရင်ထဲမှာ ပျော်ရသလို စစ်ထောက်လှမ်းရေး အရာရှိ ခပ်ကြီးကြီးတယောက် လာတွေ့စဉ်က ၅ သုံးလုံး စီးကရက် သောက်လိုက်ရတာလည်း အတော် အရသာ ရှိခဲ့တယ်။
ရယ်စရာ အဖြစ်ဆုံးကတော့ လက်ထိပ်၊ ခြေထိပ်တွေ ခတ်ထားပြီး စားပွဲတခုပေါ်ကို ၉ မမ ပစ္စတို တင်ကာ မျက်နှာချင်းဆိုင် ထိုင် ရင်း စစ်ထောက်လှမ်းရေး တချို့က သေနတ်ချင်း ယှဉ်ပစ်ကြဖို့ စိန်ခေါ်ခံရ တာမျိုးပါ။ သေနတ်ထဲမှာ ကျည်ဆန် ထည့်မထားတာကို သေနတ်ပစ်ချ လိုက်ကတည်းက ဗလာသံနဲ့မို့ သိနှင့်ပြီးသားပါ။ လက်နဲ့ခြေကိုလည်း တုပ်နှောင်ပြီး “ကဲ…ရော့ မင်းနဲ့ငါ သေနတ်ချင်း ယှဉ်ပစ်ကြမယ်” ဆိုတဲ့ စကားက ဘယ်လောက် ရယ်စရာကောင်း သလဲ။
ဒီကြားထဲ ရှားရှားပါးပါး အိပ်ချိန်တွေထဲ လာ ခိုးယူတတ်တဲ့ အဖြစ်မျိုးတွေ ကြုံရတယ်။ ထိုင်း-မြန်မာနယ်စပ်က လာသူဖြစ်လို့ ချဲဂဏန်း နားလည် ကျွမ်းကျင်မယ်ထင်ပြီး ချဲတွက်ခိုင်းလို့ တွက်ပေးခဲ့ရတာလည်း ရယ်စရာ။
ချဲ ရူးသွပ်သူ ထောက်လှမ်းရေးတွေ ထင်ပါရဲ့။ ထိုင်း ချဲထီဆိုတာ မဲနှိုက်တဲ့စနစ်၊ တွက်ယူလို့မရတဲ့ ဂဏန်းတွေ ဆိုတာ သူတို့တကယ် မသိတာလား။
ဒီအပြင် ဆရာမင်းသိင်္ခတို့၊ ဆရာစံဇာဏီဘို တို့လို လက္ခဏာ၊ ဗေဒင်အကျော်တွေကိုလည်း စစ်ဆေးဖူးထားကြတဲ့ စစ်ထောက်လှမ်း ရေးတွေ ဆိုတော့ ဗေဒင် တွက်တတ်သလား မေးပြီး တွက်ခိုင်း တတ်တယ်။ စစ်ထောက်လှမ်းရေး တယောက်ကဆို သူ့ ရည်းစား ကောင်မလေးနဲ့ ကိစ္စ ဟောတာ မှန်လွန်းလို့ နေ့တိုင်း အခန်းထဲကို ဆေးလိပ် လာပေးတယ်။ စစ်ထောက်လှမ်းရေးတွေလည်း လူထဲ က လူတွေပဲ ဆိုတော့ ဆေးလိပ် မီး တောင်းရင်လည်း သူက မညည်းမညူ ပေးလေ့ရှိတယ်။ ဒီလိုအဖြစ်မျိုးတွေကြောင့် ခံစားနေရ တဲ့ ဝေဒနာတွေ သက်သာသွားတတ်သေးတယ်။
ဒီလို စစ်ထောက်လှမ်းရေးတွေ လက်ထဲ အသက်ကို ဖက်နဲ့ထုပ်၊ ရှင်သန်အောင် ကြိုးစားရင်း လွတ်ရာ လွတ်ကြောင်းလည်း စဉ်းစားဖြစ်တယ်။ ကံ ကောင်းချင်တော့ တရက်မှာ အကြောင်းက ပေါ်လာတယ်။
စစ်ထောက်လှမ်းရေးတွေ ထပ်မံသိမ်းဆည်းလိုချင်တဲ့ ပစ္စည်းတွေကို သိုဝှက်ထားရာ ပိန်းဇလုပ်မြို့က ကရင်သချုႋင်းမှာ ရှိနေဆဲ ဖြစ် နိုင်တာမို့ သွားရောက် ဖော်ယူပေးမယ်လို့ ပြောဆိုလိုက်တဲ့အခါ သူတို့ မျက်နှာတွေ ဝင်းပသွားခဲ့တယ်။
ဒါကြောင့် ချက်ချင်းဆိုသလို ကားစီစဉ်ပြီး လက်ထိပ်ခတ်ထားတဲ့ ကျနော့်ကို ကားပေါ်တင်လို့ ပိန်းဇလုပ်မြို့ဆီ ဦးတည်မောင်းနှင် ထွက်ခဲ့ကြတယ်။
ပိန်းဇလုပ်ဆိုတာ စစ်တောင်းမြစ်ဘေး ကပ်လျက် တည်ရှိနေတာဖြစ်ပြီး မြစ်တဖက်ကမ်း ကူးလိုက်တာနဲ့ KNU နယ်မြေကို အလွယ် တကူ သွားနိုင်တာမို့ လက်ထိပ်တန်းလန်းနဲ့ ဒီနေရာကိုအရောက် ပြန်သွားခဲ့တယ်။
ပိန်းဇလုပ်က ကရင် သချုႋင်းကို ရောက်တယ်ဆိုရင်ပဲ ပစ္စည်းတွေ ထုပ်ထားတဲ့ စက္ကူအပါအဝင် သဲလွန်စတချို့ကို သူတို့ စစ်ထောက်လှမ်းရေးတွေက တွေ့သွားတယ်ဆိုရင်ပဲ ပစ္စည်းတွေက မြစ်တဖက်ကမ်းမှာ ရောက်နေနိုင်လောက်ပြီး ကျနော်နဲ့ ပတ် သက်တဲ့ လူတဦးဦးက ပြန်ယူသွားတာ ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့တယ်။
ရန်ကုန်က ပါလာတဲ့ စစ်ထောက်လှမ်းရေးတွေက ကျနော်နဲ့ အတူ တဖက်ကမ်းကူးဖို့ ပြင်ဆင်ချိန်မှာ အခြေအနေက ပြောင်းလဲသွားခဲ့တယ်။ နယ်မြေခံ စစ်ထောက်လှမ်းရေးက တဖက်ကမ်းမှာ ကရင် လက်နက်ကိုင်တွေရှိနေပြီး သွားခဲ့ရင် အန္တရာယ်ရှိတဲ့အကြောင်း ပြောလိုက်တော့ မသွားဖြစ်ခဲ့တော့ပါဘူး။
အဲဒီ ပစ္စည်းတွေ ထုပ်ပိုးထားတဲ့ စက္ကူတွေ၊ ကြိုးစတွေက ကျနော်ကိုယ်တိုင် မြေကြီးထဲ မြှုပ်ထားခဲ့တာပါ။ တကယ်က အဲဒီပစ္စည်း တွေ ရန်ကုန်ကို ရောက်သွားနှင့်ပြီးဖြစ်ပါတယ်။ အကယ်၍သာ ပိန်းဇလုပ်မြို့ရဲ့ စစ်တောင်းမြစ် တဖက်ကမ်းကိုသွား ဖြစ်ခဲ့ရင် ကျနော် ဟာ ထွက်ပြေးဖို့ လုပ်တဲ့အတွက် ပစ်ခတ်မှုကြောင့် အသက်ဆုံးပါး သွားခဲ့ရင်လည်း သွားနိုင်သလို သေဒဏ်မကျ၊ ထောင်ထဲ မရောက်ဘဲ အသက်ဆက် ရှင်နေချင်လည်း ရှင်သန်နေပါလိမ့်မယ်။
ဆက်လက်ဖော်ပြပါမည်။