လားရှိုးတွင် ဗုံး ၂ လုံး ဆက်တိုက် ကွဲ၍ ဒေသခံများ လုံခြုံရေး စိုးရိမ်နေ
This article has been converted from Zawgyi One to Unicode
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မြို့လယ်တွင် ယနေ့ နံနက် ၃ နာရီ ခွဲ ခန့်က ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် ဒေသခံ များက လုံခြုံရေး အတွက် စိုးရိမ် ထိတ်လန့် နေကြကြောင်း သိရသည်။
“လူထိခိုက်မှုတော့ မရှိဘူး၊ ဒေသခံတွေက မြို့ရဲ့ လုံခြုံရေးကို တော်တော် စိုးရိမ်နေကြတယ်၊ မြို့အဝင်အထွက် စစ်ဆေးရေး တွေ မရှိတော့ ပိုစိုးရိမ်တာပေါ့၊ ပေါက်ကွဲတဲ့ နေရာက မြို့မဈေးနဲ့ နီးတော့ ဈေးသည်တွေ ဈေးထွက်မရောင်းရဲဘူး”ဟု ဗုံးပေါက် ကွဲသည့် နေရာ အနီးတွင် နေထိုင်သည့် လာရှိုးမြို့ခံ ဦးစိုင်းမောင်မောင်က ဧရာဝတီသို့ ပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်သည် လားရှိုးမြို့ ရပ်ကွက် (၃) ဗိုလ်ချုပ်လမ်းနှင့် သဇင်လမ်းထောင့်ရှိ ကမ္ဘောဇဘဏ် အနီးနှင့် ရပ်ကွက် (၂) စံကောင်းလမ်း နှင့် သိနီ္နလမ်းထောင့်ရှိ CB ဘဏ် အနီးတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ပေါက်ကွဲမှု နေရာအနီးရှိ နေ အိမ် များကို ထိခိုက်ခဲ့ပြီး၊ CB ဘဏ် အနီးရှိ ထရန်စဖော်မာ တလုံး ပေါက်ကွဲသွားကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ နေရာ အနီးရှိ နေအိမ်များရှိ မှန်များ ကွဲအက်သွားသည့် အပြင် လားရှိုးမြို့သည် အဖွဲ့အစည်း များစွာ သွားလာ လှုပ်ရှားနေသည့် နေရာဖြစ်သဖြင့် ပြည်သူများ နေအိမ်မှ အပြင်သို့ ထွက်ရန် ထိတ်လန့် နေကြသည်ဟု ဦးစိုင်းမောင်မောင်က ဆိုသည်။
“မနက်ဖြန်ဆိုရင် လားရှိုးမြို့မှာ ပုဒ်မ ၄၃၆ ကို ဆန္ဒပြကြမှာ၊ အဲဒါကို မလိုလားလို့ အခုလို ဗုံးဖောက်တယ်လို့ မြင်တယ်”ဟု ဦးစိုင်းမောင်မောင်က ဆက်ပြောသည်။
ယင်းသို့ ဗုံးပေါက်ကွဲမှုသည် လားရှိုးမြို့တွင် ပထမဆုံးအကြိမ် ဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှု ဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုသည် ပြည်သူများကိုသာ ထိခိုက်စေသည်ဟု လားရှိုးမြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံမင်းက ဧရာဝတီကို ပြော သည်။
“ဗုံးပေါက်တဲ့ အချိန်က ဈေးသည်တွေ ဈေးစခင်းနေတဲ့ အချိန်ပါ။ သူတို့တွေ ပြောတာက ကားသုံးစီးနဲ့ လာတယ်လို့ ပြော တာ ပဲ။ အခုအထိ ဘယ်သူမှန်း မသိသေးဘူး”ဟု ၎င်းက ပြောပြသည်။
လားရှိုးမြို့ပေါ်တွင် ပြည်သူ့စစ်နှင့် အခြား ငြိမ်းချမ်းရေး ယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အပစ်အခတ် ရပ်စဲရေး အဖွဲ့များက (ဆက်ဆံရေး) ရုံး ဖွင့်ထားသော်လည်း လက်နက် ကိုင်ဆောင်ခြင်း မရှိကြောင်း ဦးစိုင်းစံမင်းက ပြောသည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လားရှိုးမြို့မ ရဲစခန်းကို ဆက်သွယ် မေးမြန်းရာ တာဝန်ကျ ရဲဝန်ထမ်း တဦးက “ကျနော်တို့ စစ်ဆေး နေဆဲမို့လို့ အသေးစိတ် မသိသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
လားရှိုးမြို့တွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေ ၂၈ ရက်က အမျိုးသမီးတဦး ဓာတ်ဆီလောင်း မီးရှို့ခံရမှုမှ စတင်ကာ အဓိကရုဏ်း အသွင် ဖြစ်ပွားခဲ့ပြီး ဗလီကျောင်း တကျောင်း၊ မွတ်စလင် မိဘမဲ့ကျောင်း တကျောင်းနှင့် ဆိုင်ခန်းများ မီးရှို့ ဖျက်ဆီးခံခဲ့ရမှု ဖြစ်ပွားခဲ့သည်။