Culture

စာနယ်ဇင်း ပန်းချီဆရာမ အဖြစ် နှစ်များစွာ ရပ်တည်ခဲ့သူ မမွှေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ စာနယ်ဇင်းလောကတွင် အမျိုးသမီး စာနယ်ဇင်းသရုပ်ဖော် ပန်းချီဆရာမ အလွန်နည်းပါးသည်။ ယင်းသို့ နည်းပါးလှသည့် အထဲမှ သရုပ်ဖော်ပန်းချီ ရေးဆွဲခြင်းကို နှစ်ပေါင်း ၃၀ တိုင် တစိုက်မတ်မတ် ရေးဆွဲလာသည့် ဆရာမ မမွှေး၏ ဖြတ်သန်းမှုနှင့် သူ၏ သရုပ်ဖော်ပန်းချီ အနုပညာအပေါ် စွဲလမ်းစိတ်က စိတ်ဝင်စားစရာကောင်းသည်။

သူသည် စာနယ်ဇင်းလောကတွင် တဦးတည်းသော အမျိုးသမီး သရုပ်ဖော် ပန်းချီဆရာမဟု ဆိုနိုင်သည်။ ယခင်က ဒေါ်ခင်ဆွေဝင်း ရှိခဲ့ဖူးသည်၊ ထို့နောက် အခြား ပန်းချီဆရာမတဦး ပေါ်ပေါက်ခဲ့ဖူးသည်။ သို့ရာတွင် အခြေအနေ အမျိုးမျိုးကြောင့် မမွှေး ကဲ့သို့ တစိုက်မတ်မတ် ရေးဆွဲဖြတ်သန်းနိုင်ခဲ့ခြင်း မရှိခဲ့ကြ။ ပန်းချီဆရာမ မမွှေးသာ ဇွဲနပဲကြီးစွာဖြင့် သရုပ်ဖော်ပန်းချီ ရေးဆွဲခြင်းကို တွယ် ဖက် လုပ်ကိုင် လျက်ရှိသည်။

သူသည် ငယ်စဉ်ကတည်းကပင် အမျိုးသား အမျိုးသမီးဟူ၍ ခွဲခြားစိတ်မရှိ၊ အမျိုးသားများနှင့် ရင်ပေါင်တန်းခဲ့သူ ဖြစ်သည်။ သူ့အား အမျိုးသား အများစုဖြစ်သည့် စာနယ်ဇင်းနယ်ပယ်မှ ပုဂ္ဂိုလ်များက လေးစားချစ်ခင်သည်ကို တွေ့ရသည်။

ပန်းချီဆရာ လှထွဏ်းအောင်က “ဘာကြောင့် မမွှေးကို ချစ်ခင်ကြတာလဲ ဆိုတော့ သူက မိန်းကလေး လိုမနေလို့ပေါ့။ အောက်ဒိုးပဲ ထွက်ထွက်၊ ဆရာ ကန်တော့ပွဲပဲလုပ်လုပ် သူက မိန်းကလေးလိုမနေဘူး၊ ယောက်ျားသားတွေနဲ့ တန်းတူ ပစ္စည်း သယ်တာက အစ လုပ်တယ်။ ပြီးတော့ မိန်းကလေးဆိုပြီး သူ့ကို အထူးဂရုစိုက် မနေရဘူး၊ ဝန်ထုပ်ဝန်ပိုး ဖြစ်မနေစေဘူး လေ” ဟု ပြောသည်။

“အစ်မ ငယ်ငယ်ကတည်းက စာနယ်ဇင်းသရုပ် ဖော်ပုံ ရေးဆွဲချင်ခဲ့တာပါ။ ၁၉၇၈-၇၉ မှာ ပန်းချီ ကျောင်း ညနေသင်တန်းတက်ဖြစ် တယ်။ ၁၉၈၀ မှာ အီကို(ဘောဂဗေဒ) အဓိကနဲ့ စီးပွားရေးတက္ကသိုလ် တက်တယ်။ တက္ကသိုလ်အနုပညာအသင်း ပန်းချီပြပွဲ တွေမှာ ပါဝင်ခဲ့တယ်။ ဒါနဲ့ တက္ကသိုလ်နောက်ဆုံးနှစ် ရောက်တော့ စာမေးပွဲကျပါရော။ အိမ်က ပန်းချီဆွဲလို့ ကျတာပဲဆိုပြီး ပန်းချီမဆွဲရလို့ အမိန့်ထုတ်တဲ့အထိ ဖြစ်လာတယ်” ဟု ပန်းချီဆရာမ မမွှေးက ပြန်ပြောင်း ပြောပြသည်။

တက္ကသိုလ်တက်နေစဉ် ဆရာကြီး ဦးသိန်းဟံနှင့် တွေ့ဆုံပြီး သူ့စိတ်ဓာတ်ကို တွန်းအားဖြစ်စေခဲ့ကြောင်း သူက ဆိုသည်။

“အဲဒီမှာ ဆရာကြီး ဦးသိန်းဟံနဲ့ တွေ့တယ်။ဆရာကြီးရဲ့ပြောဆိုချက်နဲ့ တက္ကသိုလ်လည်းအောင်ခဲ့ တယ်။ ပန်းချီကိုလည်း ရွေးချယ်တဲ့အထိ စိတ်ဓာတ် ခွန်အားရခဲ့တယ်။ ဆရာကြီးပြောတာက သူဆိုရင် ပိုက်ဆံချမ်းသာတဲ့ သူဌေးသား၊ ဘိုကေကို ကြော့နေ အောင်ဖြီးပြီး ခန့်ခန့်ညားညား နေခဲ့သူ။ ဒါပေမယ့် ပန်းချီပညာ သင်ချင်လွန်းလို့ မိဘတွေ သဘောမတူတဲ့ကြားက ရန်ကုန်ကို တက် လာခဲ့တဲ့အကြောင်း၊ ဆေးလိပ်သောက်စရာတောင် မရှိလို့ သူများတွေ လွှင့်ပစ်ထားတဲ့ ဆေးလိပ်တိုလေးတွေ ကောက်ပြီး သောက်ခဲ့ရတာတွေ ရှိခဲ့ကြောင်း အပါအဝင် အခက်အခဲအမျိုးမျိုး ကျော်ဖြတ်ပြီး၊ သူကိုယ်တိုင်ရွေးချယ်တဲ့ အတိုင်း အောင်မြင်လာ အောင် ကြိုစားခဲ့ရတဲ့အကြောင်း ပြောပါတယ်။ သမီးအနေနဲ့လည်း စာမေးပွဲလည်း အောင်အောင် လုပ်ရမှာဖြစ်သလို ကိုယ်လိုလား ရာကို ရွေးချယ်ပြီး အောင်မြင်အောင်လုပ်ရမှာဖြစ်တယ်လို့ ဆုံးမတယ်”

ဆရာကြီး ဦးသိန်းဟံ၏ ဆုံးမစကားကြောင့် မမွှေးသည် တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ကျောင်းဆရာမ အလုပ်ကို လုပ်ကိုင်ခွင့် ရရှိခဲ့သော်လည်း ပန်းချီ ဆရာမအဖြစ်ကိုသာ ရွေးချယ်ခဲ့သည်။ ထို့နောက် စာနယ်ဇင်း သရုပ်ဖော် ပန်းချီဆရာမ တဦးအဖြစ် နှစ်ပေါင်း များစွာ ရပ်တည်လုပ်ကိုင်ခဲ့သည်။

“အသိအမှတ်ပြု ခံရတာက ရှုမဝ မဂ္ဂဇင်းမှာ စာရေးဆရာ ပိုင်ကျွမ်း ရေးသားတဲ့ ဝတ္ထုတိုလေးကို သရုပ်ဖော်ပေးတဲ့ ပုံလေးပါ။ စိတ်ဝေဒနာရှင်မ တဦး ဖြစ်ပေမယ့်လည်း သူ့ရဲ့ မိခင်စိတ်ကိုတော့ နက်နက်နဲနဲ ရှိနေတဲ့အကြောင်း ရေးဖွဲ့ထားတာပါ။ အဲဒီ အကြောင်း သရုပ်ဖော် ရေးဆွဲခဲ့တာပါ။ သရုပ်ဖော်ပုံ ကိုကြည့်ပြီး စာမူကို ဖတ်ရှုဖြစ်သွားတဲ့အကြောင်း ဆရာကြီးမင်းသုဝဏ်က သုံးသပ်ရေးပြခဲ့တယ်။ အဲဒီ နောက် သရုပ်ဖော်ပန်းချီနယ်မှာ တစိုက်မတ်မတ် ရေးဆွဲဖြစ်ခဲ့တာပါ” ဟု သူက ပြောပြသည်။

သူ့ဖခင်က ပန်းထိမ်ဆရာ ဦးကျင်ရှိန်ဖြစ်ကြောင်း၊ မွေးချင်း ၈ ယောက်ရှိပြီး သူက ဒုတိယမြောက် သမီး ကြီး ဖြစ်ကြောင်း သိရသည်။ အစ်မတဦး၊ ညီမ အငယ်ဆုံးတို့နှင့်သူသာ မိန်းကလေးများဖြစ်ပြီး ကျန် ၅ ယောက်မှာ ယောက်ျားလေးများဖြစ်ကြောင်း သိရ သည်။ သူသည် ၁၉၉၉ ခုနှစ်တွင် RIT ကျောင်း ဆရာ ကိုသီဟလတ်နှင့် အိမ်ထောင်ကျသည်။

သူ၏ နေ့စဉ်ဘဝဖြတ်သန်းမှုနှင့် ပတ်သက်ပြီး သူက “မနက်ပိုင်း အိပ်ရာကနိုးတာနဲ့ မျက်နှာသစ်၊ ပြီးတော့ အပ်ထားတဲ့ စာမူတွေကို ဖတ်ပြီး ပန်းချီပုံတွေ ဆွဲတယ်။ မနက်ပိုင်းတခုလုံး ဆွဲတယ်။ တခါတလေ သူငယ်ချင်းတွေ၊ ဧည့်သည်တွေ လာရင် စကားပြောကြ လေပန်းကြပေါ့။ နေလယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာတော့ မဂ္ဂဇင်းတိုက်တွေ၊ စာပေတိုက်တွေကို သွား တာလည်းရှိတယ်” ဟု ပြောပြသည်။

ယခုခေတ် ရသစာပေ နေရာကျဉ်းမြောင်းလာ သည့်အတွက် သရုပ်ဖော်ပန်းချီ ရေးဆွဲခွင့်လည်း နည်းပါးလာသည်ဟု သူကဆိုသည်။

“ရသစာပေနဲ့ ဆက်စပ်ပြီး သရုပ်ဖော်ပုံတွေ ရေးဆွဲခွင့် ရတာဖြစ်လို့ ရသစာပေ လက်ရာတွေ များများရှိစေချင်ပါတယ်။ ပြီးတော့ သုတစာပေက အသိပညာအတွက် အရေးကြီးသလို၊ ရသစာပေက စိတ်ခံစားမှုအတွက် အရေးကြီးတယ် မဟုတ်လား။ ဒါကြောင့် ရသစာပေလည်း တိုးတက်စေချင်တာပါ”ဟု သူကပြောပြသည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading