တိုးမြှင့်ကောက်ခံလိုက်သည့် လျှပ်စစ်မီတာခ နှုန်းထားများကြောင့် သုံးစွဲမှုယူနစ်များသည့် အိမ်ထောင်စုများ အပါအဝင် တပိုင်တနိုင် လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းကြီးများ၏ မီတာခ တလ သုံးစွဲနှုန်း နှစ်ဆခန့် မြင့်တက်သွားပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်လာနိုင် ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့မှ စ၍ မီတာခ တိုးမြှင့်ကောက်ခံမှု နောက်ဆက်တွဲ အနေဖြင့် ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာနိုင် ကြောင်း ရန်ကုန်မြို့မှ အထည်ချုပ် လုပ်ငန်းရှင် တဦးက ပြောသည်။
“စီးပွားရေးသမားဆိုတာ မီတာခပဲ ဖြစ်ဖြစ်၊ လုပ်သားရှားပါးမှုပဲ ဖြစ်ဖြစ်၊ ကုန်ကြမ်း ရှားပါးမှုပဲ ဖြစ်ဖြစ်၊ သူတို့ အမြတ်မထိခိုက်အောင် တော့ ဈေးနှုန်းတွေကို ဆွဲတင်ကြမှာပဲ။ ချက်ချင်း ကုန်ဈေးနှုန်းတွေ သိသိသာသာ မတက်လာနိုင်သေးပေမယ့် နည်းနည်းခြင်းတော့ တက်လာမှာ သေချာတယ်။ ထုတ်လုပ်မှု စရိတ်မြင့်တက်ရင် ကုန်ဈေးနှုန်းက လိုက်တက်မယ်။ မီတာခ တက်တာကို ချက်ချင်း ခံစား ရတာက လုပ်ငန်းရှင်တွေ ဖြစ်ပေမယ့် တဖြည်းဖြည်း ခံစားရမှာက အခြေခံ ပြည်သူလူထုပါပဲ”ဟုလည်း ၎င်းက ပြောဆိုသည်။
တပိုင်တနိုင် လုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းငယ်များမှာလည်း မီတာခ နှစ်ဆခန့် မြင့်တက်သွားသည်ဟု လုပ်ငန်းရှင်များက ပြော သည်။
မော်တာစက် ၁၀ လုံးခန့်နှင့် အထည်ချုပ် လုပ်ငန်း လုပ်ကိုင်နေသည့် မဝင်းဝင်းစိုးက“တယူနစ်ကို ၅ ကျပ်လောက်ပဲ တက်တယ် ဆိုပေမယ့် လုပ်ငန်းရှင်တွေအနေနဲ့ကတော့ ပိုသုံးလေ ပိုဆောင်ရလေပဲ။ ချုပ်ခက ဘယ်လောက်မှ ရတာ မဟုတ်ဘူး။ အခု အထည် သွားပို့ရင် ဈေးပိုတောင်းလို့ ရမရ ကြိုးစား ပြောကြည့်ရမှာပဲ”ဟု ပြောဆိုသည်။
ဝန်ဆောင်မှု လုပ်ငန်းများလည်း မီတာခတိုးမြှင့်လိုက်သည့်အတွက် ယခင်ဈေးနှုန်းထက် ပိုပြီး တိုးမြှင့်ကောက်ခံနေကြောင်း စုံစမ်း သိရှိရသည်။
လျှပ်စစ်သုံးစွဲနေရသည့် ရေထွက်ပို့ကုန် လုပ်ငန်းများအတွက်လည်း မီတာခ တိုးမြှင့်လိုက်သည့်အတွက် ရေရှည်တွင် လုပ်ငန်း ရပ် တည်မှုများကို ထိခိုက်လာနိုင်ကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်တဦးက ပြောသည်။
“မီတာခတိုးလို့ ကျနော်တို့က ဈေးနှုန်းလိုက်တိုးလို့ မရဘူး။ အခုက ပြည်ပဈေးကွက်နဲ့ ယှဉ်ပြိုင်နေရတာ။ ရေလုပ်ငန်းတွေရဲ့ အခြေ အနေတွေကလည်း အခုဆိုရင် ကုန်ကြမ်း ထွက်ရှိမှုက အရမ်းရှားပါးနေတယ်။ လုပ်သားရှားပါးမှုတွေနဲ့လည်း ကြုံနေရတဲ့ကြားက မီတာခပါ တက်တော့ ကျနော်တို့ ရပ်တည်မှုက တော်တော်ဆိုးတယ်လို့ပဲ ပြောရမယ်”ဟု ယင်းလုပ်ငန်းရှင်က ဆိုသည်။
ရေထွက်ပို့ကုန် လုပ်ငန်းများအနေနှင့် လစဉ် လျှပ်စစ် သုံးစွဲမှုမှာ အနည်းဆုံး ယူနစ် ၁ သိန်းကျော် ရှိကြောင်း သိရသည်။
မီတာ သုံးစွဲမှု ယူနစ်နည်းသည့် အိမ်ထောင်စုများအတွက် ကျသင့်ငွေကြေး နှုန်းထား သိသာစွာမများသော်လည်း အိမ်တွင်း လျှပ်စစ် ပစ္စည်း များများစားစား သုံးစွဲသည့် အိမ်ထောင်စုများမှာလည်း ယခင်လကထက် ယခုလတွင် နှစ်ဆခန့်ရှိကြောင်း ရန်ကုန်တိုင်း လှိုင် သာယာ မြို့နယ်တွင် နေထိုင်သည့် မဝိုင်းက ပြောသည်။
“ဒီ ပူတဲ့ လတွေ ဆိုတော့ အဲကွန်း ပိုသုံးဖြစ်တယ်။ ဒါပေမယ့် မတ်လ အတွက် ဆောင်ရတဲ့ မီတာခက ၂ သောင်း လောက်ပဲ ပေးရ တယ်။ မီတာခ တက်တာနဲ့ ကြုံတဲ့ ဒီလ က သုံးသောင်း ကျော်နေပြီး ၂ ဆလောက် ပေးနေရတယ်”ဟု သူက ပြောပြသည်။
ယခင် မီတာခ တိုးမြှင့်ကောက်ခံမှုမှာ အိမ်သုံးမီတာဆိုလျှင် ယူနစ်မည်မျှ သုံးသုံး တယူနစ် ၃၅ ကျပ်နှုန်းနှင့် ပေးဆောင်နေရာကနေ ပြီးခဲ့သည့် ဧပြီလမှ စ၍ တယူနစ်မှ ၁၀၀ ယူနစ်အထိ သုံးစွဲလျှင် ၃၅ ကျပ်နှုန်း၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ သုံးစွဲလျှင် ၄၀ ကျပ်နှုန်းနှင့် ၂၀၁ ယူနစ်အထက် ၅၀ ကျပ်နှုန်းဖြင့် တိုးမြှင့်ကောက်ခံခဲ့သည်။
လုပ်ငန်းသုံး မီတာများမှာ ယခင်တုန်းက တယူနစ်လျှင် ၇၅ ကျပ်နှုန်းနှင့် ယူနစ် သတ်မှတ်ချက် မရှိဘဲ ပေးဆောင်နေရခြင်း ဖြစ်ပြီး ယခု တိုးမြှင့်လိုက်သည့် နှုန်းထားများမှာ ၁ ယူနစ်မှ ၅၀၀ အထိ သုံးစွဲပါက တယူနစ်လျှင် ၇၅ ကျပ်နှုန်း၊ ယူနစ် ၅၀၁ မှ ယူနစ် ၃ သိန်း အထိ သုံးစွဲပါက သုံးစွဲသည့် ယူနစ်ကိုလိုက်၍ မီတာခ တယူနစ်လျှင် ၁၀၀ ကျပ်မှ ၁၂၅ ကျပ်အထိ ကောက်ခံနေခြင်း ဖြစ် သည်။
ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် စတင်မည့် ဧပြီ လ ၁ ရက်နေ့မှ စတင် ကောက်ခံမည်ဟု ဆုံးဖြတ်ခဲ့သည်။
လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံရခြင်းမှာ လျှပ်စစ် ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတဝန်းသို့ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ် ဓာတ် အား သုံးစွဲမှုအတွက် ကျပ်ငွေ ဘီလီယံ ၂၈၀ ကျော် လိုငွေပြနေ၍ ဖြစ်ပြီး တိုးမြှင့်လိုက်သော မီတာခ နှုန်းထားကြောင့် အစိုးရ အနေဖြင့် ငွေကျပ် ၁၂ ဘီလီယံသာ စိုက်ထုတ် သုံးစွဲရတော့မည် ဖြစ်ကြောင်း အစိုးရက တရားဝင် သတင်း ထုတ်ပြန်သည်။
ယခင်တုန်းက မီတာခ တိုးမြှင့်ကောက်ခံသွားရေးအတွက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလကတည်းက စတင်၍ မီတာခများ တိုးမြှင့်ကောက်ခံမည်ဟု လျှပ်စစ်ဝန်ကြီးဌာန၏ ကြေညာချက်များကို ပြည်သူများက ကန့်ကွက် ဆန္ဒပြခဲ့ကြပြီးနောက် ပြည်ထောင်စု လွှတ် တော်၏ ဖိအားပေးမှုကြောင့် မီတာခ တိုးမြှင့်မှု အစီအစဉ်ကို တကြိမ် ယာယီရပ်ဆိုင်း ခဲ့ရသေးသည်။