တပ်မတော်သားများ နိုင်ငံရေး လုပ်လိုပါက တပ်မတော်မှ ထွက်ရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ရန်ကုန်မြို့၊ ဗိုလ်စိန်မှန်ကွင်းတွင် ကျင်းပပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး လူထုဟောပြောပွဲတွင် ပြောဆိုလိုက်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်သည် အဓိကျနေပြီး တပ်မတော်သားများသည် အခွင့်ထူးခံ မဖြစ်ရန် လိုအပ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် တပ်မတော်သားများနှင့် ပြည်သူများအကြား တန်းတူညီမျှ မှု မရှိစေရန် ခွဲခြားထားသော ဥပဒေတရပ်ပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် တပ်မတော် အနေဖြင့် နိုင်ငံ့ အနာဂတ် အတွက် ဂုဏ်သိက္ခာရှိရှိ ရွေးချယ် ဆုံးဖြတ်ရမည့်အချိန်ဖြစ်ကြောင်း၊ တပ်မတော်သား များ အနေဖြင့် နိုင်ငံရေး လုပ်လို ပါက တပ်မတော်မှ ထွက်ရမည်ဖြစ်ပြီး ယင်းသို့ တပ်မှ ထွက်၍ နိုင်ငံရေး လုပ်ခြင်း သည် ပညာရှိခြင်း၊ သတ္တိရှိ ခြင်း နှင့် ပြည်သူလူထုအပေါ် စေတနာရှိကြောင်း ပြသရာရောက်ကြောင်း၊ တပ်မတော်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် ပင်လျှင် နိုင်ငံရေးလုပ်ရန် တပ်မတော်မှ ထွက်ခဲ့ကြောင်း ၎င်း ကပြောသည်။
“မြန်မာ့တပ်မတော်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အခါမှာ မောင့်ဘတ်တန်က ဗိုလ်ချုပ်အောင်ဆန်းဆီကို စာတ စောင် ရေးဖူးပါတယ်။ ခတ်တိုတိုပြောတာက ချာချီလို လူမျိုးဖြစ်ချင်လား၊ ဝယ်လင်တန်လို လူမျိုးဖြစ်ချင်လား။ ပြောချင်တာ က နိုင်ငံရေးသမား လုပ်ချင်သလား၊ စစ်ဗိုလ်ချုပ်ကြီး လုပ်ချင်သလားပေါ့။ ဗိုလ်ချုပ်က စာပြန်တဲ့အခါမှာ တပ်မတော်မှာ နေ ရတဲ့ ဘဝကို အင်မတန် မြတ်နိုးတယ်။ သူ့ရဲ့ သဘာဝနဲ့လည်း ကိုက်ညီတယ်။ တပ်မတော်သားရဲ့ ဘဝကို မြတ်နိုးတယ်။ သို့သော် နိုင်ငံရဲ့ ကံကြမ္မာအတွက် လုပ်စရာတွေ ရှိနေတဲ့အတွက် တပ်ကထွက်လို့ နိုင်ငံရေးလုပ်မယ်လို့ ဆုံးဖြတ်စာ ရေးခဲ့ တယ်။ ပြတ်ပြတ် သားသားပါပဲ။ နိုင်ငံရေးလုပ်ချင်လို့ရှိရင် တပ်ထဲက ထွက်။ ဒါဟာ ပညာကိုလည်း ပြတယ်။ သတ္တိ ကို လည်း ပြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ပြည်သူတွေအပေါ်မှာထားတဲ့ စေတနာကိုလည်း ပြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလို့ရှိရင် ဘယ်အဖွဲ့အစည်း၊ ဘယ်အာဏာကိုမှ အားကိုးစရာမလိုဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ်ကတည်းက ကန့်ကွက်ခဲ့ပြီး ယင်းသို့ ကန့်ကွက်ခြင်းသည် နိုင်ငံ ၏ အနာဂတ် အတွက် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လှည့်ဖျား အတည်ပြုမှုကိုလည်း ကန့်ကွက်ခဲ့ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခြင်းသည် ပြည်သူနှင့် တပ်မတော်ကြားတွင် ယုံကြည်မှုမရှိသောကြောင့်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို အကာအကွယ် တခုအနေဖြင့် အသုံးပြုနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
“ဒီဖွဲ့စည်းပုံကို ပြည်သူလူထု ၉၈ ရာခိုင်နှုန်းနဲ့ အတည်ပြုခဲ့တာကို ပြောတဲ့သူတွေကိုတော့ ပြောရက်လိုက်တာ လို့ ကျမ ပြောချင်တယ်။ ဒီလို မဟုတ်တာကို ဟုတ်တယ်လို့ ဗြောင်ပြောတာက ကျမတို့နိုင်ငံအတွက် သိပ်တော့ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ဘာဖြစ်လို့ ဒီလောက်တောင်မှ ဖက်တွယ်နေကြတာလဲလို့ ကျမက မေးခွန်းထုတ်ချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မိမိတို့အနေဖြင့် ဖွဲ့စည်းပုံကို ပြင်ဆင်ရန် တရားဥပဒေဘောင်အတွင်းမှ လွှတ်တော်နည်းဖြင့်သာ ပြင်ဆင်ချင်ကြောင်း တစိုက် မတ်မတ် ပြောဆိုခဲ့ကြောင်း၊ ယခုလို ပြည်သူလူထုအင်အားဖြင့် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး ဆောင်ရွက်ခြင်းကလည်း လွှတ်တော် ပြင်ပမှ ပြင်ဆင်ရန် မဟုတ်ဟု ၎င်း က ပြောသည်။
“ကျမတို့နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ရှိစေချင်တယ်။ တရားဥပဒေ စိုးမိုးရေး မရှိလို့ရှိရင် နိုင်ငံသူ နိုင်ငံသားများ၏ လုံခြုံ မှု ရှိမှာ မဟုတ်ဘူး။ နောက်ပြီးတော့ ကျမတို့နိုင်ငံကို အဆင့်မြင့်မြင့် နိုင်ငံရေးလုပ်တဲ့ နိုင်ငံဖြစ်စေချင်တယ်။ နိုင်ငံရေးဆိုတာ အမျိုးမျိုး ရှိတယ်နော်။ အင်မတန်မှ အောက်တန်းကျတဲ့ နိုင်ငံရေးလည်း ရှိတယ်။ ကျမတို့နိုင်ငံကို အောက်တန်းကျတဲ့ နိုင်ငံ ရေးနဲ့ သွားတဲ့နိုင်ငံမဖြစ်စေချင်ဘူး။ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးကို မက်မောတဲ့ ပြည်သူတွေနဲ့ ထူထောင်ထားတဲ့ နိုင်ငံ ဖြစ်စေ ချင်ပါတယ်။ ဒါ့ကြောင့် ကျမက လွှတ်တော်အတွင်းကနေ ပြင်ချင်တယ်လို့ ပြောတာ” ဟုဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ယနေ့ ကျင်းပ သော လူထုဟောပြောပွဲသည် လူထုအင်အား ပြသ၍ ခြိမ်းခြောက်သည့် ပွဲမဟုတ်ကြောင်း၊ လူထုအင်အား ကိုသာ အမှန် တကယ် ပြသရမည်ဆိုလျှင် လမ်းများပေါ်တွင် လူပင်လယ်ကြီးဖြစ်သွားသည်အထိ ပြသ၍ရကြောင်း ပြောဆိုသည်။
“ခေတ်အဆက်ဆက်က လူကိုလူခြင်း လက်နက်နဲ့ အနိုင်ကျင့်ပြီးတော့ ဓားထက်တဲ့သူ ဘုရင်ဖြစ်စတမ်းဆိုတဲ့ တောရိုင်း ဥပဒေကြီးကို ပြင်ပေးကြပါ။ ကျနော်တို့ ပြည်သူတွေက ဉာဏ်အမျှော်အမြင်ရှိတယ်။ ရွေးချယ် ဆုံးဖြတ်နိုင်တယ်။ သတ္တိ လည်း ရှိတယ် ဆိုတာကို ပြတဲ့အနေနဲ့ အခြေခံ ဥပဒေကို ပြင်ပေးကြပါ´´ ဟု ဦးမင်းကိုနိုင်က ဆိုသည်။
ယနေ့ ရန်ကုန်တွင် ကျင်းပသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲသို့ လူသောင်းချီ တက်ရောက် ခဲ့ပြီး မေလ ၁၈ ရက်နေ့တွင် မန္တလေးမြို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဆက်လက် ကျင်းပမည် ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင်တို့က ဦးဆောင်ဟောပြောမှုများ ပြုလုပ်မည်ဟု သိရှိရသည်။