မအူပင်မြို့နယ်တွင် ထွန်တုံးတိုက်ပွဲများ ဖြစ်ပွားနေ
This article has been converted from Zawgyi One to Unicode
အစိုးရ ဌာနဆိုင်ရာများ သိမ်းယူခဲ့သည့် လယ်ယာမြေများကို မိုးရာသီ စိုက်ပျိုးချိန်အမီ ပြန်ပေးခြင်း မရှိသည့်အတွက်
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်းရှိ လယ်သမား ၆၁ ဦးတို့က ထွန်တုံးတိုက်ပွဲများ ပြုလုပ်၍ ၎င်းတို့
မူလပိုင်ဆိုင်ခဲ့သည့် လယ်ယာမြေများအတွင်း ဝင်ရောက်ထွန်ယက်နေကြောင်း သတင်းရရှိသည်။
မအူပင်မြို့နယ် တလုပ်လပ်နှင့် ခနောင်ကျေးရွာတို့မှ လယ်မြေ ၃၁၉ ဧကကို စပါးနှင့်ငါး စီမံကိန်းဟုဆိုကာ မအူပင်မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့၊ မအူပင်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနတို့က ၁၉၉၂ ခုနှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ အစိုးရအာဏာပိုင် အဆင့်ဆင့်ထံ တင်ပြတိုင်တန်းသော်လည်း ယနေ့ထက်တိုင် လယ်ယာမြေများ ပြန်မရသည့်အတွက် မိုးရာသီ စိုက်ပျိုးချိန်တွင် ဝင်ရောက် ထွန်ယက်ခြင်းဖြစ်ကြောင်း တလုပ်လပ် အရှေ့ကျေးရွာမှ လယ်သမား ဦးကျော်ညွှန့်က ဧရာဝတီကို ပြောသည်။
“လယ်တွေကို စပါးနဲ့ငါး စီမံကိန်းဆိုပြီး သိမ်းသွားခဲ့တာ။ သိမ်းပြီး ၂ နှစ်လောက်ပဲ စပါးစိုက်တယ်။ နောက်ပိုင်းမှာ မစိုက်တော့ဘဲ ငါးမွေးကန်တွေ လုပ်ပစ်ခဲ့တယ်။ အုပ်ချုပ်ရေးဌာန အဆင့်ဆင့် တင်ပြတော့လည်း ဘာမှမထူးဘူး။ အဲဒီတော့ ကျနော်တို့လယ်တွေကို မိုးကျတဲ့အချိန် လယ်တွေ ရေမမြုပ်ခင်မှာ ထွန်ယက်စိုက်ပျိုးတာပါ” ဟု သူက ပြောသည်။
လယ်သမားများသည် တလုပ်လပ် အရှေ့ကျေးရွာ၌ ယခုလ ၁၄ ရက်နေ့မှ စတင်ကာ ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ပြီး ယနေ့တွင် ခနောင်ကျေးရွာ၌ ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့ကြသည်။ ယင်းထွန်တုံး တိုက်ပွဲများအား အုပ်ချုပ်ရေး အာဏာပိုင်များက တားဆီးခြင်းမရှိဘဲ မှတ်တမ်းရယူခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ လယ်သမားများက ပြောသည်။
“ကျနော်တို့တွေ လယ်ထွန်နေတာကို တားမြစ်ခြင်းတော့ မရှိဘူး။ မအူပင်ထွေအုပ်ရုံးနဲ့ မြေစာရင်းဌာနကတော့ ဓာတ်ပုံရိုက်တာ မှတ်တမ်းယူတာတွေတော့ ရှိတယ်” ဟု တလုပ်လပ်ကျေးရွာမှ ဦးစိန်သန်းက ပြောသည်။
၁၉၉၆ ခုနှစ်က ပြုလုပ်ခဲ့သည့် ရေနက်ကွင်းလယ်များ ဖော်ထုတ်ရေး စီမံကိန်းကြောင့် မအူပင်နှင့် ညောင်တုန်းမြို့နယ်များရှိ လယ်မြေဧက ၅၃၀၀ ကျော်ကို ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများက သိမ်းယူခဲ့ကြရာ ဒေသခံလယ်သမားများ လယ်မဲ့ယာမဲ့ဖြစ်ခဲ့ကြပြီး စီးပွားပျက်ခဲ့ရကြောင်း လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ပုသိမ်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက် (HRWDN) အဖွဲ့က ပြောသည်။
လယ်သမားများ အနေဖြင့် လယ်ယာမြေ ပြဿနာများကို တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့အစိုးရထံ စာရေးသားတင်ပြပါက လယ်ယာမြေဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊
ထွန်တုံးတိုက်ပွဲ လုပ်ဆောင်ပါက တရားစွဲခံရနိုင်ပြီး တရားရုံး၌ ဖြေရှင်းရမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်က ကျောင်းကုန်းမြို့၌ ယခုလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် လယ်ယာမြေ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားတွင် ပြောဆိုခဲ့သည်။
“ဒီလို တရားဥပဒေများနဲ့အညီ မဆောင်ရွက်ဘဲနဲ့ တချို့သော အဖွဲ့အစည်းများက မြှောက်ပင့်ပေးလို့ အတင်းအဓမ္မ ထွန်တုံးတိုက်ပွဲလို ကိစ္စမျိုးတွေ၊ လယ်မြေတွေမှာ အတင်းဝင်ရောက်ပြီး ရိတ်သိမ်းတဲ့ ကိစ္စတွေ ဆောင်ရွက်တယ်ဆိုရင်
တဖက်က တရားဥပဒေ လမ်းကြောင်းအရ တရားစွဲဆိုလာရင် တရားရုံးမှာ ဖြေရှင်းရမှာဖြစ်ပါတယ်။ အဲဒီအခါကျရင် ငွေကြေးလည်းကုန်ကျတယ်။ အချိန်လည်းကုန်တယ်။ ကိုယ့်ဘက်က မှားရင်လည်း အချုပ်အနှောင်ခံရတဲ့အထိ ရောက်ရှိပါတယ်” ဟု သူက ပြောသည်။
လယ်သမားများ တရားစွဲဆိုခံရ၍ ထောင်ကျမှုများ ဖြစ်လာပါက မြှောက်ပင့်ပေးသည့် အဖွဲ့အစည်းများက လှည့်မကြည့်တော့ဘဲ လယ်သမားသာ ရင်ဆိုင်ဖြေရှင်းရကြောင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ဆိုသည်။
“အဲဒီလိုဖြစ်ပြီဆိုရင် မြှောက်ပင့်ပေးတဲ့ အဖွဲ့အစည်းတွေကလည်း လှည့်မကြည့်တော့ပါဘူး။ တောင်သူလယ်သမားက မိမိကိစ္စကို မိမိဘာသာပဲ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းပြီးတော့ ငွေကုန်လူပန်း၊ အချိန်တွေကြန့်ကြာ၊ နောက်ဆုံးကျတော့ ကိုယ်ရှုံးတဲ့အခါ အချုပ်အနှောင်ကျဆိုတဲ့ အဖြစ်မျိုးတွေကို ကျနော်တို့တိုင်းထဲမှာ အင်မတန် ဝမ်းနည်းဖွယ်ရာ
တွေ့ရပါတယ်” ဟု သူက ပြောသည်။
မအူပင်မြို့နယ် မလက်တို ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက လယ်ယာမြေကို အကြောင်းပြု၍ လယ်သမားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ အဓိကရုဏ်းဖြစ်ပွားခဲ့ရာ ရဲတပ်သား ၁ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၄၅ ဦး ဒဏ်ရာရရှိခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၃ ခုနှစ် မေလက စတင်ပြီး တိုင်းအစိုးရရုံးစိုက်ရာ ပုသိမ်မြို့နယ် အပါအဝင် ကျောင်းကုန်း၊ ငပုတော၊ သာပေါင်း၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ ဖျာပုံနှင့် အင်္ဂပူမြို့နယ် တို့တွင် ထွန်တုံးတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထွန်တုံးတိုက်ပွဲ ပြုလုပ်မှုကြောင့် လက်ငုပ်လုပ်ကိုင်နေသူများက ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် တရားစွဲဆိုခဲ့ရာ လယ်သမားပေါင်း ၅၂၀ ကျော် တရားစွဲဆိုခံခဲ့ရပြီး လယ်သမား ၃၄၀ ဦး ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။