လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ စုဝေး ဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက် မူကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သုံးသပ်ပြီး ပြန်လည် ပြင်ဆင်သွားမည်ဟု သိရသည်။
ရန်ကုန်မြို့တွင် မေလ ၁၆ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက အထက်ပါကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
ဒုတိယအကြိမ် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမတ်လောင်း စုဝေး ဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် မူကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ရန် ပြင်ဆင်နေသည်။
နိုင်ငံရေး ပါတီများကို ပေးပို့ထားသည့် မူကြမ်းတွင် မဲဆွယ် စည်းရုံးခွင့် ကာလကို ရွေးကောက်ပွဲ မတိုင်မီ ရက် ၃၀ သတ်မှတ်ထားပြီး မဲဆွယ် စည်းရုံးမှုများနှင့် စုဝေး ဟောပြောခွင့်များ ပြုလုပ်ရာတွင် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ရှိ ရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက် ရယူရမည်ဟု ဖော်ပြထားသည်။
ယင်းအပြင် မော်တော်ယာဉ်များဖြင့် လှည့်လည် စုဝေး ဟောပြောခွင့်ကို သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်ဖြင့်သာ လုပ်ဆောင်ရမည်ဖြစ်ပြီး မီဒီယာများမှ တဆင့် မဲဆွယ်စည်းရုံးမည် ဆိုပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်ဟု ထည့်သွင်း ဖော်ပြထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင် အဖွဲခွဲများသည် စုဝေး ဟောပြောခွင့်နှင့် မဲဆွယ် စည်းရုံးခွင့် များကို ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းနှင့် ခွင့်ပြုချက် ရုပ်သိမ်းခြင်းများကို လုပ်ဆောင်ခွင့် ရှိကြောင်း စသည့် ကန့်သတ်ချက်များ ပါဝင်သည့် အချက်ပေါင်းများစွာကို ဥပဒေမူကြမ်းတွင် ထည့်သွင်းထားကြောင်း သိရသည်။
ယင်းမူကြမ်းတွင် ဒီမိုကရေစီနှင့် မညီဘဲ ကန့်သတ်ချက်များစွာ ပါဝင်နေသည့် အတွက် တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ကြောင်း ပါတီများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြကြပြီးနောက် ယခုလို ပြင်ဆင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ရခိုင်အမျိုးသား ပါတီ(ANP) မှ ဒေါက်တာအေးမောင်က “သူပြောတာက ညွန်ကြားချက် သိပ်ပြင်းလွန်းရင် တမျိုး ဖြစ်မယ်၊ သိပ်ပျော့လွန်းရင်လည်း တမျိုး ဖြစ်မယ်၊ အခုဆွေးနွေးပွဲမှာ တင်ပြတဲ့ အချက်တွေထဲက သုံးသင့်တာကို သုံးမယ်၊ တိတိ nကျကျတော့ မထောက်ပြဘူး”ဟု ဧရာဝတီကို ပြောသည်။
နိုင်ငံရေး ပါတီများနှင့် ဆွေးနွေးရန် လိုအပ်ပါက ထပ်မံ တွေ့ဆုံမည် ဖြစ်ပြီး ပြင်ဆင်သည့် ရွေးကောက်ပွဲ ဆိုင်ရာ မူကြမ်းကို မနှစ်သက်ပါက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အတွက် ထုတ်ပြန်ထားသည် ညွန်ကြားချက်က ဆက်လက် အသက်ဝင်နေမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုသည်ဟု ဒေါက်တာအေးမောင်က ဆက်ပြောသည်။
နိုင်ငံရေး ပါတီ ၁၀ ပါတီကို တဖွဲ့ ဖွဲ့စည်းကာ ဝိုင်းဝန်း ဆွေးနွေးကြခြင်း ဖြစ်ပြီး ညွန်ကြားချက် မူကြမ်းမှ ပြင်ဆင်သင့်သည့် အချက်များကို ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြကြကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF) မှ ဦးခင်မောင်ဆွေ ဆိုသည်။
“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ထပ်တွေ့ဆုံနိုင်မှ၊ ဒီကိစ္စတွေကို ဆက်လက် ဆွေးနွေးနိုင်မှာပါ၊ ကော်မရှင်ဘက်ကတော့ ထပ်တွေ့မယ်လို့ လုံးလုံး ကတိပေး ပြောတာမျိုးတော့ မရှိပေမယ့် ထပ်တွေ့မယ်ဆိုတဲ့ သဘောထားမျိုးတော့ ရှိပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
ဒုတိယအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ နောက်ဆုံးပတ်နှင့် ဒီဇင်ဘာလ ပထမ အပတ်တွင် ကျင်းပမည် ဖြစ်ကြောင်း၊ ကျင်းပမည့်ရက် အတိအကျကို မကြာခင် ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း ဦးတင်အေးက ပြောဆိုသည်။
ဒုတိယအကြိမ်ကျင်းပမည့် လစ်လပ် မဲဆန္ဒနယ်များမှာ ဖားကန့်၊ ဗန်းမော်၊ မိုးကောင်း၊ ဝိုင်းမော်၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ထားဝယ်၊ ကံမ၊ ရေနံချောင်း၊ အောင်မြေသာဇံ၊ မိုးကုတ်၊ မင်းပြား၊ နမ့်ခမ်း စသည့် လစ်လပ် မဲဆန္ဒနယ် စုစုပေါင်း နေရာ ၃၀ ရှိကြောင်း သိရသည်။
ပထမအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ရက်တွင် လစ်လပ် မဲဆန္ဒနယ် ၄၅ နေရာအတွက် ကျင်းပခဲ့သည်။