ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တပ်သားသစ်စုဆောင်းရေးအတွက် ဖမ်းဆီးထားသော ဒေသခံ တိုင်းရင်းသား တချို့ကို ပြန်လွှတ်ပေးလိုက်ပြီး ဖမ်းဆီးခံရသူတချို့လည်း KIA စခန်းမှ ထွက်ပြေး လွတ်မြောက် လာကြကြောင်း သိရှိရ သည်။
KIA က မေလ၃ ရက်နေ့ နောက်ပိုင်း တပ်သားသစ်စုဆောင်းရေးအတွက် ဒေသခံ တိုင်းရင်းသားတချို့ကို ဖမ်းဆီးခဲ့ ကြောင်း ၊ ဖမ်းဆီးခံရသူများသည် မြစ်ဆုံအနီးရှိ တန်ဖဲရွာနှင့် အနီးနားကျေးရွာများမှ ဖြစ်ပြီး ဖမ်းဆီးခံထားရသည့် ရွာသား ၁၈ ဦးကို KIA က မေလ၁၆ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသော ရွာသား ၃ ဦးမှာ KIA စခန်း များမှ ထွက်ပြေး လွတ်မြောက်လာကြောင်း သိရှိရသည်။
KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က မေ ၁၂ရက်နေ့က KIAက ဖမ်းဆီးထားသော ရွာသား ၁၂ယောက်ကို ပြန်လည် လွှတ် ပေးခဲ့ပြီး KIA က ဖမ်းဆီးမှု ခံထားရသူများကို ပြန်လွှတ်ပေးရန် ညွှန်ကြားထားကြောင်း ပြောသည်။
“ကျနော်တို့ဘက်က စစ်သားစုဆောင်းရေးဘက်မှာက မူတခုထားတယ်။ အဲဒါကဌာနေနေသူတွေကို တပ်သားသစ် စုဆောင်း ပါ တယ်။ ဒီတော့ ကချင်နဲ့ ရှမ်းတိုင်းရင်းသားတွေကို ဌာနေတိုင်းရင်းသားသတ်မှတ်ပါတယ်။ဒီတော့ သူတို့တွေ ကို စုဆောင်းတယ်။ ဒီ လိုစုဆောင်းတာမှာ ၁၆နှစ်အောက်တော့ မစုဆောင်းဖို့ ပြောတယ်။ ခုကျတော့ရှမ်းတိုင်းရင်းသား တွေက နားလည်မှု လွဲလာတော့ ဒါကိုပြန်စိစစ်ရမယ်။ တချို့ကျတော့လည်း သူတို့ဟာသူတို့ ဝင်လာတယ်။ အိမ်ကို မပြော ခဲ့တာ ရှိတယ်။ တချို့ဆိုရင် အရာရှိတွေတောင်ဖြစ်ပြီ။ အိမ်ထောင်ကျနေသူတွေလည်းရှိတယ်”ဟု ဗိုလ်ချုပ်ဂွန်မော် က ပြောသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် KIA နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးစဉ် မေ ၁၃ရက်နေ့ တွင် တပ်သားသစ်စုဆောင်းခံရသည့် ရှမ်းတိုင်းရင်းသား တချို့၏မိသားစုများနှင့် ဆွေမျိုးများက KIA ၏ ဖမ်းဆီးမှုခံ ထားရ သော သားသမီးများအတွက် ဆန္ဒပြခဲ့ကြပြီး KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က အဆိုပါမိသားစု များနှင့် တွေ့ဆုံ ခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသောသူများ၏ နာမည်စာရင်းကို ဗိုလ်ချုပ်ဂွန်မော်က မိသားစုများထံမှ တောင်းခံ ခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ မေလ ၁၂ရက်နေ့က ဖမ်းခံရတဲ့ရွာသားတွေကို KIA တပ်ဆီ ကနေ ပြန်သွားခေါ်ပေးခဲ့တယ်။ ပြီးတော့ အစိုးရစစ်တပ်ဆီကို သေချာပြန်အပ်ပေးခဲ့တယ်”ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဦးလမိုင်ဂွန်ဂျာကပြောသည်။
လက်ရှိတွင် KIA က ဖမ်းဆီးထားသော ရွာသား စုစုပေါင်း၅၇ဦးရှိပြီး ယခုအချိန်အထိ ၃၉ ဦး ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ကြောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က မြစ်ကြီးနားမြို့နယ်၊ တန်ဖဲကျေးရွာတွင် KIA က ဖမ်းဆီးခဲ့သော ဒေသခံ တိုင်းရင်းသား များကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲကို မေလ ၁၆ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။
“ခုချိန်ထိ KIA ဘက်ကနေ ၃၉ဦး လွတ်လာတယ်။ ကျနော်တို့ ကျန်နေတာ ၁၀ယောက် ကျော်လောက် ရှိဦးမယ်။ ဒီလူတွေ ထပ်လွတ်ဖို့ လည်း လုပ်ဆောင်နေပါတယ်။ဖမ်းတဲ့ထဲမှာ မိန်းကလေးတွေလဲပါတယ်။ သူတို့တွေမလွတ်သေးဘူး။ ကျန်တဲ့ မိသားစု တွေအတွက် ကျနော်တို့ မြောက်ပိုင်းတိုင်းဘက်က KIA ဘက်ကို အကြောင်းကြားထားပါတယ်။”ဟု မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးခင်မောင်မောင်ကပြောသည်။
KIA၏ ဖမ်းဆီးမှုခံနေရဆဲဖြစ်သော ကလေးငယ်တဦး၏ မိခင်တဦးက “ကျမ သားလေးက ၈တန်းကျောင်းသားပါ။ တောင်ဖဲရွာမှာ နေတာပါ။ အိပ်နေတုန်းလာဖမ်းခေါ်သွားတာပါ။ ကျမသားခုချိန်ထိ မလွတ်သေးပါဘူး။ လာခေါ်ပြီးချင်း ကျမ တပ်မတော်ဘက်ကို သွားပြောတာပါ။ ခုပါမယ်ထင်တာမပါဘူး။ ထွက်မပြေးရဲလို့ထင်တယ်။ မပါဘူး။ အေးအေးဆေးဆေး ပညာသင် စေ ချင်တယ်။ ကလေးကမလိုက်ချင်ဘူး။ အိပ်နေတာကိုခေါ်တာ။ ခုတော့တပ်က အရာရှိတွေက တော့ ရအောင် လုပ် ပေးမယ်ပြော ပါတယ် ”ဟု ဧရာဝတီသို့ ပြောသည်။
KIA ၏ ဖမ်းဆီးမှု ပြန်လည်လွတ်မြောက်လာသော အသက် ၁၃ နှစ် ကချင်တိုင်းရင်းသား ဆွတ်ဂျာကမူ ယောကျၤားလေး များသာမက မိန်းကလေးငယ်များပါ KIA ၏ ဖမ်းဆီးမှု ခံနေရကြောင်း ပြောသည်။
“ကျနော်က ရိက္ခာယူခိုင်းတုန်း ထွက်ပြေးလာတာပါ။ ၁၀ရက်လောက် ဖမ်းခံရတယ်။ စစ်ထဲဝင်ရမယ်ပြောတယ်။ ကျနော်က မဝင်ချင်ဘူးပြောတယ်။ ဝင်ရမယ်တဲ့။ကျနော်အသက်မပြည့်သေးလို့ မဝင်သေးဘူးပြောတယ်။ အိမ်မှာနေရင်းလာဖမ်းတယ်။ အသက်ငယ် လည်း ခေါ်မယ်ပြောတယ်။ ဖမ်းခံရတာ ၁၀ရက်ကျော်တယ်။ ကျနော်က ၆တန်းတက်နေတာပါ။ မိန်းကလေး တွေ လည်းဖမ်းထားတာရှိတယ်။ တောထဲမှာပဲ နေရတယ်။ကျနော်အရွယ် ၃ယောက်လောက်ရှိတယ်။ စစ်မတိုက်ချင်ဘူး။ ပြောတယ်။ နောက်ကလိုက်ဖမ်းတယ်။ ကျနော်ကကျနော်နဲ့အတူ အကိုတယောက်နဲ့ ထွက်ပြေးတယ်။ ပလောင်ရွာ ဘက်က နေ တန်ယန်ဇွတ်ကိုပြေးတယ်။ နောက်အဲဒီကအုပ်ချုပ်ရေးမှုးနဲ့ တွေ့ပြီး တပ်ကစစ်သားတွေဆီပို့ပေးတယ်။ ကျနော် ရောက်တော့ တပ်ကအကိုတွေက ခေါ်ထားပြီး အဖေကိုခေါ်ပေးတယ်” ဟု ဆွတ်ဂျာ ပြောသည်။
လက်ရှိ KIA စခန်းများတွင် ဖမ်းဆီးခံထားရသူ မိန်းကလေးငယ်များ အပါအဝင် ၁၄ ဦးခန့်ကျန်ရှိနေကြောင်း မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်နှင့် ပြန်လည် လွတ်မြောက်လာသူများ၏ ပြောဆိုချက်အရ သိရှိရသည်။