“ဒီမိုကရက်တစ်နိုင်ငံတခု တည်ထောင်ခြင်း သို့မဟုတ် မြန်မာနိုင်ငံမှ စိမ်ခေါ်မှုနှင့် အခွင့်အလမ်းများ”လို့ ခေါင်းစဉ်ပေးထားတဲ့ ဆွေးနွေးပွဲတခု မေလ ၁၄ ရက်နေ့က နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ကျင်းပခဲ့ပါတယ်။
ဒီပွဲကို Partnership for Change အဖွဲ့က စီစဉ်တာဖြစ်ပြီး၊ ရန်ကုန်က ၃ ဦးနဲ့ နော်ဝေး က ၂ ဦး ပင်တိုင် ဆွေးနွေးကြတာပါ။
“လက်ရှိပြောနေကြတဲ့ အသွင်ကူးပြောင်းမှုဖြစ်စဉ်ဆိုတာဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွေကနေ စတင်ခဲ့တာ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်၊ ၂၀၀၃ ခုနှစ်မှာ Road Map ၇ ချက်ရေးဆွဲကတည်းက စခဲ့တာပါ”လို့ ပထမ ဆုံး တက်ရောက်ဆွေးနွေးသူ နိုင်ငံရေး အကျဉ်းသူဟောင်း၊ အမျိုးသမီးရေးရာ ပညာပေးကိစ္စဆောင်ရွက်နေတဲ့ မဇင်မာအောင်က ပြောပါတယ်။
“အစိုးရဘက်ကရေးဆွဲတဲ့ လမ်းပြမြေပုံအတိုင်းသွားနေတဲ့ လမ်းကြောင်းသာဖြစ်ပြီး နှစ်ဘက်ဆွေးနွေးမှုရလဒ် Dialogue နဲ့ သွားနေ တဲ့လမ်းကြောင်း မဟုတ်တဲ့အတွက် ဒီအသွင်ကူးပြောင်းမှုဟာ အားလုံးပါဝင်ခွင့်ရတဲ့ လုပ်ငန်းစဉ်မဟုတ်ဘူး”လို့လည်း သူကဆိုပါတယ်။
အခုဆိုရင် မျိုးစောင့်ဥပဒေလို ဟာမျိုးကိုထုတ်ပြီး ဘာသာရေးကိုရှေ့တန်းတင်တဲ့ လုပ်ဟန်တွေနဲ့ အမျိုးသမီးအခွင့်ရေးကိုပိတ်ပင် ဖို့ကြိုးစားလာနေတာတွေဟာ “အသွင်ကူးပြောင်းမှုကဘယ်ကိုဦး တည်နေသလဲ၊ ဒီမိုကရေစီစနစ် တခုဆီ ဟုတ်ရဲ့လား၊ တခြား ပုံစံ သစ် အာဏာရှင်စနစ် တခုဆီကိုများ ဦးတည်နေသလား”လို့ မဇင်မာအောင်က မေးခွန်းထုတ်တော့ ပရိသတ်က လက်ခုပ်တီး အား ပေး ကြတာကို တွေ့ရပါတယ်။
ဒုတိယ ဆွေးနွေးသူကတော့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့(FPPS)က ဦးမြင့်အောင်ဖြစ်ပါတယ်။ သူက လက်ရှိမှာ အကျဉ်း သား ၃၀၀ ကျော်ကျန်နေဆဲဖြစ်ပြီး ဖမ်းဆီးစစ်ဆေးခံနေရသူတွေ၊ တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေလည်း ဒါဇင်နဲ့ချီ ရှိနေဆဲ လို့ ပြောဆိုသွား ပါတယ်။
ရန်ကုန်ကရောက်လာတဲ့ မြန်မာကိုယ်စားလှယ် ၂ ဦးရဲ့ တင်ပြချက်အပြီးမှာတော့ ဓာတ်ပုံဆရာ Richard K Dirran ရဲ့ ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ဓာတ်ပုံပြပွဲအကြောင်း မှတ်တမ်းရုပ်ရှင်နဲ့ မြန်မာနိုင်ငံတဝန်းက ကွဲပြားခြားနားတဲ့လူမျိုးစုတွေရဲ့ မျက်နှာပုံတွေနဲ့ ယဉ်ကျေးမှုပုံ တွေအပါဝင် ဓာတ်ပုံပေါင်း ၅၀ နီး ပါးကိုလည်း ပြသထားပါတယ်။
ပြပွဲအပြီး ကော်ဖီသောက်ချိန် ခဏနားချိန်မှာတော့ လက်ရာကောင်းလှတဲ့ ဓာတ်ပုံတွေကို ကျနော်လိုက်ငေးကြည့်မိတယ်။
ဆွေးနွေးပွဲလာ မြန်မာတဦးကတော့ “ဒါလဲ အပြောင်းလဲတခုပေါ့ဗျာ၊ အရင်က လူ့အခွင့်ရေး ချိုးဖောက်ခံရတဲ့ ဓာတ်ပုံပြပွဲနေရာမှာ အခု ယဉ်ကျေးမှုဓာတ်ပုံပြပွဲက အစားထိုးလာတာပေါ့”လို့ ပြောပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံကို မသွားဖို့ သပိတ်မှောက်ခဲ့တဲ့ အနောက်တိုင်းသားတွေတောင် ရန်ကုန်သွားတာ အတော်များနေပြီလို့လည်း သူက ထောက်ပြပါတယ်။
အဲဒီမှာတင် တခြား မြန်မာတဦးကလည်း “အဲဒါတင် ဘယ်ကမလဲဗျ၊ အရင်က မဲဆောက်ကလူတွေ လာလာဟောပြောနေတဲ့ နေ ရာ မှာ အခုရန်ကုန်က လူတွေလာပြောနေပြီလေ၊ ဒါလည်း ပြောင်းလဲမှုတခုပဲပေါ့”လို့ ရယ်ကာမောကာနဲ့ ဝင်ပြောလိုက်တဲ့ အတွက် ပွဲကျ သွားပြန်ပါတယ်။
အရင်ကတော့ နိုင်ငံတကာက မဲဆောက်အခြေစိုက် နိုင်ငံရေး အကျဉ်းသားများကူညီ ရေးအဖွဲ့(AAPP) နဲ့ နယ်စပ်နိုင်ငံရေး သမား တချို့ကို ဖိတ်ခေါ်လေ့ရှိပေမယ့်၊ အခုတော့ AAPP အစား ရန်ကုန်အခြေစိုက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) နဲ့ ရန်ကုန်က နိုင်ငံရေးသမားတွေ အစားထိုးဝင်ရောက်နေပြီဆိုတော့ အခင်းအကျင်းက ပြည်ပနဲ့နယ်စပ်ကနေ ပြည်တွင်း ခွင်ထဲကို ရောက်သွားပြီလို့ ဆိုလိုတာပါ။
ဒီလိုတယောက်တမျိုး ပြောလို့ကောင်းတုန်းမှာ ဒုတိယပိုင်း ဆွေနွေးပွဲပြန်စမယ်လို့ အခမ်းအနားမှူးရဲ့ဖိတ်ခေါ်သံ ထွက်လာပါတယ်။
ဒုတိယပိုင်းမှာ အရုဏ်ဦးအဖွဲ့က ဒေါက်တာ စင်ခန်းလျှံက ဗမာအများစုပါဝင်တဲ့ လက်ရှိအစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား အဆင် မပြေမှုတွေ၊ မတူကွဲပြားတဲ့ လူမျိုးစုတွေကြား အပြန်အလှန်နားလည်မှု တည်ဆောက်ဖို့ လိုနေတဲ့ကိစ္စတွေ၊ ကျေးလက် ဒေသ ဖွံဖြိုးရေး လုပ်ငန်းစဉ်တွေ အကြောင်းတင်ပြသွားပါတယ်။
မြန်မာတွေ ဆွေးနွေးလို့အပြီး နော်ဝေး-မြန်မာ ကော်မီတီ (NBC) မှ Audun Aagre၊ နော်ဝေး ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ အော်စလို စင်တာရဲ့ ညွှန်မှုး Kjell Magne Bondevik တို့ရဲ့အမြင်တွေကိုလည်း နားထောင်ခွင့် ရပြန်ပါတယ်။
မြန်မာ့ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုကို နှစ် ၂၀ ကျော်အားပေးလာခဲ့တဲ့ ဒီပုဂ္ဂိုလ်နှစ်ဦးဆီက ကြားရတဲ့အမြင်တွေဟာ နော်ဝေး အစိုးရ ပိုင်းက အမြင်တွေနဲ့မတူပါဘူး။
Audun ကတော့ အရင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ ဗိုလ် ချုပ်ကြီး ခင်ညွှန့်တို့ သြဇာတိက္ကမကြီးစဉ်ကရေးဆွဲခဲ့တဲ့ လမ်းပြမြေပုံဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို ဖော်ဆောင်ဖို့ဖြစ်တယ်လို့ ပြောနေပေမယ့်၊ လတ်တလော မြန်မာပြည်က နိုင်ငံရေး၊ ဘာသာ ရေး တင်းမာမှုတွေကိုကြည့်ပြီး သူတို့ပြောတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်ဆီ ဦးတည်နေတာ ဟုတ်မှဟုတ်ပါ့မလား” ဆိုပြီး မေးခွန်း ထုတ်ပါတယ်။
စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီက ရှိသမျှလုပ်ပိုင်ခွင့်နဲ့ ငွေကြေးပိုင်ဆိုင်မှု အားလုံးကို ယူထားပြီး NLD ပါတီနဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့တွေမှာ အဲဒီလိုတန်းတူအခွင့်ရေး မရှိတဲ့အတွက် တန်းတူယှဉ်ပြိုင်ခွင့် မရှိဘူး၊ အရာရာကို အစိုးရက ထိန်းချုပ် ထား လို့ မရသလို၊ လွတ်လပ်စွာ ဝေဖန်ခွင့် ပေးဖို့လိုတဲ့အပြင်၊ အထူးသဖြင့် Civil Society လို့ခေါ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို အားပေးဖို့၊ နိုင်ငံရေး အင်အားစု အားလုံးကို တန်းတူအခွင့်ရေးရအောင် နိုင်ငံတကာဘက်က လုပ်ပေးဖို့လိုတယ်လို့ ထောက်ပြပါတယ်။
ဒါကြောင့် နော်ဝေးအစိုးရအနေနဲ့ မြန်မာနိုင်ငံကိုအကူညီပေးတဲ့အခါ အာဏာရ အစိုးရဘက်ကိုပဲ ဇောင်းပေးသလိုဖြစ်မှာကို အထူး သတိထားဖို့ နော်ဝေး-မြန်မာ ကော်မီတီအနေနဲ့ မကြာခဏ သတိပေးနေရတယ်လို့ သူက ဆက်ပြောပါတယ်။
နောက်ဆုံးဆွေးနွေးတဲ့ ဝန်ကြီးချုပ်ဟောင်း Bondevik ကတော့ အခုနှစ်ပိုင်း ဖြစ်ပေါ်တိုးတက်မှုတွေအရ မြန်မာနိုင်ငံမှာ ခဏတာ လွတ်လပ်ခွင့် ရနေပြီဆိုတာ သံသယရှိစရာမရှိပေမယ့်၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်လာမလားလို့ မေးခွန်းထုတ်ပါတယ်။
“လွတ်လပ်မှုရှိမရှိတော့ ကျနော်မသိဘူး၊ မျှတမှု မရှိမှာကတော့ သေချာနေပါတယ်၊ ဘာကြောင့်လဲဆိုရင် လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက အပိုဒ်တခုမှာ လွတ်တော် အမတ် ၂၅ ရာခိုင်နှုန်းကို ရွေးကောက်စရာမလိုဘဲ စစ်တပ်ကို ခွဲတမ်းပေးရမယ်လို့ ဆိုထား ပါတယ်” လို့ သူ ထောက်ပြတဲ့ အချက်ကို နှစ်ခြိုက်တဲ့ ပရိသတ်က လက်ခုပ်တီး အားပေးကြပါတယ်။
ဒါကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာစေဖို့၊ ဒီမိုကရေစီအင်အားစုတွေနဲ့ နိုင်ငံတကာမိသားစုဘက်က မြန်မာ အာဏာပိုင်တွေရဲ့ လုပ်ရပ်အပေါ် ပြင်းပြင်း ထန်ထန် တုံ့ပြန်ဖို့လိုတယ်လို့ သူကအကြံ ပြုပါတယ်။
လူမျိုးစုအရေးကိုနားမလည်ရင် မြန်မာ့နိုင်ငံရေးကို နားမလည်နိုင်ဘူးလို့ ပြောရမှာ ဖြစ်တဲ့အတွက် နော်ဝေးအစိုးရ ကူညီနေတဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် နောက်ပြန်ဆုတ်မှာကိုလည်း သူ့အနေနဲ့ အထူးစိုးရိမ်ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှု ကြီးမားတဲ့အတွက် ရင်းနှီးမြှုပ်နှံဖို့ လုပ်နေတဲ့ ကုမ္ပဏီတွေ အနေနဲ့ သတိထားဖို့ လိုတယ်၊ အာဏာနဲ့ ငွေကြေးရှိတဲ့ လူတွေကို အားပေးသလိုဖြစ်မယ့် ရင်းနှီးမြှုပ်နှံမှုကို ရှောင်ရမယ်လို့လည်း Bondevik က ဆိုပြန်ပါတယ်။
ဆွေးနွေးပွဲ အပြီးမှာ ရန်ကုန်က လာရောက်တဲ့ နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင်က လက်ရှိ အပြောင်းအလဲကို ဘာကြောင့် မယုံသလဲ၊ နိုင်ငံတကာတုံ့ပြန်မှုက ဘယ်လိုရှိသလဲ ဆိုတာ တီးခေါက်ကြည့်မိတယ်။
နော်ဝေး အပါအဝင် စကင်ဒီနေးဗီးယန်း နိုင်ငံတွေက ဒေါ်အောင်ဆန်းစု ကြည်နဲ့ သမတဦးသိန်းစိန်နဲ့ တွေ့၊ လွှတ်တော်တက်၊ ဟို သွား ဒီသွားလုပ်တာကို အားလုံး အိုကေနေပြီလို့ ထင်နေတာ၊ မြန်မာ့အပြောင်းအလဲကို အပေါ်ယံလောက်ပဲသိကြတယ်၊ တကယ် တော့ သူတို့ထင်သလို မဟုတ်ပါဘူးလို့ မဇင်မာအောင်က ဖြေပါတယ်။
ဒါ့အပြင် အမှန်တရားဖော်ထုတ်ရေး ဆိုတာလည်း မရှိတော့တဲ့အတွက် တကယ့် အခြေအနေကို ကမ္ဘာကသိအောင် ကျမတို့ Civil Society တွေက ဆက်လုပ်ရမယ်လို့ ဆိုတယ်။
လက်ရှိမှာ အာဏာရပါတီနဲ့ နိုင်ငံရေးသမားတချို့က လူများစုမဲကိုပဲ ဦးစားပေးပြီး ဘာသာရေးကို နိုင်ငံရေးမှာ အလွဲသုံးလာတာ တွေဟာ အန္တရာယ်ရှိတဲ့အတွက် လက်ရှိအပြောင်းအလဲဟာ ဒီမိုကရေစီစနစ်ဆီ ဦးမတည်ဘဲ စစ်အာဏာရှင်စနစ်ဟောင်း တခုကနေ အရပ်သားတပိုင်း အာဏာရှင်အသစ် တမျိုးဆီ ဦးတည်သွားမှာကို စိုးရိမ်တယ်လို့လည်း သူက ဖြေကြားသွားပါတယ်။ ။