အာရှတွင် ဒီမိုကရေစီ ယဉ်ကျေးမှုသစ် ပေါ်ပေါက်လာသည်။ မျိုးဆက်သစ်များက ဖန်တီးသော သမိုင်းသစ်ဖြစ်သည်၊ အစဉ်အလာအရ အာရှ ဒီမိုကရေစီက ဘုရားစူး ဒီမိုကရေစီဖြစ်သည်။ အာဏာရှင်တပိုင်း ဒီမိုကရေစီ ဖြစ်သည်။ စစ်ဝါဒီတပိုင်း ဒီမိုကရေစီဖြစ်သည်။ ပဒေသရာဇ် ဒီမိုကရေစီဖြစ်သည်။ နိုင်ငံရေး အမွေခံများ လွှမ်းမိုးသော ဒီမိုကရေစီဖြစ်သည်။
ထိုအုတ်ရောရော ကျောက်ရောရော၊ ဖားတပိုင်း ငါးတပိုင်း ဒီမိုကရေစီ အဟောင်းအမြေ့တို့ ပြောင်းပြန်လန်နေသည်။ တဖွဲဖွဲပြိုကျနေသည်။ ဒီမိုကရေစီသစ်၏ အောင်ပွဲတေးသံ မိုးလုံးဟိန်းညံ နေသည်။ ပျံ့နှံ့နေသည်။ ဆူနာမီ အပြောင်းအလဲဖြစ်သည်။ သို့သော် အာရတ်နွေဦးလို ဝရုန်းသုန်းကားမဟုတ်။ တိုးတိုး တိတ်တိတ်လည်း မဟုတ်။ အာရှလူဦးရေ သုံးပုံနှစ်ပုံကျော်တွင် အပြောင်းအလဲတွေ ပေါ်ပေါက်နေသည်။ လူဦးရေ သန်း ၁၅၀၀ ဝန်းကျင်တွင် အပြောင်းအလဲတွေ ပေါ်ပေါက်နေသည်။ ကမ္ဘာတွင် ပထမနှင့် တတိယ လူဦးရေ အများဆုံး ဒီမိုကရေစီများဖြစ်သည့် အိန္ဒိယနှင့် အင်ဒိုနီးရှားမှ အပြောင်းအလဲများသည် အားကျဖွယ်ဖြစ်သည်။ အတုယူဖွယ်ဖြစ်သည်။ အိန္ဒိယ ဒီမိုကရေစီက သက်တမ်းရင့်သည်။ သို့သော် ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေးရသည့် နောက်ပိုင်း အိန္ဒိယ ဒီမိုကရေစီမှာ နေရူး- ဂန္ဒီ မျိုးဆက်က လွှမ်းမိုးထားသော ဒီမိုကရေစီသာ ဖြစ်သည်။ နိုင်ငံရေး အမွေကြီးခံများ လွှမ်းမိုးသော ဒီမိုကရေစီဖြစ်သည်။
အင်ဒိုနီးရှား ဒီမိုကရေစီမှာ အိန္ဒိယနှင့် ယှဉ်လျှင် အလွန်သက်တမ်းနုပါသည်။ ၁၉၉၈ လူထု အရေးတော်ပုံနှင့် အာဏာရှင် ဆူဟာတိုကို ဖြုတ်ချခဲ့ပြီးနောက် စတုတ္ထမြောက် ရွေးကောက်ပွဲဖြစ်သည်။ သို့သော် စစ်တပ်လောင်းရိပ်အောက်က ရုန်းထွက်ခါစ ဒီမိုကရေစီ၊ နိုင်ငံရေး အမွေခံများတို့ လောင်းရိပ်မှ မလွတ်တတ်သေးသော ဒီမိုကရေစီ ဖြစ်သည်။
ဒီနှစ်ရွေးကောက်ပွဲ မတိုင်ခင်တွင် နှစ်နိုင်ငံစလုံးတွင် အပြောင်းအလဲ နိမိတ်များပေါ်ပေါက်နေခဲ့သည်။ နှစ်နိုင်ငံလုံးတွင် လာဘ်ပေးလာဘ်ယူ ဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ စိတ်ဓာတ်များ နိုးထနေခဲ့သည်။ လက်ရှိ ခေါင်းဆောင်မှုကို အားမလို အားမရဖြစ်နေကြသည်။ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲကို တောင့်တနေကြသည်။ အမျိုးသမီးထုကြီး နိုးထလာသည်။ မျိုးဆက်သစ်များ အုံနှင့်ကျင်းနှင့် လူလား မြောက်လာကြသည်။
ထိုအချက်များသည် အပြောင်းအလဲအတွက် အဆုံးအဖြတ်များဖြစ်လာသည်။ ပြုပြင်ပြောင်းလဲရေး ကာလနှင့် စီးပွားရေး ရွှေခေတ်မှာ လူလားမြောက်လာကြသော မျိုးဆက်သစ်တို့သည် ပညာပို တတ်ကြသည်၊ ခေတ်မီဆက်သွယ်ရေး စနစ်နှင့် အကျွမ်းတဝင်ရှိသဖြင့် အမြင်ပိုကျယ်ကြသည်။ ရည်မှန်းချက် မြင့်မားကြသည်။ ကမ္ဘာ့နှင့် ယှဉ်ပေါင်တန်းချင်ကြသည်။
အင်ဒိုနီးရှားတွင် ပထမဆုံး မဲပေးသော လူငယ် ဦးရေမှာ ၆၇ သန်း ရှိသည်။ ၂၀၁၄ တွင် မဲပေးခွင့်ရှိသူ အားလုံး၏ သုံးပုံတပုံ ဖြစ်သည်။ သူတို့ ပေးသော မဲသည် အင်ဒိုနီးရှား၏ အနာဂတ်ကို ဆုံးဖြတ်ပေး လိုက်သည်။ ၁၉၉၈ လူထုအရေးတော်ပုံကာလတွင် လူမမယ် အရွယ်သာ ရှိကြသေးသဖြင့် Reformasi ခေတ်ကိုလည်း သူတို့ ကောင်းကောင်း မမှတ်မိ၊ New Order ခေတ်ကိုလည်း မသိမှီခဲ့ကြပါ။ သူတို သိသည်က တရားမျှတမှုနှင့် ကြီးပွားတိုးတက်ရေးဖြစ်သည်။ အိန္ဒိယ မှာ မဲပေးခွင့်ရှိသူ ၈၁၅ သိန်း နီးပါးတွင် ၄၀ ရာခိုင်နှုန်းသည် အသက် ၃၅ နှစ်အောက်တွေဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ချက်အရ အသက် ၁၈ နှစ်၊ ၁၉ နှစ် ဦးရေမှာ ၂၃ သန်းကျော် ရှိသည်။
သူတို့သည်လည်း ဂျဝါဟာရာ နေရူး၊ အင်ဒီယာ ဂန္ဒီတို့ကို ခံစားသိနှင့် မသိကြတော့။ သမိုင်းထဲက ခေါင်းဆောင်များအဖြစ်သာ သိကြသည်။ အမှန်တကယ် အရည်အချင်းရှိသူကိုသာ သူတို့ ရွေးသည်၊ ကြီးပွားတိုးတက်ရေး မျှော်လင့်ချက်ကို အနီးစပ်ဆုံး ဖြည့်ဆည်းပေးနိုင်မည့် ခေါင်းဆောင်မျိုးကို မျှော်လင့်သည်။ မျိုးရိုးက အရေးမကြီး၊ အရည်အချင်းက အခရာကျသည်။
သို့နှင့် အင်ဒိုနီးရှားတွင် လက်သမားသား ဂျိုကိုဝီကို အနိုင်ပေးလိုက်ကြသည်။ အိန္ဒိယတွင် ဘူတာရုံဘေး လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ သားကို ရွေးချယ်လိုက်ကြသည်။
အမှတ်တံဆိပ် နိုင်ငံရေး နိဂုံးချုပ်သွားသည့် အဓိပ္ပါယ်ဖြစ်သည်၊ အစဉ်အလာ နိုင်ငံရေးသမားတွေအတွက် သင်ခန်းစာလည်း ဖြစ်သည်။ အိန္ဒိယတွင် ဆိုနီယာ ဂန္ဒီက သားအရင်း ရာအူးဂန္ဒီကို ခေါင်းဆောင်တင်ပြီး ရွေးကောက်ပွဲ ဝင်တာ ရှုံးနိမ့်သွားခဲ့သည်။ အတွေ့အကြုံနှင့် အရည်အချင်းကို မှတ်ကျောက် တင်ခံတာ မတွေ့ရသေးဘဲနှင့် နေရူး မျိုးဆက်၊ အင်ဒီယာ ဂန္ဒီ မျိုးဆက်ဆိုသည့် အမှတ်တံဆိပ်နိုင်ငံရေး (brand-name politics) လောက်နှင့် ပြည်သူတွေဆီက ထောက်ခံမဲရဖို့ မလုံလောက်တော့သည့် အဓိပါယ်ဖြစ်သည်။ ဂူဂျရတ်ပြည်နယ်ကို အိန္ဒိယတွင် အတိုးတက်ဆုံး ပြည်နယ်ဖြစ်အောင် စွမ်းဆောင်ပေးနိုင်သော၊ အရည်အချင်းမှတ်ကျောက်တင်ခံပြီး ဖြစ်သော နရိန်ဒြာ မိုးဒီကိုသာ ဝန်ကြီးချုပ်ကို ရွေးချယ်လိုက်ကြသည်။
ထိုနေရာတွင် အင်ဒိုနီးရှားတွင် ဆူကာနို၏ သမီး မေဃာဝါဒီက ဆိုနီယာထက် တပမ်းသာသည်။ အရင်က ရွေးကောက်ပွဲတိုင်း ရှုံးဖူးထားသဖြင့် သင်ခန်းစာရသွားသည်လည်း ဖြစ်မည်။ ယခုနှစ် ရွေးကောက်ပွဲတွင် သူကိုယ်တိုင် ရှေ့တန်းမထွက်တော့ဘဲ ပြည်သူချစ်သော ဂျာကာတာမြို့တော်ဝန် ဂျိုကိုဝီကို ပွဲထုတ်ပြီး ရွေးကောက်ပွဲဝင်သောအခါ အများဆုံး အနိုင်ရလိုက်သည်။ လာမည့် သမ္မတ ရွေးကောက်ပွဲတွင်လည်း အလားအလာ ကောင်းနေသည်။
အပြောင်းအလဲက ကျယ်ပြန့်သော်လည်း ဝရုန်းသုန်းကား မရှိ။ တည်တည်ငြိမ်ငြိမ်၊ ငြိမ်းငြိမ်းချမ်းချမ်း၊ ဂုဏ်သိက္ခာရှိရှိ၊ အပြောင်းအလဲ၏ နမူနာဖြစ်သည်။ အာရတ် နွေဦးနိုင်ငံတွေကဲ့သို သွေးထွက်သံယိုမရှိ၊ သဲထိတ်ရင်ဖို မရှိ၊ ညက်ညော ညင်သာသည်။ မြန်မာပြည်အတွက် အတုယူစရာ ကောင်းသည်၊ အားကျစရာ ကောင်းသည်။
“တကယ်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရ ဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေးအဆင့်အတန်း၊ အခွင့်အရေးတန်းတူရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်အောင် ဆောင်ရွက်ပေမှ တကယ်ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်” ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုမိန့်တခုကို မှတ်သားဖူးပါသည်။
ဒီမိုကရေစီသည် ပြည်သူ့ဘ၀ ကြီးပွားတိုးတက်ရေးနှင့် နိုင်ငံရေး အရသာမက လူမှုရေးအရ၊ စီးပွားရေးအရ တန်းတူညီမျှရေးအတွက် ရှာပုံတော် ခရီးဖြစ်သည်။ ဒီမိုကရေစီကို တစုတဖွဲ့က မောင်ပိုင်စီး၍မရ၊ တားဆီးဟန့်တား ပိတ်ဆို့၍ မရနိုင်ပေ။ ယခုအခါ မြန်မာပြည်သည် ယဉ်ကျေးမှုအသစ်နှင့် ယဉ်ကျေးမှုအဟောင်းတို့ကို ရွေးရမည့် လမ်းဆုံလမ်းခွတွင် ရောက်နေသည်ကို သတိချပ်သင့်သည်၊ အစဉ်အလာ သွေးထွက်သံယိုနည်းလမ်းနှင့် ပြောင်းကြမလား၊ ငြိမ်းချမ်းငြင်သာသော ယဉ်ကျေးမှု အသစ်နည်းလမ်းနှင့် ပြောင်းကြမလားဆိုတာကို ရွေးချယ်ကြရတော့မည့် အချိန်မှာ ရောက်နေသည်။