မြန်မာ နယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ အမည်မသိ အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့တို့ အကြား မေလ ၁၇ ရက်က အပြန်အလှန် ပစ်ခတ်မှုကြောင့် မြန်မာ ရဲတပ်ဖွ့ဲဝင် ၄ ဦး ကျဆုံးကြောင်း သိရသည်။
“မေလ ၁၇ ရက်နေ့ တိုက်ခိုက်မှုမှာ တပ်သား ၄ ဦး ကျဆုံးပြီး ဒုရဲအုပ် တဦး ဒဏ်ရာ ရပါတယ်၊ ၂ ဦး ပျောက်နေတာတော့ ပြန် တွေ့ပါပြီ၊ ကျဆုံးတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကိုလည်း ပြန်ရပါတယ်၊ ဒီနေ့ အခြေအနေကတော့ အေးအေး ဆေး ဆေးပါပဲ”ဟု မောင်တော ခရိုင် ရဲတပ်မှူးရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တာဝန် ယူထားသည့် လုံထိန်း ရဲ တပ်ဖွဲ့ဝင်များသည် မိုင်တိုင် အမှတ် ၅၂ အနီး ဝန်းကျင်၌ ကင်းလှည့်နေစဉ် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေသည့် RSO (Rohingya Solidarity Organization ) အကြမ်းဖက် အဖွဲ့ဝင် အင်အား ၆၀ ဝန်းကျင်က ခြုံခို တိုက်ခိုက်မှုကြောင့် မြန်မာ ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နယ်စပ် တလျှောက်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပြင် ဒေသဆိုင်ရာ စစ်တပ်ကပါ တာဝန်ယူ ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် တည်ငြိမ်နေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးဝင်းမြိုင်ကလည်း ဧရာဝတီကို ပြောသည်။
“ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆွေးနွေးဖို့ အစီအစဉ် မရှိသေးပါဘူး၊ နယ်စပ် ဒေသေတွေမှာက ဘယ်နယ်စပ်ပဲ ဖြစ်ဖြစ် ဒီလိုဖြစ်လေ့ ရှိပါတယ်၊ အခု ဖြစ်နေတာလည်း ဘယ်အဖွဲ့နဲ့ ဆိုတာ ကျနော်တို့ တိတိကျကျ ပြောလို့ မရသေးပါဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။
မေ ၁၇ ရက်က တိုက်ခိုက်မှုများကြောင့် ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များမှာ တပ်သား သီဟအောင်၊ လှမင်း၊ မင်းထွေး၊ နေလင်း စိုးတို့ ဖြစ်ပြီး၊ ဒဏ်ရာ ရရှိခဲ့သည့် ဒုရဲအုပ် နွေဦးမောင်မှာ မောင်တောဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
အလားတူ မေလ ၁၃ ရက်က နယ်ခြား မှတ်တိုင် အမှတ် ၃၉ အနီး အပြန်အလှန် ပစ်ခတ်မှုကြောင့် အကြမ်းဖက် အဖွဲ့မှ လူ ၂ ဦး သေဆုံးခဲ့သည်ဟု သိရှိရကြောင်း မောင်တော ခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ရွှေသန်းက ဧရာဝတီကို ပြောသည်။
ယင်းအကြမ်းဖက် လက်နက်ကိုင် အဖွဲ့အား မည်သည့် အဖွဲ့ဟု အတိအကျ မပြောနိုင်သော်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှုပ်ရှားနေသည့် အကြမ်းဖက် အုပ်စုမှာ RSO အဖွဲ့သာ ရှိကြောင်း ဒုရဲမှူးကြီး ရွှေသန်းက ဆက်ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ခြံစည်းရိုး ကာရံနေသည့် တပ်ဖွဲ့ တချို့နှင့် နယ်ခြားစောင့် လုံထိန်း တပ်ဖွဲ့တို့က သက်ဆိုင်ရာ စခန်း အလိုက် တာဝန် ယူထားခြင်း ဖြစ်ပြီး စခန်း တခုလျှင် လူ ၇ ဦး ဝန်းကျင်သာ ရှိကြောင်း သိရသည်။
မောင်တော နယ်စပ် ဒေသတွင် တာဝန်ယူထားသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ရက်တိုသင်တန်း တက်ရောက်ပြီး တာဝန် ထမ်းဆောင် နေကြရသူများ ဖြစ်ကြောင်း၊ ၎င်းတို့သည် စစ်ရေး တိုက်ခိုက်မှု အတွေ့အကြုံ မရှိသည့် အပြင် ၎င်းတို့ ကိုင်ဆောင်ထားသည့် လက်နက်များမှာလည်း အရည်အသွေး ညံ့ကြောင်း၊ ယင်းအခြေအနေများကြောင့် တိုက်ပွဲ ဖြစ်ပါက လုံထိန်း ရဲတပ်ဖွဲ့တို့၏ အသက်အန္တရာယ်ကို စိုးရိမ်ရကြောင်း မောင်တော ဒေသခံများက ပြောဆိုသည်။