မုံရွာမြို့နယ် လက်ပံတောင်းတောင် ဆည်တဲကျေးရွာသို့ ယမန့်နေ့က မြေယာများ တိုင်းတာရန် လာရောက်သည့် ဝမ်ပေါင် ကြေးနီ လုပ်ငန်းမှ တရုတ်နိုင်ငံသား နှစ်ဦးကို ရွာသားများက ဖမ်းဆီ ခေါ်ယူထားခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် ဒေသခံများ အကြား ပဋိပက္ခ ဖြစ်ပွားပြီးနောက် တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသား နှစ်ဦးသည် ပုဒ်မ ၁၄၄ ထုတ်ထားသည့် နယ်မြေကို လာရောက် တိုင်းတာသည့်အတွက် ရွာသားများ က လက်ပံတောင်းတောင် အရေး ဆွေးနွေးလို၍ ခေါ်ယူထားခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးထားခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ က လာရောက် ဆွေးနွေး ခေါ်ယူမည် ဆိုပါက ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
“တရုတ်ဝန်ထမ်း နှစ်ဦးကို ပြန်ပေးဆွဲတာ မဟုတ်ပါဘူး။ လုံထိန်းရဲတွေ အင်အားများပြီး သေနတ်လည်း ခြောက်ပစ်တယ်၊ မျက်ရည် ယို ဗုံးတွေလည်း ပစ်တယ်။ ရွာသားတွေကတော့ ဘာမှ မထိခိုက်ပါဘူး”ဟု ဆည်တဲ ကျေးရွာမှ ဒေါ်စိန်က ဧရာဝတီသို့ ပြောသည်။
လက်ရှိ ထိုတရုတ်ဝန်ထမ်း နှစ်ဦးကို ဆည်တဲ ကျေးရွာ မီးကင်းတွင် ထားရှိကြောင်းလည်း ဒေါ်စိန်က ဆက်ပြောသည်။
ဆည်တဲရွာသို့ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူးတို့ လာရောက် ညှိနှိုင်းသော်လည်း အဆင်ပြေမှု မရကြောင်း၊ ရွာသားများက တရုတ်ဝန်ထမ်း ၂ ဦးအား ပြန်လွှတ်ပေးစေလိုပါက အသိမ်းခံထားရသည့် ယာမြေ ဧက ၂၅၀ ကို ပြန်လည် ပေးအပ်စေလိုသည်ဟု ဒေသခံများက တောင်းဆိုထားကြောင်း လက်ပံတောင်းတောင် အရေး ကူညီဆောင်ရွက် ပေး နေသည့် ကိုဟန်ဝင်းအောင်က ပြောသည်။
“မနေ့က မနက် ၁၀ နာရီလောက်မှာ လက်ပံတောင်းတောင် အရေးကို ကူညီနေတဲ့ ကိုအောင်စိုးကို ရဲတွေက ဖမ်းသွားတယ်၊ တရုတ်တွေက ကားနဲ့ ရွာထဲကိုလာတော့ သူတို့ကို လာဖမ်းတာလား၊ မြေကွက်တွေ ထပ်သိမ်းတော့မလား ဆိုတဲ့ စိုးရိမ်မှုတွေ နဲ့ ရွာသားတွေက တရုတ်တွေကို ခေါ်မေးတာပါ၊ ရဲတွေက တရုတ်နှစ်ယောက်ကို ရွာသားတွေ ဖမ်းထားတယ်ဆိုတဲ့ ထုတ်ပြန် ချက် ထွက်လာတော့ ရွာသားတွေက တရုတ်တွေကို ပြန်မလွှတ်တော့တာပါပဲ”ဟု ၎င်းက ဆက်ပြောသည်။
တရုတ်နိုင်ငံသား နှစ်ဦးကို ရွာသားများက ပြန်လည် မလွှတ်ပေးသောကြောင့် ယမန်နေ့ည ၁၁ နာရီကျော်တွင် ရဲအင်အား ၃၀၀ ကျော် အသုံးပြုပြီး ကျောက်တော်၊ ဇီးတော ကျေးရွာ အနီးရှိ စမ်းမြဝတီ ဘုန်းကြီးကျောင်းကို ဖြိုခွဲမှု ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇီးတောကျေးရွာ စမ်းမြဝတီ ဘုန်းကြီးကျောင်းမှ ဦးပဉ္ဖင်း ဦးအာသောက က “ဦးပဉ္ဖင်းတို့ ဘုန်းကြီးကျောင်းကို ဘာကြောင့် ဖြိုခွဲလည်း ဆိုတာ စဉ်းစားလို့ မရဘူး၊ တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းတာ ဆည်တဲ ကျေးရွာလေ၊ ဦးပဉ္ဖင်းတို့ ဇီးတောကျေးရွာက မဟုတ်ဘူး၊ ဦးပဉ္ဖင်းတို့ နိုင်ငံတော်ကို ဖျက်စီးတာ ဘာမှ မလုပ်ဘူး၊ ဒီလို လုပ်ရပ်တွေက မင်းမဲ့စရိုက် ဆန်ပါတယ်”ဟု ဧရာဝတီသို့ မိန့်သည်။
ထိုသို့ တရုတ် ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးထားသည့် အတွက် အမှုဖွင့်ထားကြောင်း၊ သံတမန် နည်းလမ်းအရလည်း ဖြေရှင်း သွားမည် ဖြစ်ကြောင်း ဝမ်ပေါင် ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ပြောသည်။
“ရွာသားတွေက ကျနော်တို့ကို ခေါ်တာ မဟုတ်ဘူး၊ ဦးပိုင်နဲ့ အစိုးရ အရာရှိတွေကိုပဲ တွေ့ပြီး ညှိနှိုင်းဖို့ ခေါ်တာပါ။ ကျနော်တို့ အနေနဲ့က ကျနော်တို့ ဝန်ထမ်း နှစ်ဦးကို ဖမ်းဆီးထားတဲ့ အတွက် မနေ့ညက အမှုဖွင့် ထားတယ်၊ ပြီးတော့ သံတမန် လမ်းကြောင်း အရ သွားပါမယ်၊ တရုတ်သံ အမတ်တွေဆီလည်း စာတင် ထားပါတယ်”ဟု ၎င်းက ပြောဆိုသည်။
လုံထိန်းရဲများက ကျေးရွာများကို ပစ်ခတ်မှုသည် ဝမ်ပေါင်ကုမ္ပဏီနှင့် မသက်ဆိုင်ကြောင်း၊ ရဲတပ်ဖွဲ့ကို ရွာသားများက ခုခံ တိုက် ခိုက် သည့် အတွက် မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ တရုတ် ဝန်ထမ်းနှစ်ဦးသည် မြေကွက် အကွာအဝေး သွားရောက် တိုင်းတာရာမှ ပြန်ပေးဆွဲ ခံရခြင်း ဖြစ်ကြောင်း၊ ထိုဝန်ထမ်း နှစ်ဦးကို ထပ်မံ ဖမ်းဆီးထားမည် ဆိုပါက အခြေအနေ ပိုမို တင်းမာ လာနိုင်ကြောင်းလည်း ဦးမြင့်သိန်းက ဆိုသည်။
ဝမ်ပေါင် ကုမ္ပဏီ၏ ထုတ်ပြန်ချက်၌ တရုတ်နိုင်ငံသား ဝန်ထမ်း နှစ်ဦး ဖမ်းဆီး ခံထားရမှုကို ပြန်လွှတ်ပေးရန်၊ ဖမ်းဆီး ခံ ထားရ သည့် တရုတ် ဝန်ထမ်း ၂ ဦးသည် အသက် ၂၃ နှစ် အရွယ်ရှိ Lu Yuanhao နှင့် Miu Jie တို့ ဖြစ်ကြောင်း၊ အစပိုင်း ဖမ်းဆီးခံရသူများတွင် တရုတ် နိုင်ငံသား ၂ ဦး အပြင် မြန်မာနိုင်ငံသား ဝန်ထမ်း ကိုခင်အောင်မိုးလည်း ပါဝင်ကြောင်း၊ ယခုအချိန်တွင် ကိုခင်အောင်မိုး သည် ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသည် အစိုးရ၊ ဦးပိုင်ကုမ္ပဏီ လီမိတက်နှင့် တရုတ်နိုင်ငံ ကုမ္ပဏီ တခုဖြစ်သည့် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော စီမံကိန်း ဖြစ်သည်။