မုံရွာမြို့နယ် လက်ပံတောင်းတောင် ဆည်တဲကျေးရွာ၌ ဖမ်းဆီးခေါ်ယူထားသည့် ဝမ်ပေါင် ကြေးနီ လုပ်ငန်းမှ တရုတ်နိုင်ငံသား နှစ် ဦး ကို ယမန်နေ့ ည ၇ နာရီ ခန့်တွင် ရွာသားများက ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။
ယမန်နေ့ညတွင် ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ လာရောက်ကာ ထိုတရုတ် အလုပ်သမား နှစ်ဦး ကို ပြန်လွှတ်ပေးရန် ညှိနှိုင်းခဲ့ကြောင်း၊ ရွာသားများ၏ တောင်းဆိုချက်ကို နှုတ်ကတိ အားဖြင့်သာ သက်ဆိုင်ရာမှ အာမခံခဲ့ကြောင်း၊ သို့သော် တောင်းဆိုချက်များ အားလုံး မရရှိကြောင်း ဆည်တဲကျေးရွာမှ ဒေါ်ဝင်းဝင်းဌေးက ဧရာဝတီသို့ ပြောသည်။
အုပ်ချုပ်ရေးမှူးများက အားမခံသည့် အချက်များမှာ စီမံကိန်းသတ်မှတ် နယ်မြေအတွင်း သံဆူးကြိုးဝင်းအတွင်း ဝင်ရောက်ထွန် ယက် စိုက်ပျိုးနိုင်ကြောင်း၊ ကျေးရွာဒေသခံများနှင့် ပြေလည်မှုမရမခြင်း သံဆူးကြိုးများကို ထပ်မံ မခတ်ရန်၊ အဆောက်အအုံများ ထပ်မံ မဆောက်ရန်နှင့် တရုတ်ဝန်ထမ်း နှစ်ဦး ဖမ်းဆီးမှုအတွက် ရွာသားများကို အရေးမယူရန် စသည့် အချက်များကို မှတ်တမ်း ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
“ကျမတို့ တောင်းဆိုထားတာက ဦးပိုင်နဲ့ အစိုးရဘက်က အရာရှိတွေနဲ့တွေ့ဖို့ပါ။ အခုအုပ်ချုပ်ရေးမှူးနဲ့ပဲ တွေ့ပြီး နှုတ်အရပဲ သဘော တူတယ်။ စာချုပ်အရ မပါဘူး။ တရုတ်ဝန်ထမ်း နှစ်ဦးကိုတော့ မနေ့ည ၇ နာရီဝန်းကျင်မှာ လွှတ်လိုက်ပါပြီ”ဟုလည်း ဒေါ်ဝင်းဝင်းဌေးက ပြောပြသည်။
ဝမ်ပေါင် ကုမ္ပဏီအနေဖြင့် တောင်းဆိုချက်ကို လိုက်လျောသွားမည် မဟုတ်ကြောင်း၊ စီမံကိန်းကိုလည်း ရှေ့ဆက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နှင့် လျော်ကြေးငွေများကို ထိုက်သင့်စွာပေးထားပြီးကြေင်းကိုလည်း ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းက ဧရာဝတီ သို့ ပြောသည်။
“မနေ့ည ၇ နာရီ ၁၅ လောက်မှာဝန်ထမ်း နှစ်ဦးကို ပြန်လွှတ် လိုက်ပါတယ်။ ကျနော်တို့ ဝန်ထမ်းကို ပြန်ပေးဆွဲတဲ့ကိစ္စက ဥပဒေကို ချိုးဖောက်တာနဲ့ တူတူပါပဲ။ အဲ့ဒီလို မဖြစ်သင့်ပါဘူး”ဟု ဦးမြင့်သိန်းက ပြောဆိုသည်။
ထပ်မံပြီး ပြဿနာ တစုံတရာ ပြောဆိုချင်ပါက ဝမ်ပေါင်ကုမ္ပဏီမှ ဖွင့်လှစ်ထားသည့် ဆက်ဆံရေးရုံးကို အချိန်မရွေးလာရောက် ဆွေးနွေးနိုင်ကြောင်း၊ ယခုကဲ့သို့ ပြန်ပေးဆွဲလုပ်ရပ်များ မလုပ်သင့်ကြောင်းကိုလည်း ဦးမြင့်သိန်းက ဆက်ပြောသည်။
အဆိုပါ တရုတ်နိုင်ငံသား နှစ်ဦးသည် ပုဒ်မ ၁၄၄ ထုတ်ထားသည့် နယ်မြေအတွင်း မေလ ၁၈ ရက်က လာရောက် မြေတိုင်းတာရာ ရွာသားများ က လက်ပံတောင်းတောင် အရေး ဆွေးနွေးလို၍ ခေါ်ယူထားခြင်း ဖြစ်သည်ဟု သိရသည်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသည် အစိုးရ၊ ဦးပိုင်ကုမ္ပဏီ လီမိတက်နှင့် တရုတ်နိုင်ငံ ကုမ္ပဏီ တခုဖြစ်သည့် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော စီမံကိန်း ဖြစ်သည်။