ထိုင်းနိုင်ငံတွင် စစ်တပ်က စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထုတ်ပြန် ကြေညာလိုက်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကွပ်ကဲရေး စင်တာ(The Peace Keeping Command Centre – PKCC) ကို ယနေ့ နံနက်က ဖွဲ့စည်းလိုက်သည်။
ထိုင်း ဘုရင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက လက်မှတ်ထိုး၍ အမိန့် ကြေညာချက် ၃ ခု ထုတ်ပြန်ပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲခြင်းဖြစ်သည်။
စစ်အုပ်ချုပ်ရေးဆိုသော်လည်း စစ်တပ်က အာဏာသိမ်းခြင်းမဟုတ်ကြောင်း၊ နိုင်ငံရေး တင်းမာမှုများကြောင့် သွေးထွက် သံ ယို မှုများ ဆက်လက်မဖြစ်ပေါ်ရေး အတွက်သာ စစ်အုပ်ချုပ်ရေး ကြေညာခြင်းဖြစ်ကြောင်းလည်း အမိန့်ကြေညာစာ အမှတ် ၂ တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် PKCC ၏ ညွန်ကြားရေးမှူး အဖြစ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန် အိုချာက ဆောင်ရွက်မည်ဟု သိရသည်။
ထိုင်းနိုင်ငံ၌ လပေါင်းများစွာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့ပြီး နိုင်ငံရေး တင်းမာမှုများ အရှိန်မြင့် နေ ချိန်တွင် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်း ဖြစ်သည်။
PKCC သည် ယနေ့နံနက်ပိုင်းမှ စတင်၍ ထိုင်းနိုင်ငံ၏ အစိုးရနှင့် ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယို သတင်းဌာနများ ကို လည်း ဝင်ရောက် စီးနင်းထိန်းချုပ်လိုက်ပြီး၊ ပုံမှန်ထုတ်လွှင့်သည့် အစီအစဉ်များ နေရာတွင် ထိုင်း စစ်တပ်၏ အစီအစဉ်များနှင့် အစား ထိုးခဲ့သည်။
ယနေ့ နေ့လယ်ပိုင်းတွင် ထိုင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာနှင့် ထိုင်းရဲတပ်ဖွဲ့အပါအဝင် စစ်ဘက် ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲများ တွေ့ဆုံ၍ လုံခြုံရေး အခြေအနေများကို တွေ့ဆုံဆွေးနွေးမည်ဟု ထိုင်းရဲချုပ် ၏ ပြောဆိုမှုကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းက ဖော်ပြသည်။
ထိုင်းရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံလုံခြုံရေးတာဝန်များကို မည်သို့ ဆက်လက်ထမ်းဆောင်ရမည် ဆိုသည်ကိုမူ PKCC အဖွဲ့ ညွန်ကြားချက် အပေါ် မူတည်ပြီး လုပ်ဆောင်သွားမည်ဟု ထိုင်းရဲချုပ်က သတင်းထောက်များကို ပြောသည်။
လက်ရှိ ထိုင်းအိမ်စောင့်အစိုးရကမူ ထိုင်းစစ်တပ်၏ စစ်အုပ်ချုပ်ရေး ကြေညာခြင်းသည် ၎င်းတို့နှင့် တိုင်ပင်ခြင်းမရှိဟု ထုတ်ပြန် ခဲ့သည်။
ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကွပ်ကဲ ရေး စင်တာ(The Peace Keeping Command Centre – PKCC) သည် စစ်အုပ်ချုပ်ရေး အရ နိုင်ငံအုပ်ချုပ်ရေး ကိစ္စအ၀၀ကို တာဝန်ယူသွားမည်ဖြစ်ပြီး ဝန်ကြီးဌာန အသီးသီး၏ တာဝန် ရှိသူများလည်း PKCC ၏ ညွှန်ကြားမှု အရသာ လုပ်ပိုင်ဆောင်ရွက်ခွင့် ရှိသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံတွင် ထိုင်းစစ်တပ်၏ စစ်အုပ်ချုပ်ရေး ကြေညာထားမှုကို ထိုင်းဘုရင့် အမိန့်တော်ဖြင့်သာ ရုပ်သိမ်းနိုင်သည်ဟု သိရ သည်။
ပြီးခဲ့သည့် နှစ်မှစတင်ကာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ပြည်တော်ပြန်ခွင့်အပါအဝင် လွတ်ငြိမ်းချမ်းသာခွင့် မူကြမ်းကို ညီမဖြစ်သူ အာဏာရ မစ္စ ယင့်လတ် အစိုးရက ကြိုးစားရာမှ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး နိုင်ငံ ရေး မတည်ငြိမ်မှု များ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ထိုင်း ဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်က ပါလီမန်ကို ဖျက်သိမ်း၍ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် တာဝန်ပြောင်း လဲယူခဲ့ပြီး ဖေဖော်ဝါရီ လဆန်းတွင် ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း အတိုက်အခံ ဒီမိုကရက်ပါတီက သပိတ်မှောက်ခဲ့ သည့်အတွက် ရွေးကောက်ပွဲ အထမမြောက်ဟု ဆိုကာ ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းခဲ့သည်။
ထိုကြောင့် ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က နောက်ထပ် ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ကြေညာထားသည်။
ထိုအချိန်တွင် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် မစ္စ ယင့်လတ်ကို ဆန်စပါးဝယ်ယူရေးတွင် အဂတိလိုက်စားမှု၊ ၎င်း၏ ဖုယာ့ထိုင်း ပါတီ အကျိုးစီးပွားတို့အတွက် ဆွေမျိုးတော်သူ ရဲအရာရှိတဦးနှင့် အစားထိုးမှုဖြင့် ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ပြီး အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ပေးရန် အမိန့်ချမှတ်ခဲ့သည်။
ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက မစ္စ ယင့်လတ်နှင့် အလွန်နီးစပ်သူ ဝန်ကြီးချုပ်သစ်ကို ခန့်အပ်ပေးခဲ့သည်။
အဆိုပါ ယာယီအစိုးရ ဝန်ကြီးချုပ်သစ်ကိုပါ နုတ်ထွက်ပေးရန် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက ဆက်လက် ဆန္ဒပြတောင်း ဆိုမှုများ လုပ်ဆောင်ခဲ့သည်။
မစ္စ ယင့်လတ် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ပြီးသည့်နောက် ၎င်းအားထောက်ခံသော ဖုယာ့ထိုင်း ပါတီဝင်များနှင့် ရှပ်နီ ဟု ခေါ်သော အခြေခံ လူတန်းစားများကလည်း အစိုးရထောက်ခံကြောင်း ဆန္ဒပြမှုများ ဆက်တိုက်အရှိန်မြင့်လာခဲ့သည်။ နှစ်ဖက် စလုံး က ဗုံး၊ သေနတ် စသည့် လက်နက်များဖြင့် တိုက်ခိုက်ပစ်ခတ်မှုများ ပြုလုပ်သောကြောင့် အနည်းဆုံး လူ ၃၀ ခန့် သေ ဆုံး ၍ ထောင်နှင့် ချီသောလူများလည်း ထိခိုက်ဒဏ်ရာရခဲ့ကြသည်။