သတင်း

ပုသိမ် လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့ကို လူကုန်ကူးခံရသူများ ဆန္ဒပြ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လူကုန်ကူးသည့် တရားခံများကို ထိရောက်စွာ အရေးမယူသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်မှ လူကုန်ကူးခံရသူများနှင့် ၎င်းတို့၏ ဆွေမျိုးများက ပုသိမ်မြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ကို ယနေ့နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။

“ပုသိမ် လူကုန်တားဌာနက လူကုန်ကူးမှုနဲ့ ပတ်သတ်တဲ့ တရားခံတွေကို ထိရောက်စွာ အရေးယူပေးခြင်း မရှိပါဘူး။ လူကုန်ကူး တရားခံတွေကို လူကုန်တား ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး တရားစွဲရမှာကို တရားစွဲမပေးဘူး။ ပြီးတော့ ကျနော်တို့လို လူကုန်ကူးခံရသူတွေကို လူသားမဆန်တဲ့ ကြမ်းကြမ်းတမ်းတမ်းတွေ ပြောဆိုဆက်ဆံတာတွေ လုပ်တယ်။ ဒါကြောင့် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲဦးဆောင်သူ သာပေါင်းမြို့နယ် တောင်ကလေးကျေးရွာမှ ကိုမောင်ဇော်က ဧရာဝတီသို့ ပြောသည်။

လူကုန်ကူးခံရသူများ၊ ၎င်းတို့၏ ဆွေမျိုးသားချင်းများနှင့် ပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေးကွန်ရက် (HRWDN) အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ပုသိမ်မြို့တော်ခန်းမရှေ့မှ စတင်ကာ “လူကုန်ကူးမှုတွင် ပါဝင်ပတ်သတ်သူများကို ထိရောက်စွာ အရေးယူပေးရေး”၊ “ပုသိမ်လူကုန်တား ဌာနမှ လူကုန်ကူးခံရသူများအား လူသားဆန်စွာ ဆက်ဆံပေးရေး”၊ “လူကုန်ကူးမှု ပပျောက်ရေး” စသည့် ကြွေးကြော်သံများ အော်ဟစ်ကာ ပုသိမ် လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့ရုံးရှေ့အထိ သွားရောက် ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့စု ၁၈ စုရှိပြီး ပုသိမ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့မှာ တပ်ဖွဲ့စု ၇ ဖြစ်သည်။ ဦးဆောင်သူမှာ တပ်ဖွဲ့စုမှူး ရဲမှူး ဒေါ်ခင်ခင်စိုး ဖြစ်သည်။ လူကုန်ကူးမှု တားဆီးရေး ကဲ့သို့သော ရဲဌာနတခုအား ဆန္ဒပြခြင်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်ပြီး ဧရာဝတီ တိုင်းဒေသကြီးတွင်လည်း ပထမဆုံးအကြိမ် ဖြစ်သည်။

တောင်ကလေးကျေးရွာမှ ကိုမောင်ဇော် အပါအဝင် အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၅၁ ဦးကို တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ဒေသခံ ဦးအောင်မြင့်၊ ဦးအုန်းချစ်တို့က ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက စတင်၍ တရားမဝင် လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ အကြွေးဖြင့် ပို့ဆောင်ခဲ့ပြီး ထိုင်းရောက်မှ အလုပ်လုပ်၍ အကြွေးဆပ်ခဲ့ရကြောင်း၊ ယင်းကိစ္စအား ပုသိမ် လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့ထံ တိုင်တန်းသော်လည်း လူကုန်ကူးမှုဖြင့် အမှုဖွင့် အရေးယူပေးခြင်း မရှိကြောင်း ကိုမောင်ဇော်က ပြောသည်။

“ကျနော်တို့က ထိုင်းကနေ ပြန်ရောက်ပြီး ဒီကိစ္စကို မကျေနပ်လို့ ပုသိမ် လူကုန်တားမှာ သွားတိုင်တယ်။ ပုသိမ် လူကုန်တားက တပ်ဖွဲ့စုမှူး ဒေါ်ခင်ခင်စိုး ကိုယ်တိုင် ဒါဟာ လူကုန်ကူးမှု မြောက်ပါတယ်လို့ ပြောတယ်။ နောက်ပိုင်းမှာ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နဲ့ ဦးအောင်မြင့်၊ ဦးအုန်းချစ်တို့ကို ခေါ်စစ်တယ်။ ပြီးတဲ့အခါမှာ ကျနော်တို့ကို ပြန်ခေါ်ပြီး ဒါဟာ လူကုန်ကူးမှု မမြောက်ပါဘူးလို့  ပြောတယ်။ သူတို့ကို အမှုဖွင့်ချင်ရင် ကိုယ်တိုင် တရားလိုလုပ်ပါလို့ ပြောတယ်။ ကျနော်တို့မှာ အမှုမှန်ပေါ်ပေါက်ဖို့ ကိုယ်တိုင် တရားလိုလုပ်ခဲ့ရတယ်” ဟု သူက ပြောသည်။

ပုသိမ် လူကုန်ကူးမှုတားဆီးရေး အဖွဲ့ ဒု တပ်ဖွဲ့စုမှူး ဒုရဲမှူး သက်ဦးကမူ “ကျနော်တို့ လူကုန်တား တပ်ဖွဲ့အနေနဲ့ ဥပဒေအရ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်တာတွေ အကုန်လုံး လုပ်ဆောင်ပေးနေပါတယ်။ တချို့ကိစ္စတွေမှာ တိုင်တဲ့လူက လူကုန်ကူးမှုလို့ ယူဆပေမယ့် တကယ် စစ်ဆေးကြည့်တော့ လူကုန်ကူးမှုမမြောက်ဘဲ လူမှောင်ခိုတို့၊ လုပ်ငန်းလိုင်စင်မရှိဘဲ ပြည်ပကို ပို့ဆောင်ပေးတဲ့ ပြစ်မှုတွေပဲ ဖြစ်နေပါတယ်။ ဒီအပေါ်မှာ လူကုန်ကူးမှုနဲ့ အရေးမယူရကောင်းလား ဆိုပြီး မကျေနပ်တာတွေလည်း ရှိနိုင်ပါတယ်။ အဓိကကတော့ ဥပဒေနားလည်မှု အားနည်းလို့ အခုလို ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတယ် ထင်မိပါတယ်” ဟု ပြောသည်။

ထို့အပြင် ကန်ကြီးထောင့်မြို့နယ်မှ အမျိုးသမီးငယ်တဦးအား နေပြည်တော်သို့ လိမ်လည် ခေါ်ဆောင်သွားပြီး ပြည့်တန်ဆာ လုပ်ငန်းသို့ ပို့ဆောင်ခဲ့သူ ဒေါ်ကြူကြူငွေကို အရေးယူ ပေးပါရန် တိုင်တန်းခဲ့သော်လည်း ပုသိမ် လူကုန်တားရဲတပ်ဖွဲ့က အရေးယူပေးခြင်း မရှိကြောင်း ကန်ကြီးထောင့်မြို့နယ် ကျုံပဒုတ်ကျေးရွာမှ ဒေါ်သန်းလွယ်က ပြောပြသည်။

“ကျမတို့ရွာက ကလေးမလေးကို မကြူကြူငွေဆိုတဲ့ အမျိုးသမီးက နေပြည်တော် ခေါ်သွားပြီး မကောင်းတာ လုပ်စားတဲ့အိမ်ကို ပို့တာ။ အဲဒီလိုပို့ကြောင်း သက်သေတွေလည်း ရှိတယ်။ အဲဒါကို ပုသိမ်လူကုန်တားကို တိုင်တော့ လူကုန်ကူးမှု မမြောက်ပါဘူးဆိုပြီး ဘာအရေးယူမှုမှ လုပ်မပေးဘူး” ဟု သူက ပြောသည်။

လူကုန်ကူးခံရသူတဦးက တိုင်တန်းလာပါက သက်သေများအား စစ်ဆေးပြီး လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့က တရားလိုလုပ်၍ တရားစွဲဆိုပေးရမည် ဖြစ်ကြောင်း HRWDN အဖွဲ့မှ ဦးမြင့်နိုင်က ပြောသည်။

“လူကုန်ကူးခံရတဲ့ လူတဦးက တိုင်လို့ရှိရင် လူကုန်တား ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး လူကုန်ကူးခံရသူကို သက်သေအဖြစ် ထားပြီး တရားစွဲရမယ်။ ဒါပေမယ့် သာပေါင်းကိစ္စမှာ လူကုန်တားက အမှုမဖွင့်ပေးဘူး။ မကျေနပ်ရင် ကိုယ်တိုင် တရားလိုလုပ်ပြီး အမှုဖွင့်လို့ ပြောတယ်။ ဒါဟာ လုံး၀ လွဲမှားနေတယ်။ နောက်တချက်က လူကုန်ကူးခံရတဲ့ လူတွေဟာ စိတ်ပိုင်းဆိုင်ရာအရ အားငယ်နေသူတွေ ဖြစ်တယ်။ အဲဒါကို ယူနီဖောင်းတွေနဲ့ ရဲစခန်းကိုခေါ်ပြီး ဟိန်းဟောက် ပြောဆိုတာတွေရှိတယ်။ ဒါတွေက လုံး၀ မဖြစ်သင့်ဘူး” ဟု သူက ပြောသည်။

လူကုန်ကူးခံရသူများကို လိုက်လံ ကူညီပေးသည့်အတွက် မိမိအပါအဝင် တောင်ကလေးကျေးရွာမှ ဒေသခံများအား အစိုးရအာဏာပိုင်များက စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ဦးမြင့်နိုင်က ဆက်ပြောသည်။

“လူကုန်ကူးခံရသူတွေကို လိုက်ပါကူညီပေးလို့ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကန်ကြီးထောင့်မြို့နယ်က ရဲအရာရှိ ၂ ဦးက ကျနော့်ကို အိမ်မှာလာပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်။ တောင်ကလေးရွာက ဒေသခံတွေဆိုရင် ဘုန်းကြီးဝတ်နေတာတောင် ဘုန်းကြီးဝတ်နဲ့ စစ်ဆေးခံခဲ့ရတယ်။ လူကုန်ကူးမှု တိုက်ဖျက်ဖို့ဆိုတာ ပြည်သူ ပူးပေါင်းပါဝင်မှ အောင်မြင်မှာပါ။ အခုလို လိုက်ပါကူညီပေးနေသူတွေကို စစ်လားဆေးလား လုပ်နေရင်တော့ လူကုန်ကူးမှု တိုက်ဖျက်ရေး အောင်မြင်ဖို့ အဝေးကြီး လိုပါသေးတယ်” ဟု သူက ပြောသည်။

လူ ၅၀ ခန့် ပါဝင်သည့် ပုသိမ် လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့အား ဆန္ဒပြပွဲကို နံနက် ၉ နာရီက မြို့တော်ခန်းမရှေ့က စတင်ခဲ့ပြီး နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မြို့တော်ခန်းမရှေ့၌ပင် အဆုံးသတ်ခဲ့ကြသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ကို ၂၀၀၅ ခုနှစ် စက်တင်ဘာလက ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး တပ်ဖွဲ့မှူးမှာ ရဲမှူးချုပ် ဝင်းနိုင်ထွန်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading