တရုတ်-မြန်မာ မဟာဗျူဟာ မိတ်ဖက် ပိုမိုခိုင်မာစေမည်ဟု ကာကွယ်ရေး ဦးစီးချုပ် ပြော
This article has been converted from Zawgyi One to Unicode
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ အမျိုးသား ကာကွယ်ရေး ဝန်ကြီး General Chang Wanquan နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ၏ One China Policy ကို အစဉ်တစိုက် ထောက်ခံကြောင်း၊ တရုတ်-မြန်မာ မဟာဗျူဟာ မိတ်ဖက်နိုင်ငံအဖြစ် တည် ဆောက်ထားသည်ကို ပိုမိုခိုင်မာအောင် လုပ်ဆောင်မည် ဖြစ်ကြောင်း ၊ နယ်စပ် ဒေသတွင် မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့် သွားမည် ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုသည်။ တရုတ်နိုင်ငံ အမျိုးသား ကာကွယ်ရေး ဝန်ကြီးက တပ်မတော် ၂ ရပ် ပူးပေါင်းဆက်ဆံရေးသည် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ နှင့် ဒေသတွင်း လုံခြုံရေး အတွက် အကျိုးရှိကြောင်း ပြောဆိုသည်။ အလားတူ တရုတ်ကာကွယ်ရေး ဝန်ကြီးသည် မြန်မာ ကာကွယ်ရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်နှင့်လည်း တွေ့ဆုံ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။