ခရီးသည် ၁၄ ဦးသေဆုံးစေခဲ့သော ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ရန်ကုန်-နေပြည်တော် အမြန်လမ်းဧရိယာ တိုးချဲ့သွားရန် အစိုးရက ဆုံးဖြတ်ခဲ့ခြင်းသည် ပြဿနာကို ရေတိုဖြေရှင်းခြင်းသာဖြစ်သည်။ ပြဿနာ၏ အဓိကဖြစ်သော ခရီးသွားပြည်သူလူထု၏ အသက်အန္တရာယ်ကို လုံခြုံစေရေး ရေရှည်တွင် မည်သို့ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မည်ဆိုသော မူဝါဒနှင့် စည်းစနစ်များ ထူထောင်ရေးကိုမူ ကျယ်ကျယ်လောင်လောင် မကြားရသေးချေ။
သမ္မတဦးသိန်းစိန်လက်ထက် နိုင်ငံရေး စီးပွားရေး ထိန်းချုပ်မှုများကို ဖြေလျော့ပေးလာမှု၏ နောက်ဆက်တွဲအဖြစ် မြန်မာ့ခရီးသွားလုပ်ငန်းသည် ပြည်တွင်းပြည်ပ ခရီးသွားများ၊ ခရီးသွားယာဉ်နှင့် ခရီးစီစဉ်ဆောင်ရွက်ပေးသော အေဂျင်စီများ၊ ဟိုတယ် တည်းခိုရိပ်သာများဖြင့် ဝေစည်ကြီးထွားလာခဲ့သည်။ သို့သော် လမ်း တံတား အခြေခံအဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးရေး၊ ခရီးသည်တင်ယာဉ်နှင့် ယာဉ်မောင်းများ၏ အရည်အသွေး ထိန်းချုပ်ရေးနှင့် လမ်းစည်းကမ်း ယာဉ်စည်းကမ်းများကို လိုက်နာစေရေးစသည့် ခရီးသွားလူထု၏ အသက်အန္တရာယ် လုံခြုံရေး ရှေးရှုသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများက ကျွဲ့ကူးရေပါဖြစ်မလာခဲ့ပါ။
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းမကြီးတွင် ဧပြီလ ၁ ရက်မှ မေလ ၁၃ ရက်အထိ ထိခိုက်မှုပေါင်း ၇၆ မှု၊ ဒဏ်ရာရသူ ၁၆၉ ဦးနှင့် သေဆုံးခဲ့သူ ၄၈ ဦးရှိခဲ့ပြီး သေဆုံးမှု စံချိန်တင်ခဲ့သည့် လများ ဖြစ်ခဲ့သည်။ အမြန်လမ်းမကြီး စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၀၉ ခုနှစ်၊ မတ်လ ၂၅ ရက်မှ ၂၀၁၄ ခုနှစ် မေလ ၁၄ ရက်အထိ စာရင်းဇယားများအရ ယာဉ်မတော်တဆမှု ၇၃၀ ကျော်၊ သေဆုံးသူ ၃၈၁ ယောက်နှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀၀ ကျော်လာတာကြောင့် လူအများ ဝေဖန်စရာဖြစ်လာရသည်။ “သေမင်းတမာန်လမ်းမကြီး”ဟုပင် ခေါ်ဝေါ်လာသည့်အထိ နာမည်ပျက်စရာ ဖြစ်လာသည်။
အစိုးရက လမ်းကောင်းကြောင်းနှင့် ယာဉ်မတော်တဆမှုများသည် ယာဉ်မောင်းများ၏ တာဝန်သာဖြစ်ကြောင်း ကနဦးက ပြောဆိုခုခံနေရာက ယခုအခါ လမ်းမကောင်းကြောင်း ဝန်ခံပြောကြားလာပြီး လမ်း တံတားများ ချဲ့ရန် ဆုံးဖြတ်ခဲ့ခြင်း၊ ခရီးသွားများအား အသက်အာမခံ ဆောင်ခိုင်းခြင်း၊ ပြဿနာပေါ်သည့် ခရီးသွားယာဉ်လုပ်ငန်းကို ပိတ်သိမ်းခြင်း၊ အမြန်လမ်းရဲများကို လမ်းဥပဒေ စည်းကမ်းများနှင့်အညီ တာဝန်ပြည့် ထမ်းဆောင်စေခြင်းများ လုပ်ဆောင်ခြင်းများသည် အုပ်ချုပ်ရေးအစိုးရတရပ်အနေဖြင့် တာဝန်ရှိကြောင်း အသိအမှတ်ပြု တုံ့ပြန်လာခြင်းဖြစ်သောကြောင့် အဆိုးထဲက အကောင်းဟု ပြောရမည်။
သို့ရာတွင် ယခင်အတိုင်း ကောက်ရိုးမီးမဖြစ်ရန် လိုသည်။ ယခင်ကအတိုင်း မတရားခိုးဝှက်ရယူခြင်းကြောင့် တိုင်းပြည်ဘဏ္ဍာ အဟောသိကံ ဖြစ်မသွားရန် လိုသည်။ နေပြည်တော် တည်ဆောက်ရေးအတွက် မလိုအပ်ဘဲ ပြုန်းတီးသွားရသည့် ငွေကြေးနှင့် တိုင်းပြည်၏ အခြားကုန်ကျမှုများသည် တိုင်းပြည်အတွက် မည်သည့်ကောင်းရာကောင်းကြောင်းမျှ မဖန်တီး မထုတ်လုပ်နိုင်ဘဲ အလဟသပြုန်းတီးခဲ့ရုံမက လူ့အသက်နှင့် သွေးသား ခန္ဓာတို့ကို ထိခိုက်ဆုံးရှုံးရန် ဖြစ်လာခဲ့ခြင်းအပေါ် ရှက်တတ်ရန်လည်း လိုသည်။ ကြမ်းကြုတ်ရက်စက်တတ်သော ယခင်စစ်အုပ်ချုပ်ရေးလက်ထက် ယင်းလမ်းမကြီးကို ဖောက်လုပ်ခဲ့စဉ်ကလည်း သွေးသား အသက်တို့ မည်မျှထိခိုက်ရင်းနှီးခဲ့ရသည်ကိုလည်း မသိရပါ။ သိသာထင်ရှားသည်က လမ်းကြောတလျှောက် ပဲခူးရိုးမtကြောမှ သစ်ပင်သစ်တောများကား ပြောင်သလင်းခါခဲ့ခြင်းပင်။ ချုပ်လျှင် အုပ်ချုပ်သူတို့၏ အကျိုးအမြတ်သာ မတရား ရှေ့တန်းထားသော ညံ့ဖျင်းသည့် ဝန်ဆောင်မှု ခေတ်ကို လွန်မြောက်သင့်ပြီ၊ ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်ကို လုံခြုံစွာ ခရီးသွားနိုင်ရေး ဦးတည်ကာ ပွင့်လင်းမြင်သာစွာ တာဝန်ခံ အလုပ်လုပ်မည့် အုပ်ချုပ်ရေးစနစ်ကို ယခုမှစ၍ တည်ထောင်သင့်ပြီဟု တိုက်တွန်းရေးသားလိုက်ရပေသည်။