ကမ္ဘာ့ဘဏ် က မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုဘ၀ တိုးတက် မြင့်မားလာစေရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေး တို့ အတွက် ဆက်လက် ကူညီသွားမယ်လို့ မကြာသေးခင်က ပြောဆိုလိုက်ပါတယ်။
နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်ရဲ့ အကူအညီပေးမှုအစီအစဉ်မှာ မှုခင်း တိုက်ဖျက်ရေး လုပ်ငန်းတွေ အတွက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒု ဥက္ကဋ္ဌ မစ္စတာ အေဇဲ ဗင် ထရော်ဆင်ဘတ်ရဲ့ ပြီးခဲ့တဲ့ မေလ ၁၂ ရက်မှ ၁၆ ရက် အထိ လာရောက်တဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေ၊ အကြီးဆုံး အတိုက်အခံ ပါတီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပြီး အခုလို ထပ်မံ အတည်ပြု ပြောသွားတာလို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ဘဏ် ကြေညာချက်မှာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကို မစ္စတာ အေဇဲဗင် ထရော်ဆင်ဘတ်ရဲ့ ခရီး စဉ် အတွင်း အဓိက ဆွေးနွေးခဲ့ပြီး ရင်ဆိုင်လာရမယ့် စိန်ခေါ်မှုတွေ အတွက် မြန်မာ အစိုးရနဲ့အတူ ကမ္ဘာ့ဘဏ်က လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
“ပညာရေး စနစ် ကောင်းမွန်လာဖို့ ဆောင်ရွက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အလွန်ပဲ အရေးကြီးတယ်လို့ ကျွနု်ပ် တို့အနေနဲ့ ယုံကြည်ပါတယ်”လို့ မစ္စတာ အေဇဲ ဗင် ထရော်ဆင်ဘတ် က ပြောပါတယ်။
နိုင်ငံရဲ့ အနာဂတ် ဖြစ်တဲ့ မြန်မာ့ ပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ လိုအပ်နေတာ အခုမှ မဟုတ်ပါဘူး။ အရင်စစ် အစိုးရ လက်ထက် ကတည်းက မြန်မာနိုင်ငံရဲ့ ဘတ်ဂျက် အသုံးစရိတ်တွေမှာ ပညာရေးနဲ့ ကျန်းမာရေး အသုံး စရိတ်တွေဟာ အနိမ့်ဆုံး ဖြစ်နေခဲ့ပြီး စမ်းသပ် ပညာရေးစနစ်ကို အကြိမ်ကြိမ် ကျင့်သုံးခဲ့မှုတွေရဲ့ အကျိုးဆက်က အခု ပစ္စုပ္ပန် မြန်မာနိုင်ငံကို ရိုက်ခတ်နေတာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ဝေဖန် ပြောဆိုကြပါတယ်။
ကမ္ဘာ့ဘဏ်က အခုလို ထပ်မံ အတည်ပြု ပြောတယ် ဆိုတာက ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ် အုပ်စု ဥက္ကဋ္ဌ ဂျင်ယုံကင်မ် လာရောက်တုန်းက ကတိ ပေးထားခဲ့တဲ့ လုပ်ငန်းစဉ်တွေကို အကူအညီ ပေးသွားဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယုံကင်မ်က ၂၀၃၀ ပြည့်နှစ် အမီ မြန်မာ တနိုင်ငံလုံး လျှပ်စစ်မီး ရရှိရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အဆင့် ပြည့်မီစေရေး အတွက် ဒေါ်လာ သန်း ၂ ထောင် နီးပါး ကူညီပေးမယ့် ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ကူညီသွားမယ် လို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။ လျှပ်စစ်မီးအတွက် ဒေါ်လာ သန်း ၁ ထောင် အသုံးပြု သွားမယ်လို့လည်း သူကဆိုခဲ့ပါတယ်။
ဂျင်ယုံကင်မ်က နိုင်ငံတကာ ဖွံ့ဖြိုးရေး ရန်ပုံငွေ အပြင် အခြား ဘဏ္ဍာရေး အရင်းအမြစ် ၁ ခု ဖြစ်တဲ့ ရလဒ် အခြေပြု ဘဏ္ဍာရေး ကူညီမှု အစီအစဉ်က တဆင့် အမျိုးသမီးနဲ့ ကလေးများ ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်စေဖို့နဲ့ အခြေခံ လူတန်းစား တွေ ရင်ဆိုင်နေရတဲ့ ကျန်းမားရေး အသုံးစရိတ် မြင့်မားနေတာကို လျှော့ချဖို့လည်း ကတိပြုခဲ့ ပါတယ်။
အခုလို ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ အတွက် အကူအညီ အခွင့်အလမ်းတွေ ပြန်ရလာတာက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စ ဟီလာရီ ကလင်တန် အစ၊ ဂျပန်နိုင်ငံ အလယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေသူတွေကြောင့် အခုလို အကူအညီတွေ ပြန်လည် ရရှိလာခဲ့တာပါ။
ဒီအပြင် ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်နဲ့ စီးပွားရေး အကြံပေး ပုဂ္ဂိုလ်တွေရဲ့ ပြင်သစ် အပါအဝင် နိုင်ငံတကာ ခရီးစဉ်များ အတွင်း ကြွေးမြီဟောင်းတွေ လျှော်ပေးရေးနဲ့ ကြွေမြီသစ်ရရှိရေး အကြိတ်အနယ် ပြောဆို ဆွေးနွေးခဲ့ရတာလည်း ပါဝင် ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၅ နှစ် ကြာပြီးနောက် ကမ္ဘာ့ဘဏ်ရဲ့ ပထမဆုံး အကူအညီ ဖြစ်တဲ့ ၂၀၁၂ ခုနှစ်က အတည်ပြုခဲ့တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဒေါ်လာ သန်း ၈၀ အကူအညီနဲ့ ပြည်သူ့ဘ၀ တိုးတက်ရေး စီမံကိန်းကို မြန်မာနိုင်ငံမှာ စတင် ဆောင်ရွက် နေပြီလို့ သိရပါတယ်။
အဆိုပါ ၆ နှစ် စီမံကိန်းဟာ မြန်မာနိုင်ငံ အနှံ့အပြားက မြို့နယ်ပေါင်း ၁၅ မြို့နယ်က ကျေးလက်ဒေသများရှိ လမ်း၊ တံတား၊ တူးမြောင်း၊ ကျောင်း၊ ဆေးပေးခန်းနှင့် ဈေး ဆောက်လုပ်ရေးတွေ ပါဝင်တဲ့ ပြည်သူ့ဘ၀ ဖွံ့ဖြိုးရေး စီမံကိန်းတွေပဲ ဖြစ်ပါတယ်။
မစ္စတာ အေဇဲဗင် ထရော်ဆင်ဘတ်က “ရပ်ရွာလူထုက သူတို့ လိုအပ်ချက်ကို ကောင်းကောင်း သိပြီး ရရှိရမယ့် ရန်ပုံငွေ ပမာဏနဲ့ တိုင်းထွာပြီး သူတို့ ဘာလုပ်ချင်တယ် ဆိုတာ ကိုယ်တိုင် စဉ်းစား ဆုံးဖြတ်နိုင်တဲ့ အတွက် ဒီစီမံကိန်းက အင်မတန် ထိရောက်ပါတယ်” လို့ ပြောပါတယ်။
ဒါပေမယ့် မြန်မာအစိုးရရဲ့ လူထု ဗဟိုပြု အမျိုးသား စီမံကိန်းကို ကမ္ဘာ့ဘဏ် အကူအညီနဲ့ စတင် အကောင်အထည် ဖော်နေပြီ ဆိုပေမယ့် အဲဒီ စီမံကိန်းထဲက အစိတ်အပိုင်း တခုဖြစ်တဲ့ ဆင်းရဲ့နွမ်းပါးမှု လျှော့ချရေး စီမံကိန်းဟာ မေးခွန်း ထုတ်စရာ တွေ အတော်များများ ရှိနေတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ ရှိပြီး အလွန် ဆင်းရဲနွမ်းပါးသူ ၂၇ ရာခိုင်နှုန်း ရှိတယ်လို့ စစ်တမ်း တချိူ့မှာ တွေ့ရပါတယ်။ သူတို့တွေဟာ တနေ့ ဝင်ငွေ ၁ ဒေါ်လာ (ကျပ် ၈၀၀ ဝန်းကျင်) အောက် ရနေသူတွေ ဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။
အစိုးရက အဲဒီလို အလွန် ဆင်းရဲ နွမ်းပါးသူတွေကို အသေးစား ချေးငွေတွေ ထုတ်ချေးပေးနေတာ ရှိပါတယ်။ ပညာရှင်တွေက တော့ ချေးငွေ ထုတ်ပေးတာဟာ ထွက်ပေါက်မဟုတ်ဘူးလို့ ထောက်ပြ ပြောဆိုနေပြီး အရင်းအနှီးသာ ထုတ်ပေးရတဲ့စနစ် ဖြစ် သင့် တယ် လို့ ထောက်ပြ နေကြပါတယ်။
တကယ်တမ်း ဆင်းရဲ နွမ်းပါးမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့က အလုပ်လက်မဲ့ ပြဿနာတွေကို ဖြေရှင်း ပေးနိုင်အောင် စီမံ ရမှာဖြစ်ပြီး၊ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေကို စီးပွားရေး အခွင့်အလမ်းတွေ ဖွင့်ပေးဖို့လည်း အစိုးရက လုပ်ဆောင် ပေးဖို့ လိုအပ် နေသေးတယ်လို့ ဆိုကြပါတယ်။
ဧရာဝတီ ဘက်စုံမြစ်ဝှမ်း စီမံခန့်ခွဲမှု စီမံကိန်းအတွက်လည်း ကမ္ဘာ့ဘဏ်က ချေးငွေ ဒေါ်လာ သန်ဒ ၁၀၀ ပေးကြောင်း ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပြောဆိုပါတယ်။
ကမ္ဘာ့ဘဏ်က မြန်မာ အစိုးရထံ ပွင့်လင်း မြင်သာမှု ရှိစေဖို့ တောင်းဆိုတာတွေ ရှိနိုင်ပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ အကျင့်ပျက် ခြစားမှုတွေနဲ့ မညီမျှမှုတွေက ကျန်ရှိနေ သေးတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ဆက်တိုက် ပေါ်ထွက် နေဆဲ ဖြစ်ပါတယ်။