ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပထမဆုံး အကြိမ် အမျိုးသမီး အခွင့်အရေး နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို ပြီးခဲ့ သည့် ရက်ပိုင်းက ကျင်းပသည်။
ထိုဆွေးနွေးပွဲ၌ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပြီး ဖြစ်ပွားသည့် အမျိုးသမီးများ အကြမ်းဖက်ခံရမှု၊ အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ စစ် ဖြစ်ပွားသည့် ဒေသများတွင် အမျိုးသမီးများ တွေ့ကြုံခံစားရသည့် အခက်အခဲ ဒုက္ခများ၊ အခြား စစ်မဖြစ်သည့် ဒေသများတွင် အမျိုးသမီးများ အတွက် တရားဥပဒေ စိုးမိုးမှုရရှိရေး နှင့် လက်ရှိဖြစ်ပေါ်နေသော အမျိုးသမီးများ မငြိမ်းချမ်းနိုင်သေး သည့် အကြောင်းအရာများကို ဆွေးနွေးကြောင်း သိရသည်။
“ရှမ်းပြည်နယ်မှာ အများဆုံးကတော့ မူးယစ်ဆေးဝါးနဲ့နောက်ဆက်တွဲ အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွေပါပဲ။ ပြီးတော့ နယ်မြေ ဒေသတွေမှာ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ အပိုင်းပါပဲ”ဟု မျိုးဆက်သစ် ရှမ်းပြည်အဖွဲ့မှ ဒေါ်သန္တာဦးက ဧရာဝတီသို့ပြောသည်။
ထိုဆွေးနွေးပွဲကို တောင်ကြီးမြို့ စိန့်ဂျိုးဇက်ခန်းမ၌ မေ ၁၈ ရက်နှင့် ၁၉ ရက်တွင် ပြုလုပ်ခြင်း ဖြစ်ပြီး ရှမ်းမြောက်၊ ရှမ်းတောင်နှင့် ရှမ်း အရှေ့ စသည့် ရှမ်းပြည်နယ် ဒေသတခုလုံးမှ အမျိုးသမီး အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့ ၆၂ ဖွဲ့မှ အမျိုးသမီး ဦးရေ ၁၅၀ ကျော် တက်ရောက် ဆွေးနွေးကြသည်ဟု ဆိုသည်။
ဆွေးနွေးပွဲ အပြီးတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး ဖော်ဆောင်ရန်၊ ငြိမ်းချမ်းရေး ဖော်ဆောင်သည့် အဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်ရန် နှင့် ဆုံးဖြတ်ခွင့်ပြုရန်၊ စစ်ပွဲများတွင် အမျိုးသမီးများနှင့် ကလေးငယ်များအား ထိရောက်စွာ ကာကွယ်ပေးရန် စသည့် အချက်များကို ထုတ်ပြန် တောင်းဆိုသည်။
အမျိုးသမီးများ၏ ဘဝလုံခြုံရေး ဆိုင်ရာ ထိခိုက်စေသော အဓမ္မပြုကျင့် ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လူကုန်ကူးခံရခြင်းနှင့် အိမ်တွင်း အကြမ်းဖက်မှုများကို ဥပဒေအရ ထိရောက်စွာ အကာအကွယ်ပေးရန်နှင့် လိုအပ်သည့် ဥပဒေများပြဋ္ဌာန်း ပေးရန် လည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
ထို့ပြင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် (The Convention on the Elimination of All Forms of Discrimination against Women – CEDAW) ကို ထိရောက်စွာ ဖော်ဆောင်ရန် နှင့် တိုင်းရင်း သား ဒေသများတွင် ကြီးထွားနေသည့် မူးယစ်ဆေးဝါး ပြဿနာများ တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၇ ခုနှစ်က CEDAW သဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုး ထားသော်လည်း အမျိုးသမီးအခွင့် အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်၍ မည်သည့် ဆောင်ရွက်ပေးမှုမျှ လုပ်ဆောင်ပေးခြင်း မရှိကြောင်း အမျိုးသမီး အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့များ၏ ဝေဖန်မှုများ ရှိနေသည်။
ဒေါ်သန္တာဦးက“ကျမတို့ အမျိုးသမီးတွေ တစုတစည်းတည်း တွေ့ဆုံပြီး ကိုယ့်ဒေသမှာ ဖြစ်တာတွေကို ဘယ်လို ဖြေရှင်းမယ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာလည်း ဘယ်လိုအခန်းကဏ္ဍက ပါဝင်ကြမလဲ ဆိုတာတွေ ဆွေးနွေးကြပါတယ်။ နောက်လည်း ထပ်ပြီး ဒီလို တွေ့ဆုံပွဲတွေ လုပ်ဖို့ ကြိုးစားသွားဦးမယ်”ဟု ပြောဆိုသည်။