အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလာချိန်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ရဲ့ ဗဟိုကော်မတီဝင် ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်က ဖွဲ့စည်းပုံပြင်ဖို့ မလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဇလွန်မြို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဖို့ ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံ မပြင်ရေးအတွက် အဟန့်အတား စတင်လုပ်ဆောင်လာပြီးလားလို့ နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြပါတယ်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်က မအူပင်မြို့မှာ မေလ ၁၀ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ “ဘာမှ မပြင်ချင်ဘူး။ ဒီအတိုင်း ဆက်ကျင့်သုံးဖို့ လိုတယ်။ ပြင်သင့်တယ် ဆိုတာက ဘယ်လိုဟာမျိုးတွေပါပြီး ဘယ်လိုဟာမျိုးတွေကို ပြင်သင့်တယ်၊ တိုင်းပြည်ကို ဘယ်လောက် ထိခိုက်စေသလဲ၊ ပြည်သူလူထုကို ဘယ်လောက် ထိခိုက်နေသလဲ။ တိုင်းပြည်ရဲ့ စီးပွားရေးကို ဘာတွေ ထိခိုက်နေသလဲ၊ နိုင်ငံရေးကို ဘာတွေ ထိခိုက်နေသလဲ၊ ဒီလိုဟာမျိုး ကြီးကြီးမားမား အချက်တွေ ပေါ်လာလို့ရှိရင် ပြောလေ။ ရှိရင်တော့လည်း စဉ်းစားမှာပေါ့နော်။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒါမျိုးတွေ သိပ်မရှိပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မအူပင်မြို့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲကျင်းပတဲ့ မတ်လ ၁၀ ရက်နေ့နဲ့ တိုက်ဆိုင်စွာပဲ ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ၊ ဗိုလ်မှူးချုပ်ဟောင်း၊ စစ်အစိုးရလက်ထက် သစ်တောဌာန ဝန်ကြီးဟောင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ဖွဲ့စည်းပုံ မပြင်လိုဘူးလို့ မအူပင်မြို့မှာ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျောင်းကုန်းမြို့က NLD ပါတီဝင်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ၊ ဃ) ပြင်ဆင်ရေးတို့ ဆန္ဒဖော်ထုတ်ခဲ့တဲ့ မေလ ၁၅ ရက်နေ့မှာပဲ ကြံ့ခိုင်ရေးပါတီကလည်း ဇလွန်မြို့မှာ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးကို လူ ၃ ထောင်ကျော်လောက်နဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် ကန့်သတ်ထားတဲ့ပုဒ်မလို့ အငြင်းပွား ပြောဆိုနေကြတဲ့ ပုဒ်မ ၅၉ (စ) မပြင်ဖို့ ဆန္ဒပြတာတွေဟာ ယခင်က အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့တွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပေမယ့် မေလ ၁၅ ရက်နေ့မှာတော့ ဇလွန်မြို့နယ် ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး “အမျိုးမစစ်ရင် အမျိုးမချစ်ဘူး”၊ “အမျိုးစစ်မှ အမျိုးချစ်မည်”၊“အမျိုးဖျက်သူ အလိုမရှိ”၊ “ပြည်ထောင်စုသားစစ်စစ် ဒီမိုကရေစီပုဒ်မ၅၉ (စ) ကို ထောက်ခံသည်။”၊ “အမျိုးဘာသာ၊ သာသနာ တိုးတက်စေဖို့ ပုဒ်မ ၅၉ (စ)ကို ထောက်ခံစို့”၊ “မြန်မာ့ဒီမိုကရေစီ တိုးတက်စေဖို့ ယဉ်ကျေးမှုနှင့်အညီ ဆောင်ရွက်စို့” စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ဒီလုပ်ဆောင်မှုတွေဟာ မိမိတို့ NLD ပါတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုကို ကြံ့ခိုင်ရေးပါတီက အားပြိုင်လာခြင်းလို့ ယူဆကြောင်း ဧရာဝတီတိုင်း NLD ပါတီရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးလင်းသူက ဧရာဝတီကို ပြောပါတယ်။
“အခုဟာက ပါတီ ၂ ခုမှာ တခုနဲ့တခု အားပြိုင်လာတဲ့သဘော ဖြစ်နေတာပေါ့။ ကျနော်တို့ဘက်မှာ အောင်မြင်နေတာတွေ ရှိနေတော့ မနာလိုတာတွေများ ပါနေမလားတောင် သံသယဖြစ်မိတယ်” လို့ သူက ပြောပါတယ်။
ဇလွန် ဆန္ဒဖော်ထုတ်ပွဲ မှားခြင်း၊ မှန်ခြင်းထက် ပြောင်းလဲလာတဲ့ ခေတ်စနစ်မှာ ၎င်းတို့ ဆန္ဒသဘောထားကို ဖော်ထုတ်ကြခြင်းသာ ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီရဲ့ တိုင်းကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းက ပြောပါတယ်။
“၅၉ (စ) က ပြည်သူလူထု ဆန္ဒနဲ့အညီ ဥပဒေနဲ့အညီပဲ ဆောင်ရွက်လိမ့်မယ် ထင်ပါတယ်။ ဆန္ဒဖော်ထုတ်ပွဲကလည်းပဲ သူတို့ဆန္ဒ၊ သူတို့ခံယူချက်နဲ့အညီ ဆန္ဒဖော်ထုတ်တယ်လို့ပဲ မြင်ပါတယ်။ မှားတယ်၊ မှန်တယ်ဆိုတာ တထစ်ချ ပြောလို့မရပါဘူး။ နိုင်ငံက ပွင့်လင်းလာတဲ့အချိန်မှာ မိမိ ထင်မြင်ယူဆချက်ကို ဖော်ထုတ်ပိုင်ခွင့်ရှိပါတယ်” လို့ သူက ပြောပါတယ်။
ဇလွန်မြို့က ဆန္ဒဖော်ထုတ်ပွဲဟာ တိုင်းကြံ့ခိုင်ရေးပါတီထံ သတင်းပို့ပြီး လုပ်ဆောင်တဲ့ပွဲဖြစ်ကြောင်း သိရပါတယ်။
ထူးခြားချက်ကတော့ ဇလွန်မြို့က ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့သူအများစုဟာ ကိုယ့်သဘောနဲ့ကိုယ် ပါဝင်ဆန္ဒပြကြသူတွေ မဟုတ်ကြပါဘူး။ ဘုရားဆင်းတုတော်တွေ မဲဖောက်ပေးမယ်ဆိုလို့ ဇလွန်မြို့ပေါ်ကို ဘုရားပင့်ဖို့ တက်လာသူတွေကို ဇလွန်မြို့နယ် ကြံ့ခိုင်ရေးပါတီက ဆန္ဒပြပွဲထဲ ပါဝင်လမ်းလျှောက်စေခဲ့တာလို့ ကျုံခမွန်ကျေးရွာက ဒေသခံတဦးက ပြောပြပါတယ်။
“ဘုရားမဲဖောက်ပေးမယ်ဆိုလို့ လိုက်လာတာပါ။ ဇလွန်မြို့လည်းရောက်ရော ကြံ့ခိုင်ရေးပါတီက လူတွေက အချိုရည် တိုက်တယ်။ ပြီးတော့ လမ်းလျှောက် ဆန္ဒပြခိုင်းတယ်။ ဆန္ဒပြရမယ်လို့လည်း ကြိုမသိပါဘူး။ ဘာကိုဆန္ဒပြမှန်းလည်း မသိပါဘူး။ သူတို့ပေးတဲ့ စာရွက်ထဲကဟာ အော်ရမယ်ဆိုလို့ လိုက်အော်တာပါ” လို့ သူက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီက ဘုရားဆင်းတုတော် အဆူ ၁၀၀၀ ကို လစဉ်မဲဖောက်ပြီး လှူပေးနေတာ ၄ ကြိမ် ရှိပြီဖြစ်ကြောင်း သိရပါတယ်။
ဆန္ဒပြသူတွေထဲမှာ ရှေ့ဆုံးက ဦးဆောင်သူ လူ ၅၀၀ လောက်ကပဲ ကြံ့ခိုင်ရေးပါတီကဖြစ်ပြီး ကျန်တဲ့ ၂၅၀၀ လောက်ကတော့ ဘုရားပင့်ဖို့ လာတဲ့သူတွေဖြစ်တယ်လို့ ဇလွန်မြို့ခံတွေက ပြောပါတယ်။ ဆန္ဒပြပွဲထဲမှာ ယောဂီထမီ၊ အင်္ကျီအဖြူနဲ့ ဝတ်အသင်းသူတွေလည်း ပါဝင်လမ်းလျှောက် ဆန္ဒပြနေတဲ့ပုံတွေဟာလည်း Facebook လို လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
“ဒီလိုမျိုး ပြည်သူကို လိမ်လည်ပြီး ဆန္ဒပြခိုင်းတာတွေက မဖြစ်သင့်တဲ့ ကိစ္စတွေပါ။ မလုပ်ကောင်းပါဘူး။ ဆန္ဒပြတယ်ဆိုတာ ရင်ဘတ်ထဲကလာတဲ့ အစစ်အမှန်ပဲ ကောင်းပါတယ်” လို့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးလင်းသူက ပြောပါတယ်။
ပုသိမ်ခရိုင်အတွင်းက ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့က NLD ပါတီဝင်တွေက ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊အတွက် ဒီတပတ်အတွင်း ဆန္ဒဖော်ထုတ်သွားဖို့ ပြင်ဆင်နေကြပြီး ဒါဟာ ဖွဲ့စည်းပုံ မပြင်ဆင်ရေးအတွက် တန်ပြန်ဆန္ဒပြမှုတွေ ရှိနေပေမယ့် NLD ပါတီဝင်တွေကတော့ ဖွဲ့စည်းပုံပြင်ပေးဖို့ ဆက်လက် တောင်းဆိုကြမယ့် အနေအထား ဖြစ်ပါတယ်။
ဒါ့အပြင် NLD ပါတီအနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဧရာဝတီတိုင်း အတွင်းမှာရှိတဲ့ လူတန်းစား အလွှာအသီးသီးက လက်မှတ်တွေ လိုက်လံကောက်ခံဖို့ ပြင်ဆင်နေပါတယ်။
“ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် လက်မှတ်ကောက်ခံမယ့် အစီအစဉ်ကို ဒီတပတ်အတွင်း စတင်ဖို့ ကျနော်တို့ ပြင်ဆင်နေပါပြီ။ လက်မှတ်တွေကို ပါတီဝင်တွေသာမက ပြည်သူလူထုတွေဆီကလည်း ကောက်ခံသွားမှာပါ။ ဧရာဝတီ တတိုင်းလုံး အနေအထားနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လက်မှတ်တွေ ကောက်မှာပါ” လို့ ပုသိမ်ခရိုင် NLD အတွင်းရေးမှူး ဦးကျော်ကျော်ဝင်းက ပြောပါတယ်။
ဒါဟာ NLD ပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုကို ဧရာဝတီတိုင်းအတွင်း အရှိန်မြှင့်မယ့်သဘော ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ ပြင်ရေး၊ မပြင်ရေးကိစ္စမှာ မြန်မာပြည်ရဲ့ အင်အားအကြီးဆုံးပါတီ ၂ ခုဖြစ်တဲ့ NLD နဲ့ ကြံ့ခိုင်ရေး အားပြိုင်မှု ပြင်းထန်လာတာနဲ့အမျှ မတည်ငြိမ်မှုတွေနဲ့ အဓိကရုဏ်းတွေ ဖြစ်လာနိုင်တယ်လို့ တွက်ဆထားသူတွေလည်း ရှိနေပါတယ်။
“ဖွဲ့စည်းပုံ ပြင်ရေး၊ မပြင်ရေးအားပြိုင်မှုတွေ ရှိလာရင် ထိုင်းမှာလို ရှပ်နီ၊ ရှပ်ဝါလိုမျိုး ဖြစ်လာနိုင်တယ်။ မလိုလားအပ်တဲ့ အဓိကရုဏ်းတွေလည်း ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်ခဲ့ရင် ဖြစ်နိုင်ချေ ၂ ခုရှိတယ်။ ဖွဲ့စည်းပုံ မပြင်ဆင်ရေးတွေ နေရာအနှံဆန္ဒပြပြီး အနိုင်ယူသွားမလား၊ အဲဒီလို ဆန္ဒပြလို့ လူထုအုံကြွမှုဖြစ်ရင် လုံခြုံရေး အခြေအနေအရ တိုင်းပြည်ကို အရေးပေါ်အခြေအနေ ပြဌာန်းပြီး အာဏာပြန်သိမ်းမလား။ ၂ ခုစလုံးကတော့ သူတို့အတွက် အမြတ်ချည်းပဲ” လို့ ပုသိမ်မြို့က နိုင်ငံရေးလေ့လာသူ ဦးသန်းဝင်းက ပြောပါတယ်။
ဖွဲ့စည်းပုံအတွက် အားပြိုင်နေကြတဲ့ ပါတီကြီး ၂ ခုဟာ ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ ကျရင်လည်း ဧရာဝတီတိုင်းအတွင်းက မဲဆန္ဒနယ် ၂ ခုမှာ ပါတီဂုဏ်သိက္ခာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြဖို့ ရှိနေပါတယ်။