မြန်မာနိုင်ငံမှ ပါရီကလပ် အဖွဲ့ဝင် နိုင်ငံများသို့ ပေးရန် ကျန်ရှိနေသေးသည့် ကြွေးမြီများကို ၁၅ နှစ်ကြာ၊ နှစ်ရှည်ဖြင့် ပြန်ဆပ်ခွင့် ရရှိထားကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ပါရီကလပ် အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံထံ ကြွေးမြီ အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ဝန်းကျင် တင်ရှိနေပြီး တချို့သော နိုင်ငံများက ကြွေးမြီ တချိူ့ကို လုံး၀ လျှော့ပေးခဲ့သည်များ ရှိကြောင်း သမ္မတ စီးပွားရေး အကြံပေး တဦးက ပြောသည်။
“အကြွေး ကျေတာတော့ မဟုတ်ဘူး၊ ကြွေးဟောင်းကို ကြွေးသစ် ပြန်လုပ်ပစ်လိုက်တဲ့ သဘောပါ၊ အရင်တင်နေတဲ့ အကြွေးတွေ အားလုံးကို အခုချက်ချင်း ပေးစရာမလိုတော့ဘဲ နောက် ၁၅ နှစ် အတွင်း ပြန်ဆပ်ရမယ်၊ ကျနော်တို့က ကြွေးသစ်ကို သက်သာတဲ့ နည်းနဲ့ ပြန်ဆပ်ရမယ် ဆိုတဲ့သဘောပေါ့၊ အကောင်းဆုံးက နှစ်ရှည် ၁ နှစ်ချင်း အတွက် ပြန်ပြီး ဆပ်ခွင့် ရလိုက်တာပါပဲ”ဟု သမ္မတ ၏ စီးပွားရေး အကြံပေး တဦးဖြစ်သူ ဒေါက်တာ ဇော်ဦးက ပြောသည်။
ပါရီကလပ် နိုင်ငံများသို့ ပေးရန်တင်ရှိခဲ့သည့် ကြွေးမြီများကို သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် လက်ထက်တွင် ညှိနှိုင်း မှုများ စတင်လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ နှစ်ရှည် ပြန်ဆပ်ခွင့် ရရှိခြင်း ဖြစ်ကြောင်း သိရသည်။
“နော်ဝေနဲ့ အခြားနိုင်ငံ ၃ နိုင်ငံလောက်ပေါ့၊ လုံး၀ ရှိသမျှ အကြွေး အားလုံးကို လျှော်ပစ်ပေးလိုက်တာ၊ တချို့ နိုင်ငံတွေက လျှော်မပစ်တော့ သူတို့ကို ပြန်ဆပ်ဖို့ နှစ်စဉ်အလိုက် ပြန်ပေးရတာ”ဟု ဒေါက်တာဇော်ဦးက ဆက်ပြောသည်။
ပါရီကလပ် နိုင်ငံများနှင့် သွားရောက် ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ရာတွင် ကြွေးမြီ အားလုံး၏ ၆၀ ရာခိုင်နှုန်းကျော် လျှော်ပစ်နိုင်ခဲ့ပြီး ကျန်ရှိသည့် နိုင်ငံများကို ယခုကဲ့သို့ နှစ်ရှည် အဖြစ် ပြန်လည် ပေးဆပ်ရန် ညှိနှိုင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခင် အစိုးများ လက်ထက်တွင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပါရီကလပ် နိုင်ငံများသို့ ကြွေးမြီ စုစုပေါင်း ၉ ဘီလီယံကျော် တင်ရှိခဲ့ပြီး၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ ကြွေးမြီများကို ဂျပန်နိုင်ငံမှ အတိုးနှုန်း သက်သာစွာ ချေးယူပြီး ပြန်လည် ပေး ဆပ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ ပေးရန် ကျန်ရှိနေသေးသည့် ကြွေးမြီသည် အမေရိကန် ဒေါ်လာ ၃.၃ ဘီလီယံ ရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောဆိုထားသည်။
ကြွေးမြီများ တင်ရှိနေသေးသည့် အခြေအနေနှင့် ပတ်သက်ပြီး စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက “ပုံမှန် ပြန်ဆပ်နိုင်ဖို့က ဘဏ္ဍာရေး အင်အား တောင့်တင်းခြင်းနဲ့ အများကြီး ဆိုင်ပါတယ်၊ လက်ရှိ ဘဏ္ဍာရေး လိုငွေ ပြတာက ကျပ်ဘီလီယံ ၉၀၀၀ ကျော် ရှိလာပြီ ပြောတယ်၊ ဒီနေ့ ငွေလဲနှုန်းနဲ့ တွက်ရင် ဘီလီယံ တော်တော် များပြီ၊ လက်ရှိ ဗဟိုဘဏ်မှာ ရှိတဲ့ နိုင်ငံခြား အရန်ငွေ ပမာဏထက်တောင် များနေပြီလား မသိဘူး၊ အဲ့ဒီလိုဆိုရင် ဆင့်ကဲဆင့်ကဲနဲ့ ဒီသံသရာထဲက ထွက်မှာ မဟုတ်ဘူး”ဟု ပြောသည်။
ပါရီကလပ်သည် ဘဏ္ဍာရေးဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သည့် အဖွဲ့အစည်း တခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံစုစုပေါင်း ၁၉ နိုင်ငံဖြင့် ဖွဲ့စည်းထားသည်။ ယင်းနိုင်ငံများမှာ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ နော်ဝေ၊ အီတလီ၊ ဖင်လန်၊ နယ်သာလန်၊ ဒိန်းမတ်၊ ကနေဒါ၊ သြစတြေးလျ၊ စပိန်၊ ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ ဆွိဒင်၊ ဆွစ်ဇာလန်၊ အိုင်ယာလန်၊ ရှရှားနှင့် အမေရိကန် နိုင်ငံများ ဖြစ်ကြောင်း အဖွဲ့၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။