တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားရာမှ စတင်ခဲ့သော တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့အကြား တင်းမာမှု ကြောင့် ဗီယက်နမ်နိုင်ငံတွင် တရုတ်နိုင်ငံသားပိုင် စက်ရုံများကို မီးရှို့ အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ပြီး တရုတ် ၄ ဦးသေဆုံးကာ တရာကျော်ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
မေ၁၃ ရက်နှင့် ၁၄ ရက်နေ့များမှ စတင်၍ ဗီယက်နမ်ပြည်သူများက လမ်းများပေါ်တွင်ချီတက်လမ်းလျှောက်ပြီး ဗီယက်နမ် ပိုင်နက်အတွင်း တရုတ်နိုင်ငံက ရေနံတူးဖော်ခြင်းကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ရာမှ တဆင့် ဗီယက်နမ် အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ တရုတ်ပိုင် စက်ရုံများနှင့် နိုင်ငံခြားသားများ၏ စီးပွားရေးလုပ်ငန်းများကို ကျူးကျော်ဝင် ရောက်၍ ဖျက်ဆီးခြင်း မီးရှို့ခြင်း စသည့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။
နိုင်ငံခြား ကုမ္ပဏီများကို ဦးတည်၍ တိုက်ခိုက်ခဲ့သည့် အဆိုပါအကြမ်းဖက် ဖျက်ဆီးမှုများကြောင့် တရုတ်-ဗီယက်နမ် ကုန်သွယ်ရေး ကိုလည်း ထိခိုက် နစ်နာစေခဲ့ကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက မေလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်အစိုးရ၊ ကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားကုန်သွယ်မှုဌာန၏ အကြီးအကဲ Zhang Ji က သတင်းစာ ရှင်းလင်းပွဲ တခုတွင် “ ဒါက တရုတ်-ဗီယက်နမ်ကုန်သွယ်ရေး ကို အသေအချာကို ထိခိုက်စေပါတယ်။ တရုတ်နိုင်ငံက ဒီလို မဖြစ် စေချင်သလို ဒီဖြစ်ရပ်တွေကြောင့် ဗီယက် နမ်နိုင်ငံရဲ့ စီးပွားရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်” ဟု ပြောဆိုကြောင်း ဆင်ဟွာ သတင်း တွင် ရေးသားထားသည်။
တရုတ်နိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံကြား ကုန်သွယ်မှုသည် လျှင်မြန်စွာဖွံ့ဖြိုးလာနေပြီး နှစ်စဉ် ၃၀ ရာခိုင်နှုန်း အထိ တိုးတက် လျက်ရှိရာ ၂၀၁၃ ခုနှစ်အတွင်းတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၅ ဒဿမ ၅ ဘီလီယံ တန်ဖိုး ရှိခဲ့ကြောင်း တရုတ် အကောက်ခွန်ဌာန၏ အချက်အလက်များကို ကိုးကား၍ Zhang Ji ကပြောဆိုခဲ့သည်။
ဗီယက်နမ်နိုင်ငံ တွင် ဖြစ်ပွားနေသော တရုတ်ဆန့်ကျင်ရေး အကြမ်းဖက်မှုများကြောင့် ဗီယက်နမ်ရှိ တရုတ် အလုပ်သမား များကို ပြန်လည်ခေါ်ယူရန် တရုတ်အစိုးရက မေလ ၁၈ ရက်နေ့တွင် သင်္ဘော ၄ စီး စေလွှတ်ပေးခဲ့သည်။ အစောပိုင်းက ဗီယက်နမ် တောင်ပိုင်းနှင့် အလယ်ပိုင်း ဒေသများ၌ ဖြစ်ပွားခဲ့သော နိုင်ငံခြား ကုမ္ပဏီများ ဆန့်ကျင်ရေး ဆန္ဒပြတောင်းဆိုမှု ပဋိပက္ခ များအတွင်းတွင် တရုတ်နိုင်ငံသား ၂ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိခဲ့ရသော်လည်း နောက်ပိုင်း တွင် သေဆုံးသူ အရေအတွက် တိုးလာခဲ့သည်။
ဗီယက်နမ်တို့၏ မီးရှို့အကြမ်းဖက်မှု ခံခဲ့ရသော China Metallurgical Group Corporation က ဗီယက်နမ်အလယ်ပိုင်း Ha Tinh ခရိုင်ရှိ Formosa Plastics သံမဏိစက်ရုံတွင် တရုတ်အလုပ်သမား ၄ ဦး သေဆုံးခဲ့သည်ဟု မေလ ၂၀ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။
“ပဋိပက္ခ အတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသူ ၁၃၀ ဦးရှိပြီးတော့ ၂၃ ယောက်က ဒဏ်ရာပြင်းထန်ပါတယ်။ ၄ ဦးသေဆုံး ခဲ့ပါတယ်” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ခရိုင် ၂၂ ခုသို့ ပျံ့ပွား ဖြစ်ပေါ်ခဲ့ကြောင်း ဗီယက်နမ် အစိုးရက ထုတ်ဖော် ပြောကြားခဲ့သည်။ အလွန်ဒေါသထွက်နေသည့် လူအုပ်ကြီးများက နိုင်ငံခြားသားပိုင် စက်ရုံများ၊ တရုတ်နိုင်ငံနှင့် အဆက်အသွယ်ရှိသော သို့မဟုတ် တရုတ်အလုပ်သမားများ ရှိသော စီးပွားရေးလုပ်ငန်း များကို မီးရှို့တိုက်ခိုက်ခဲ့ကြပြီး စီးပွားရေး လုပ်ငန်း ၄၀၀ ကျော် ထိခိုက်ခဲ့သည်ဟု ဗီယက်နမ် အစိုးရက ဆိုသည်။ ဆန္ဒပြ အကြမ်းဖက်သူများသည် တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယားနှင့် စင်္ကာပူ ပိုင် စီးပွားရေး လုပ်ငန်းများသို့ ဦးတည် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး၏ လက်ထောက်အရာရှိ Dang Minh Khoi က မေလ ၁၇ ရက်နေ့က ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် “ဒီလိုမျိုး ဝမ်းနည်းစရာ အဖြစ်မျိုးတွေ ထပ်ဖြစ်လာစရာမရှိဘူးဆိုတာ သေချာစေဖို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဦးတည်တိုက်ခိုက်တဲ့ ဘယ်လုပ်ရပ်မျိုးကိုမှ ကျနော် တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ပြောဆိုခဲ့သည်။
ဗီယက်နမ် အစိုးရက နောက်ထပ် ဆန္ဒပြပွဲများ မဖြစ်ပေါ်စေရန် လုံခြုံရေးကို တိုးမြှင့် ထားရန် အမိန့်ထုတ်ခဲ့ပြီး အကြမ်း ဖက်မှု တွင် သံသယရှိသူ ၃၀၀ ကျော် ကို ဖမ်းဆီး စစ်ဆေးနေသည်ဟု ဆိုသည်။
“သက်ဆိုင်ရာနိုင်ငံတွေကိုလည်း သူတို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ နိုင်ငံသားတွေကို ဗီယက်နမ်နိုင်ငံမှာ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ဖို့ အာမခံချက် ရှိကြောင်း ဆက်လက်အားပေးဖို့ တောင်းဆိုပါတယ်” Dang Minh Khoi ကပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ဗီယက်နမ်နိုင်ငံ၏ အခြေအနေ ပြန်လည်အေးချမ်း တည်ငြိမ်ရေး ဆောင်ရွက်မှုကို အသိ အမှတ် ပြု ချီးကျူးလိုက်ကြပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် အစိုးရက ဆက်လက် ကူညီပေးရန် တောင်းဆို လိုက်ကြသည်။
“အဓိကရုဏ်းဖြစ်ပြီးတဲ့ အချိန်မှာ ဗီယက်နမ် အစိုးရက လျှင်လျှင်မြန်မြန် အရေးယူဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု ဗီယက်နမ် နိုင်ငံမှ ထိုင်ဝမ် ကုန်သည်ကြီးများ အသင်း ၏ ဥက္ကဋ္ဌ Liu Mei Teiက ဗီယက်နမ် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်း ရှင်များ အသင်း (VCCI) တွင်ပြုလုပ်သော အစည်းအဝေးတခုတွင် ပြောကြားခဲ့သည်။
“ကျမတို့ကို ကူညီဖို့၊ ကာကွယ်ဖို့ ကြိုးစားခဲ့ကြတဲ့ မိတ်ဆွေကောင်း ပီသတဲ့ ဗီယက်နမ် ပြည်သူတွေကို ကျေးဇူးတင် ပါတယ်” ဟု သူဆိုသည်။
ထိုင်ဝမ် အစိုးရက စက်ရုံများနှင့် ပိုင်ဆိုင်မှုပစ္စည်းများ ပျက်စီး ဆုံးရှုံးရခြင်းနှင့် လုပ်ငန်းများ ရပ်ဆိုင်းထားရ ချိန်တွင် ဝင်ငွေဆုံးရှုံးရခြင်းများ အတွက် လျော်ကြေးရရှိနိုင်ရန် ဗီယက်နမ်သို့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မေလ ၂၁ ရက်နေ့တွင် စေလွှတ်လိုက်ပြီး ကိုယ်စားလှယ် အဖွဲ့ကို ထိုင်ဝမ် စီးပွားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Shen Jong-chin က ဦးဆောင် လာကြောင်း သိရှိရသည်။
ဗီယက်နမ်နိုင်ငံကလည်း ထိခိုက်နစ်နာရသည့် နိုင်ငံခြားသားပိုင် လုပ်ငန်းများကို နည်းလမ်းအမျိုးမျိုးဖြင့် ကူညီပေးသွားမည် ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပြီး အခွန်လျှော့ချပေးရန်နှင့် လျော်ကြေးငွေ အလျှင်အမြန် ထုတ်ပေးနိုင်ရန် ဗီယက်နမ်အစိုးရက စဉ်းစားလျက်ရှိကြောင်း The Wall Street ဂျာနယ်က သတင်းဖော်ပြသည်။
ရင်းနှီးမြှုပ်နှံသူ အများစုကလည်း ဗီယက်နမ်၏ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်း များအတွက် စိတ်အား ထက်သန် နေကြဆဲဖြစ်သော်လည်း အစိုးရ၏ ထောက်ပံ့ကူညီမှု ဆက်လက်ရရှိမှာသာ ဖြစ်နိုင်မည်ဟု ရင်းနှီးမြှုပ်နှံသူများက ထောက်ပြ ကြောင်း AFP သတင်းတပုဒ်တွင် ရေးသားထားသည်။
တရုတ်နိုင်ငံနှင့် အငြင်းပွားမှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း နိုင်ငံခြားက ရှယ်ယာ ဝယ်ယူမှုများတိုးပွား နေသည့် အတွက် မေလ ၂၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်း စီးတီးမှ စတော့အိတ်ချိန်း၏ ညွှန်းကိန်း ၀ ဒဿမ ၈၄ ရာခိုင်နှုန်း မြင့်တက် သွားကြောင်း Reuters သတင်းတပုဒ်တွင်ဖော်ပြထားသည်။
လတ်တလော တရုတ်နိုင်ငံအစိုးရ ခေါင်းဆောင်တချို့က တောင်ရုတ်ပင်လယ်သည် မိမိ၏ ရေပိုင်နက်ဖြစ်ပြီး ရေပိုင်နက် အတွင်းရှိ Xisha ကျွန်းများ အနီးတွင် တရားဝင်ရေနံတူးဖော်နေခြင်းကို ဗီယက်နမ်နိုင်ငံ က ဟန့်တား နှောက်ယှက် ခဲ့ပြီး နောက် ဗီယက်နမ်နိုင်ငံ တွင်လည်း တရုတ်ကုမ္ပဏီများနှင့် တရုတ် နိုင်ငံသားများကို ဦိးတည်၍ ဆိုးရွားသော အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးမှုများ၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မိမိနိုင်ငံက ပိုင်ဆိုင်သည့် ကျွန်းများအနီးတွင် ရေနံတူးဖော် ခြင်းသည် တရုတ်နိုင်ငံ၏ အခွင့်အရေးဖြစ်ပြီး မည်သူမျှ တား ဆီးပိတ်ပင်၍ မရနိုင်ကြောင်း၊ ဗီယက်နမ်နိုင်ငံ အနေဖြင့် အမှားများအကြိမ်ကြိမ် ပြုလုပ်နေမည့် အစား သမိုင်း အစဉ်အလာကို လေးစားသင့်ကြောင်း၊ အမှန်တရားကို လက်တွေ့ ရင်ဆိုင်ပြီး တရုတ်-ဗီယက်နမ်ဆက်ဆံရေး၏ ပိုမိုကြီးမားသည့် ပုံရိပ်ကိုကြည့်သင့်ဟု ထုတ်ဖော်ပြောဆိုသည်။
ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး Phung Quang Thanh က ဗီယက်နမ် ကွန်မြူနစ်ပါတီ၊ အစိုးရနှင့် စစ်တပ်တို့က တရုတ် နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကို အလွန်တန်ဖိုးထားပါကြောင်းနှင့် ဗီယက်နမ်စစ်တပ်က အခြေအနေကို ရှုပ်ထွေးစေနိုင်သည့် မည်သည့် လုပ်ရပ်ကိုမျှ ပြုလုပ်မည် မဟုတ်ဘဲ သက်ဆိုင်ရာ ကိစ္စများတွင် တရုတ်နိုင်ငံနှင့် ဆက်လက်ဆက်သွယ် ဆောင်ရွက် သွားရန် ဆန္ဒရှိကြောင်း ပြောဆိုသည်။
ရေနံတူးဖော်မှုနှင့် ပတ်သက်၍ ယခုဖြစ်ပေါ်ခဲ့သောကိစ္စသည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ အိမ်နီးချင်းများ ကြားတွင် နောက်ဆုံးပေါ်ပေါက်ခဲ့သည့် ပြဿနာ မီးပွားတခုဖြစ်ပြီး တရုတ်နိုင်ငံက ကမ်းလွန်ရေနံနှင့် သဘာ၀ ဓာတ်ငွေ့သိုက်များ အမြောက် အများ ရှိနေသည်ဟု ယူဆရသည့် တောင်တရုတ်ပင်လယ်ပြင် တခုလုံးနီးပါးကို ၎င်း၏ ပိုင်နက် အဖြစ် သတ်မှတ် ထားသည့်အတွက် အိမ်နီးချင်း နိုင်ငံများနှင့် နယ်နိမိတ် အငြင်းပွားမှုများ ပြေလည်နိုင်မည့် အခြေအနေ မရှိသေးဟု နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောဆိုကြသည်။
Source: Reuters၊ Xinhua ၊ AFP၊ The Wall Street