ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသ ဝါလိုင်းကျေးရွာမှ ဝါလိုင်း ပြည်သူ့စစ်သည် တဦး၏ နေအိမ်တွင် မေလ ၁၉ ရက်က ဘိန်းဖမ်းဆီးမှု စစ်ဆင်ရေး ဆောင်ရွက်သည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တိုက်ပွဲကတော့ တပ်ချင်း ထိပ်တိုက် တွေ့တာကနေ ဖြစ်တာပါ။ ကျနော်တို့ဘက်က အသေအပျောက် မရှိဘူး။ အစိုးရဘက်က တယောက် သေတယ်လို့ ကြားပါတယ်။ အခုရက်ပိုင်း အစိုးရနဲ့ ကျနော်တို့တပ် နေ့စဉ် တိုက်ပွဲတွေ ပြန်ဖြစ် နေပါတယ်” ဟု TNLA ဒု ပြန်ကြားရေးမှူး ပန်လက ဧရာဝတီကို ပြောသည်။
ဖြစ်စဉ်မှာ ဝါလိုင်းကျေးရွာရှိ ပြည်သူ့စစ်သည် တဦး၏ နေအိမ်တွင် ဘိန်းဖမ်းဆီးမှု စစ်ဆင်ရေး သွားရောက်ရာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဘိန်းစိမ်း ၂၀ ပိဿာ၊ ရာဘ ဆေးပြား ၁၀ ထုပ်နှင့် အပြား၂၀၀၀ ၊ သေနတ် M-22 (၄) လက် နှင့် ပစ္စတို ၂ လက် ဖမ်းဆီး ရမိခြင်း ဖြစ်သည်ဟု ဒုပြန်ကြားရေးမှူး ပန်လက ဆက်ပြောသည်။
နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသ ဝါလိုင်းကျေးရွာသည် ဝါလိုင်း ပြည်သူ့ စစ်သည် ဦးအောင်ထွန်း ဦးဆောင်သည့် ပြည်သူူ့စစ် ဒေသ ဖြစ်ကြောင်း၊ ဝါလိုင်း ကျေးရွာတွင် အစိုးရ တပ်မ ၈၈ နှင့် ပြည်သူ့စစ်များ အခြေချထားသည့် စခန်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ အခြေအနေတွင် အစိုးရ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နေရာတွင် တပ်စခန်းများ တိုးချဲ့လာသည့် အတွက် မကြာခဏ ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း၊ ယင်းဒေသတွင် ပန်းဆေး ပြည်သူ့စစ်၊ မြို့မ ပြည်သူ့စစ်နှင့် ဝါလိုင်း ပြည်သူ့စစ်တို့ လှုပ်ရှားသည့် နေရာများ ဖြစ်ကြောင်း ဒုပြန်ကြားရေးမှူး ပန်လက ပြောသည်။
TNLA က ဦးဆောင်ပြီး ယင်းဒေသတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်နေသည့် အတွက် ဘိန်းစိုက်ပျိုးသည့် ပန်းဆေး ပြည်သူ့စစ်များ၏ ခြိမ်းခြောက်မှုကို မကြာခဏ ခံနေရပြီး တိုက်ပွဲများ ဖြစ်နေရကြောင်း TNLA စစ် ဦးစီးမှူး တဦးက ဧရာဝတီကို ပြောသည်။
မေလ ၂၀ ရက်က ရှမ်းပြည်နယ် မူဆယ် မြို့နယ်ရှိ မုံကိုးမြို့နယ်တွင် အစိုးရစစ်တပ်နှင့် TNLA၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်ဟု ဒေသခံများ ပြောဆိုချက် အရ သိရသည်။
“အခုတလော အစိုးရတပ် အများကြီး တပ်စွဲထားတယ်။ ကျနော်တို့ လှုပ်ရှားလိုက်တာနဲ့ တိုက်ပွဲ ဖြစ်တာပဲ။ အခု နေ့စဉ် တိုက်ပွဲတွေ ဖြစ်တော့ ကျေးရွာ ဒေသခံတွေလည်း အရမ်းကို ကြောက်နေ ကြတယ်။ ကျနော်တို့ဘက်က တိုက်ပွဲတွေဖြစ်ရင် ကျေးရွာမှာ မဖြစ် ဖို့ ပြည်သူတွေ မထိခိုက်ဖို့ ရှောင်ပါတယ်”ဟု အဆိုပါ စစ်ဦးစီးမှူးက ဆက်ပြောသည်။
TNLA နှင့် အစိုးရသည် ၂၀၁၃ ခုနစ် ဇူလိုင်လ ၃၁ ရက်က မူဆယ်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် ထပ်မံ တွေ့ဆုံမှု မရှိကြောင်း သိရသည်။
TNLA နှင့် KIA တို့ အခြေချ နေထိုင်သည့် ရှမ်းပြည်နယ် မြောက်ပိုင်း၌ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်း ၈ ရင်း ၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၊ စကခ ၁၆၊ တပ်မ ၇၇၊ တပ်မ ၈၈ နှင့် တပ်မ ၅၅ အပါအဝင် စုစုပေါင်း တပ်ရင်း ၄၇ ခုက နယ်မြေ စိုးမိုးရေး ဆောင်ရွက်နေကြောင်း TNLA ပြန်ကြားရေး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။