စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် ဆားလင်းကြီး၊ လက်ပံတောင်း ဒေသ အတွင်းရှိ ဝမ်ပေါင် သတ္တုထုတ်လုပ်ရေး ကုမ္ပဏီမှ တရုတ် လူမျိုး ဝန်ထမ်း နှစ်ဦးကို ပြန်ပေးဆွဲသည်ဟူသော စွပ်စွဲချက်ဖြင့် ဒေသခံ ၇ ဦး အမှုဖွင့် အရေးယူ ခံထားရကြောင်း သိရသည်။
ဆည်တဲ ကျေးရွာမှ ကိုဝင်းကျော်၊ မရီရီဝင်း၊ ကိုခင်ငြိမ်း၊ မဝင်းဝင်းဌေး၊ မဖြူနှင်းထွေးတို့ အပါအဝင် ရွာသား ၇ ဦးကို ပြစ်မှုဆိုင် ရာ ဥပဒေ ပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့် ထားပြီး မေ ၂၂ ရက်တွင် လာရောက် အစစ်ခံရန် အကြောင်းကြားစာ ပေးပို့ လိုက်ပြီဖြစ်ကြောင်း ဆားလင်းကြီး ရဲခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တဦးက ဧရာဝတီ သို့ ပြောသည်။
“ဒီနေ့ပဲ ဆည်တဲ ရွာသားတွေဆီကို အကြောင်းကြားစာ ပို့လိုက်တာ၊ ပြန်ပေးဆွဲတဲ့ အမှုနဲ့၊ ဝမ်ပေါင် ကုမ္ပဏီဘက်က တရုတ်နိုင်ငံသား အလုပ်သမားကို ဖမ်းဆီးပြီး ပြန်ပေးဆွဲသလို လုပ်ထားတဲ့အတွက်ကြောင့် အမှုဖွင့်လိုက်တာ”ဟု အထက်ပါ ပုဂ္ဂိုလ် က ဆိုသည်။
ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဒေသခံ အမျိုးသမီးတဦးက တရုတ်အလုပ်သမား နှစ်ဦးကို ပြန်ပေးဆွဲခြင်း မဟုတ်ကြောင်း၊ သတ်မှတ် ထားသော အချိန်အထိ ဝမ်ပေါင် ကုမ္ပဏီ ဘက်မှ အကြီးအကဲများ လာရောက်ခြင်း မရှိသဖြင့် အဆိုပါ တရုတ်အလုပ်သမား နှစ်ဦးကို ရွာထဲတွင် ညအိပ်စေခဲ့ရခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
ထို့အပြင် ညှိနှိုင်းမှု မပြီးပြတ်ခဲ့သည့်အတွက် တရုတ်အလုပ်သမားများကို မိမိတို့ ရွာထဲတွင် ညအိပ်ထားရန် ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်း ကိုယ်တိုင် ရွာသားများထံ အပ်နှံထားခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“ကျမတို့က ပြန်ပေးဆွဲတာ မဟုတ်ဘူး၊ ဝမ်ပေါင်က လူကြီးတွေ အချိန်ဆွဲလို့ ဒီလို ဖြစ်ရတာ၊ ည ၁၀ နာရီ အထိ လာညှိကြတဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ သိတယ်။ ဝမ်ပေါင်ဘက်က ထိရောက်အောင် ဖြေရှင်းပေးနိုင်မယ့်သူ ဘယ်သူမှ မလာတဲ့အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးတွေက တရုတ်အလုပ်သမား နှစ်ယောက်ကို ဒီတညတော့ ရွာထဲမှာပဲ သိပ်လိုက်ဖို့၊ မနက်ကြမှ ဆက်ညှိဖို့ ဆိုပြီး အပ်ခဲ့တာ၊ မတရား တရားစွဲဆိုတာ”ဟု အထက်ပါ ဆည်တဲ ဒေသခံ အမျိုးသမီးက ဆိုသည်။
တရုတ် အလုပ်သမား နှစ်ဦးကို ပြန်လွှတ်ပေးရန် ညှိနှိုင်းနေစဉ် အတွင်း ရဲမှူးကြီးများ ကိုယ်တိုင် နောက်ဆက်တွဲ အမှုဖွင့် အရေးယူမှု မလုပ်ကြောင်းကို နှုတ်ကတိ ပေးခဲ့၍ ယခု တရားစွဲဆိုခြင်းက ကတိ ချိုးဖောက်ခြင်း ဖြစ်ကြောင်း လက်ပံတောင်း ဒေသခံများအရေး ကူညီဆောင်ရွက် ပေးနေသည့် ကိုဟန်ဝင်းအောင်က ဧရာဝတီကို ပြောသည်။
“ဒါက အာဏာရ အစိုးရ ဝန်ထမ်းတွေက သူတို့ အဆင့်အတန်း၊ သူတို့ ကျင့်ဝတ် ဂုဏ်သိက္ခာကို ထုတ်ပြတာပဲ၊ အရေးမယူပါဘူးလို့ နှုတ်ကတိ ပေးခဲ့တာကို သူတို့ ကိုယ်တိုင် ပြန်ချိုးဖောက် လိုက်တာပဲ၊ သူတို့ အရေးမယူပါဘူး ဆိုလို့ တရုတ် အလုပ်သမား နှစ်ဦးကို ပြန်လွှတ် ပေးလိုက်တာ၊ ဒီလိုဆိုရင် ဒီဖြစ်စဉ်မှာ ပါခဲ့တာက တရွာလုံး ဆိုတော့ တရွာလုံး သွားအဖမ်းခံမယ်”ဟု ၎င်းက ဆိုသည်။
မုံရွာမြို့နယ် လက်ပံတောင်းတောင် ဆည်တဲ ကျေးရွာသို့ မေလ ၁၈ ရက်က မြေယာများ တိုင်းတာရန် လာရောက်သည့် ဝမ်ပေါင် ကြေးနီ လုပ်ငန်းမှ တရုတ်နိုင်ငံသား နှစ်ဦးကို ရွာသားများက ဖမ်းဆီခေါ်ယူထားပြီး သက်ဆိုင်ရာများနှင့် ညှိနှိုင်း သဘောတူညီမှုဖြင့် မေလ ၁၉ ရက် ည ၇ နာရီ ခန့်တွင် ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။