ပေးလှူခြင်းနဲ့ ပတ်သက်ပြီး ဒါယကာ ဒါယိကာမများအနေဖြင့် မှန်ကန်တဲ့ အမြင် ရှိသင့်တယ်လို့ ယူဆပါတယ်။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြတဲ့ မြန်မာနိုင်ငံသား အတော်များများဟာ ဘုရားကျောင်းကန်နဲ့ သာသနာတော်ဆိုင်ရာမှာသာ ပိုပြီး ထက်ထက်သန်သန် လှူဒါန်းလိုကြတာ တွေ့ရပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါက အနာထပိဏ်သူဌေးစတဲ့ သူဌေးကြီးများဟာ အလှူရုံကြီးတွေ ဆောက်လုပ်ပြီး လူမျိုးဘာသာ မခွဲခြားဘဲ အယုတ်အလတ်အမြတ်မရွေး ရောက်လာသမျှ လူအားလုံးကို ဖြူစင်တဲ့ သဒ္ဓါစေတနာနဲ့ နေ့စဉ် ကျွေးမွေးလှူဒါန်းခဲ့ကြတဲ့ သာဓကတွေ ရှိပါတယ်။
ယခုခေတ်မှာ ကျန်းမာရေး ပညာရေး စတဲ့ ပရဟိတ လူမှုရေးလုပ်ငန်းများ အလွန်ပင် ကျယ်ပြန့်လာတဲ့အတွက် ဝမ်းသာကြည်နူးစရာ ဖြစ်ပါတယ်။ ပရဟိတ လူမှုရေးလုပ်ငန်းများရဲ့ ရှေ့ဆောင်ဦးရွက် ဆရာတော်ကြီးတပါးဖြစ်တဲ့ သီတဂူဆရာတော်ကြီးက ပြီးခဲ့တဲ့ မေလ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးမှာ လျှောက်ထားချက်တစောင် တင်ပြလျှောက်ထားခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ လျှောက်ထားချက်ထဲမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ပြင်ဆင်မွမ်းမံ တိုးချဲ့ရာမှာ လူမှုရေးဌာနတခုကို ထည့်သွင်းဖွဲ့စည်းဖို့ရန် လျှောက်ထားချက်တချက်လည်း ပါဝင်တာ တွေ့ရပါတယ်။
တချို့သော ဒါယကာ ဒါယိကာမများဟာ ဗုဒ္ဓသာသနာဆိုင်ရာမှာ အလှူဒါန လက်နဲ့ မကွာကြသော်လည်း လူလူချင်း ယိုင်းပင်းကူညီရမယ့် ကိစ္စတွေကျတော့ စိတ်အားထက်သန်မှု နည်းနေတယ်လို့ ထင်မိပါတယ်။
ယခုအခါ တိုးပွားများပြားလာနေတဲ့ စက်ရုံအလုပ်ရုံများမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားများရဲ့ ဆန္ဒပြတောင်းဆိုသံများကို နေ့စဉ်ရက်ဆက် ဆိုသလို ကြားနေရပါတယ်။ ယနေ့ခေတ် ကျပ်တသိန်းဆိုတဲ့ ငွေပမာဏဟာ လက်ရှိ ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်လိုက်ရင် ဘယ်လောက်မှ အသုံးခံတာ မဟုတ်ပါဘူး။ အလုပ်သမားများဟာ သူတို့ ရသင့်ရထိုက်တဲ့ လစာခံစားခွင့်ထက် လောဘတကြီး ပိုပိုလွန်လွန် ရချင်လို့ ဆန္ဒပြတောင်းဆိုနေကြတာ မဟုတ်ဘူးလို့ ထင်ပါတယ်။
လုပ်ငန်းရှင်သူဌေးများဖက်မှ ကြည့်ရင်လည်း အကျိုးအမြတ်မရှိပါက လုပ်ငန်းပြိုလဲပျက်စီးသွားနိုင်ပါတယ်။ လုပ်ငန်းပျက်သွားရင် အလုပ်လက်မဲ့ ဖြစ်သွားကြရမယ့် အလုပ်သမားများကို ထိခိုက်နစ်နာစေပြန်ပါတယ်။ တကယ်တော့ အလုပ်ရှင် အလုပ်သမားဆိုတာ အပြန်အလှန် မှီခိုနေကြရတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေပါ။ အလုပ်ရှင် အလုပ်သမား နှစ်ဦးနှစ်ဖက် မျှတပြေလည်ပါမှ လုပ်ငန်းတခု အောင်မြင်နိုင်မှာပါ။ လုပ်ငန်းအောင်မြင်ပါမှ နိုင်ငံရဲ့ စီးပွါးရေး တိုးတက်အောင်မြင်ပြီး နိုင်ငံသားများရဲ့ လူနေမှုဘဝ သာယာနိုင်မှာပါ။ လုပ်ငန်းတခု ရေရှည်ရပ်တည်နိုင်ရေးမှာ အစိုးရရဲ့ ပံ့ပိုးကူညီ ထိန်းကျောင်းမှုဟာ မရှိမဖြစ် လိုအပ်မယ် ထင်ပါတယ်။
ပွင့်လင်းစ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်း အပါအဝင် ဘေးအန္တရာယ်ကြားမှာ အလုပ်လုပ်နေကြရတဲ့ အလုပ်သမားများရဲ့ ထိခိုက်နစ်နာမှုအတွက် လျှော်ကြေးကိစ္စနဲ့ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေး စတဲ့ ကိစ္စတွေမှာ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများနဲ့ နှိုင်းယှဉ်လိုက်ရင် ကွာဟမှုက အလွန်ပင် ကြီးမားလှပါတယ်။
ဗုဒ္ဓသာသနာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ လူလူချင်း ထားသင့်တဲ့ ကိုယ်ချင်းစာနာ မေတ္တာတရားတွေ ခေါင်းပါးလွန်းတယ်လို့ မြင်မိပါတယ်။ လူလူချင်း ယိုင်းပင်းကူညီတဲ့ စိတ်ဓါတ်ဟာ သူတပါးအကျိုးကို လိုလားတဲ့ မေတ္တာမှာ အခြေခံတဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်ပါ။ မေတ္တာသုတ်မှာ မြတ်စွာဘုရား ဟောထားတော်မူတဲ့ ဂါထာတပုဒ်ကို ထုတ်နှုတ်ပြလိုပါတယ်။
မာတာ ယထာ နိယံပုတ္တမာယုသာ ဧကပုတ္တမနုရက္ခေ၊ ဧဝမ္ပိ သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ။
မိခင်ဖြစ်သူဟာ ချစ်ရတဲ့ မိမိရဲ့ တဦးတည်းသော သားငယ်ကို အသက်နဲ့ လဲပြီး ကာကွယ်စောင့်ရှောက်သလို သတ္တဝါအားလုံးအပေါ်မှာ ခွဲခြားတဲ့ စိတ်မထားဘဲ ဒေါသကင်းစင် မေတ္တာယှဉ်လျှက် ကြည်လင်သော ကုသိုလ်စိတ်ကို မွေးမြူကြပါလို့ မေတ္တာသုတ်မှာ ရှင်တော်မြတ်ဘုရားက သြဝါဒစကား မိန့်မှာထားခဲ့ပါတယ်။
အမှန်က မေတ္တာသုတ်အပါဝင် ပရိတ်တရားတော်များဟာ ရွတ်ဖတ်ရုံနဲ့ ပြည့်စုံလုံလောက်တဲ့ တရားတော်များ မဟုတ်ကြပါဘူး။ ပရိတ်တရားတော်မှာ ပါဝင်တဲ့ တရားတော်ရဲ့ အဓိပ္ဗါယ်ဆိုလိုရင်းကို နားလည်သဘောပေါက်ပြီး ထိုတရားတော်အတိုင်း လက်တွေ့ဘဝမှာ လိုက်နာကျင့်သုံးခြင်းကသာ ပိုပြီး ဘုရားအလိုတော် ကျတာပါ။
မေတ္တာဆိုတာ သူတပါးရဲ့ အကျိုးစီးပွားနဲ့ ချမ်းသာသုခကို လိုလားတဲ့ ကုသိုလ်စိတ်ပါ။ မေတ္တာယှဉ်တဲ့ ကြည်လင်မွန်မြတ်တဲ့ စိတ်နဲ့ ပြုလုပ်မှု ကာယကံ၊ ပြောဆိုမှု ဝစီကံတိုင်းဟာ ကုသိုလ်ပါ။
မေတ္တာသဘောကို မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ လက်တွေ့ကျင့်သုံးဖို့ မေ့လျှော့နေတတ်ကြတဲ့ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသား ပြည်သူပြည်သားများရဲ့ အရေအတွက်ဟာ များစွာ ရှိနေမယ် ထင်ပါတယ်။
အထက်က ဆွေးနွေးပြခဲ့တဲ့ စက်ရုံအလုပ်ရုံများနဲ့ စီးပွားရေးလုပ်ငန်းများမှာ လုပ်ငန်းရှင်များဖက်မှ အလုပ်သမားများအပေါ် ထားသင့်တဲ့ လူလူချင်း ငဲ့ညှာသနားမှုနဲ့ ယိုင်းပင်းကူညီမှုဆိုတဲ့ မေတ္တာစိတ်ဟာ ရှိသင့်သလောက် ရှိပါရဲ့လားဆိုတာ ဆင်ခြင်တွေးတောစရာပါ။
ဘုရား ကျောင်း သိမ်များမှာ သိန်းရာထောင်ချီ လှူဒါန်းနိုင်ကြသော်လည်း မိမိတို့ရဲ့ အလုပ်သမားများအပေါ်မှာ ငဲ့ညှာစာနာမှု ကင်းမဲ့နေမယ်၊ ခေါင်းပုံဖြတ် အမြတ်ထုတ်နေမယ်ဆိုရင် မိမိတို့ရဲ့ လုပ်ရပ်ဟာ မိမိတို့ နေ့စဉ် ရိုသေမြတ်နိုး ရှိခိုးဦးချနေကြတဲ့ မြတ်စွာဘုရားရှင်ရဲ့ အလိုတော်နဲ့ လွဲချော်နေမှာ အမှန်ပါပဲ။
(အရှင်စန္ဒိမာသည် အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့နှင့် မြန်မာနိုင်ငံ၊ ရေးမြို့နယ်၊ အစင်ရွာ၊ မွန်စိန်တောရတို့တွင် သီတင်းသုံးသော ဆရာတော် တပါးဖြစ်သည်။)