ဒီမိုကရေစီနှင့် အမျိုးသားရေး တန်းတူ အာမခံချက်ပေးသော ဖက်ဒရယ် စနစ် ပုံဖော်မည့် ပြည်ထောင်စု စနစ် စကား အသုံး အနှုန်းကို အပစ်အခတ် ရပ်စဲရေး မူကြမ်းတွင် သုံးနှုန်းရန် တပ်မတော်ဘက်က လက်ခံလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
“တပ်မတော်က အဓိပ္ပာယ် ဖွင့်ထားတဲ့ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရ အနှစ်သာရနဲ့ တိုင်းရင်းသားတွေ အဓိပ္ပာယ် ဖွင့်တာကို တူညီအောင် လုပ်သွားမှာပါ ”ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT)မှ မူကြမ်းရေးဆွဲရေး အဖွဲ့ တာဝန်ခံ ဒေါက်တာ ဆလိုင်း လျန်မုန်း ဆာခေါင်း က ပြောသည်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မေ ၂၁ ရက်က ကျင်းပသည့် အစိုးရနှင့် NCCTတို့၏ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် မူကြမ်း ရေးဆွဲရန် ညှိနှိုင်း ဆွေးနွေးမှု အပြီးတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
မြန်မာ ငြိမ်းချမ်းရေး စင်တာ(MPC) မှ တာဝန်ရှိသူ တဦး ဖြစ်သည့် ဦးလှမောင်ရွှေကလည်း “တပ်မတော်က စောစောကတည်းက ဖက်ဒရယ် ကို လက်ခံ ထားတာပါ။ ငြင်းတာ မရှိပါဘူး”ဟု ဧရာဝတီကို ပြောသည်။
တိုင်းရင်းသားများဘက်မှ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ်၊ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု စနစ်၊ ဒီမိုကရေစီ၊ အမျိုးသား တန်းတူရေးကို အာမခံချက် ပေးသော ဖက်ဒရယ် စနစ် စသည့် အဓိပ္ပာယ် ဖွင့်ဆိုချက် ၃ ခုကို တပ် မတော်ဘက်သို့ တင်ပြရာတွင် တပ်မတော်ဘက်မှ ဒီမိုကရေစီနှင့် အမျိုးသား တန်းတူရေးကို အာမခံချက် ပေးသော ဖက်ဒရယ် စနစ်ကို ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ စ ဆွေးနွေးချိန်မှာ နှစ်ဘက် သဘောတူနိုင်တဲ့ အချက်တွေပဲ ဆွေးနွေးကြဖို့ အတွက် အခြေခံအချက် ၁၀ ချက် ကို အစိုးရဘက်ကို ပေးတယ်။ သဘောထားတွေ ပြောတယ်။ အခုက သုံးဖို့ လက်ခံပြီ ဆိုတော့၊ ကျန်တာကတော့ နိုင်ငံရေး ဆွေနွေးပွဲမှာ ဘယ်လို ဖက်ဒရယ် စနစ်နဲ့ ကိုက်ညီမလဲ ဆိုတာကို ရွေးသွားဖို့ လိုတာပေါ့”ဟု ဒေါက်တာ ဆလိုင်းလျန်မုန်း ဆာခေါင်း က ပြောသည်။
ယခု ဆွေးနွေးနေသည့် အပစ်အခတ် ရပ်စဲရေး မူကြမ်းတွင် ခေါင်းစဉ်ကြီး ၇ ခု ပါဝင်ကြောင်း အဆိုပါ ခေါင်းစဉ်ကြီး ၇ ခုတွင် အပိုဒ် ၃၃ ခု ရှိသည့် အနက် အပိုဒ် ၆မှ စတင်ပြီး နိုင်ငံရေး ခေါင်းစဉ်များ ပါဝင်ထားကြောင်း၊ ယခုအခါ ပထမဆုံး အဓိပ္ပာယ် ဖွင့်ဆိုချက်ကို လက်ခံလိုက်ပြီ ဖြစ်သောကြောင့် ကျန်သည့်အပိုင်းမှာ ဆက်လက် ဆွေးနွေးနိုင်ရန်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“ကျန်တဲ့အပိုင်းက နည်းနာပိုင်းတွေဆိုတော့ ဆက်လက် ဆွေးနွေးဖို့က လွယ်သွားပြီ၊ ဒီတော့ ကျန် ၃၃ ပိုဒ်လုံးကို နောက် နေ့တွေ ဆွေးနွေး သွားမှာပါ၊ အခုက မူတခုကို သဘောတူလိုက်တော့ ကျန်တဲ့ အခြေခံအပိုင်းတွေ ဆက်လက် ဆွေးနွေးရဦးမှာပါ”ဟု ဒေါက်တာ ဆလိုင်းလျန်မုန်း ဆာခေါင်း က ပြောဆိုသည်။
လက်ရှိတွင် တပ်မတော်ဘက်မှ သဘောထား တင်းမာနေသည့် အတွက် ဆွေးနွေးမှု ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု NCCT တိုင်းရင်းသား ခေါင်းဆောင်တချို့က ထုတ်ဖော် ပြောဆိုထားပြီး ကာကွယ်ရေး ဦးစီးချုပ်၏ သဘောထား ထုတ်ပြန်ချက် အပေါ်တွင် တိုင်းရင်းသား ခေါင်းဆောင်များ၏ ကန့်ကွက်မှု၊ ဝေဖန်မှုများစွာလည်း ရှိနေသည်။
ယနေ့ ဆွေးနွေးပွဲ အပြီးတွင် တပ်မတော်ဘက်မှ ကာကွယ်ရေး ဦးစီးချုပ် သဘောထား ထုတ်ပြန်ချက်များကို ၎င်းတို့၏ ရပ်တည်ချက် အဖြစ်သာ ကိုင်ဆွဲထားပြီး ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးခြင်း မပြုတော့ကြောင်း သိရသည်။
“ကျနော်တို့မှာ ကျနော်တို့ ရပ်တည်ချက် ရှိသလို သူတို့မှာလည်း သူတို့ ရပ်တည်ချက် ဆိုတာ ရှိသင့်တယ်၊ ဒီနှစ်ခု ကြားထဲ ကို ရောက်ရှိ ဆွေးနွေးနိုင်ရင် ကျနော်တို့တွေ လက်မှတ်ထိုးလို့ ရပါပြီ၊ သူတို့ဘက်က ပြင်ဆင်မှုတွေ အားကောင်းလာသလို လုပ်ဆောင်မှုတွေမှာလည်း တကယ်ကို ငြိမ်းချမ်းရေး လိုလားသူတွေ အနေနဲ့ လုပ်ဆောင် နေတာတွေ ရှိပါတယ်”ဟု ဒေါက်တာ ဆလိုင်းလျန်းမုန်း ဆာခေါင်း က ဆိုသည်။
ယခုဆွေးနွေးနေပွဲတွင် နှစ်ဘက်တင်ပြသည့်အချက် ၁၀၀ ကျော်ရှိသည့်အနက် အချက် ၇၀ ကျော်ကို သဘောတူထားပြီးဖြစ် ကြောင်း အစိုးရဘက်မှ ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သည့် ဦးအောင်မင်းက ပြောကြားထားပြီး အချက် ၄၀ ကျော်ဆွေးနွေးရန် ကျန်ရှိနေသည်ဟုလည်း ဆိုသည်။
အဆိုပါအချက် ၄၀ ကျော်မှာ အရေးကြီးသည့် အချက်များဖြစ်ပြီး ဖက်ဒရယ်စနစ်၊ ကိုယ်ပိုင်ပြဌာန်းခွင့် စသည့်အချက်များဖြစ် ကြောင်း သိရသည်။
ညှိနှိုင်းနေရဆဲ ဖြစ်သည့် စကားလုံး အသုံးနှုန်းတချိူ့ သုံးစွဲရာ၌လည်း အစိုးရဘက်နှင့် ညှိနှိုင်းရာတွင် သုံးစွဲရန် ခွင့်ပြု လက်ခံ မှုများ ရှိနေကြောင်း NCCT တာဝန်ရှိသူတဦး ဖြစ်သော ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
“ပြည်တွင်းစစ် ဆိုတဲ့ စကား အသုံးအနှုန်းကို အရင်က သူတို့ လက်မခံဘူး၊ အခု ကျနော်တို့ဘက်က လက်နက်ကိုင် ပဋိပက္ခနဲ့ အစားထိုးတယ်၊ ဒါကို သူတို့ လက်ခံလိုက်တယ်၊ နောက် တော်လှန်ရေးဆိုတဲ့ စကားကို အခု ဆွေးနွေးပွဲ အပြီးမှာ အခန်း ၂ မှာ ထည့်ဖို့ သဘောတူမယ့် သဘော ရှိပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
ဖက်ဒရယ်ဆိုသည့် အသုံးအနှုန်းကို စာချုပ် အခန်း(၁) တွင် စတင်ထည့်သွင်း အသုံးပြုရန် တပ်မတော်ဘက်မှ လက်ခံ လိုက် ကြောင်း၊ ထို့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်တန်းတူညီမျှရေး ကိစ္စများကို လက်ခံလာကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“တပ်မတော်ဘက်က တိုင်းရင်းသားတွေ လက်ခံနိုင်အောင် သူတို့ဘက်ကလည်း လုပ်ဆောင်နိုင်အောင် သေချာညှိတဲ့ သဘောတွေ ရှိလာတယ်၊ ကျနော်တို့က ညှိနှိုင်းရေးအဖွဲ့တွေ ဆိုတော့ တဘက် တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်တွေဘက် က တောင်းဆိုတဲ့ စကားရပ်တွေ ပါဝင်ဖို့ သွားညှိချိန်မှာ ကျနော်တို့ အကျပ်မရိုက်ဖို့ တပ်ဘက် ကရော အစိုးရဘက်က ပါ အတတ်နိုင်ဆုံး ညှိနှိုင်း ပေးလာတာတွေ ရှိပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုသည်။
မေ ၂၁ ရက်က ပြုလုပ်သည့် နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေးမှု အရ ခေါင်းစဉ်ကြီး ၇ ခု အနက် ၃ ခုကို အတည်ပြု လက်ခံ ဆွေးနွေးပြီး ဖြစ်ကြောင်း၊ ကျန်ရှိသည့် အချက်များကိုလည်း နှစ်ဖက် သက်ဆိုင်ရာကို တင်ပြနိုင်လောက်သည် အထိ နှစ်ဖက် လက်ခံနိုင်သော အချက်များကို ထည့်သွင်းရေး အတွက် ဆက်လက် ဆွေးနွေးရန် ရှိကြောင်း၊ ယခု မေ ၂၁ မှ ၃ ရက်ကြာ ဆွေးနွေး အပြီး တွင် အပစ်အခတ် ရပ်စဲရေး ဒုတိယမူကြမ်း ထွက်ပေါ်လာနိုင်ကြောင်း NCCT မှ ဖဒို စောကွယ် ထူးဝင်း က ပြောသည်။
ယခု ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး ဒုတိယ မူကြမ်းကို အပြီးသတ် ဆွေးနွေးနိုင်မည် ဖြစ်သောကြောင့် နောက်လာမည့် နှစ် ဘက် ဆွေးနွေးပွဲမတိုင်မီ တိုင်းရင်းသား ထိပ်သီး ညီလာခံတရပ် လုပ်ဆောင်ပြီး မူချောထွက်ရှိရေး ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
ဆွေးနွေးပွဲသို့ အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးခင်မောင်စိုး၊ လွှတ်တော်ဘက် မှ ဦးသိန်းဇော်၊ ဦးထွန်းမြအောင်၊ မိယာဉ်စနိုင်း၊ ဦးထွန်းထွန်းဦး၊ တပ်ပိုင်းဆိုင်ရာမှ ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒု ဗိုလ်ချုပ်ကြီး သိန်းေဋ္ဌး၊ ဒု ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဗိုလ်ချုပ် မောင်မောင်အုန်း၊ MPC ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်းတို့ တက်ရောက်သည်။
တိုင်းရင်းသားများဘက်မှ ဖဒိုစောကွယ်ထူးဝင်း၊ ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်း ၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဦးထွန်းဇော်၊ ဦးရွှေမျိုးသန့်၊ ဖဒိုစောတာဒိုမူး၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဆရာမ နန်းရော်၊ ဗိုလ်မှူးကြီး ဆင်ဝါး၊ ဆရာမ ဂျာနန်၊ ဗိုလ်မှူး တာမလာဘော၊ ဗိုလ်မှူးကြီး စောလုံလုံ တို့ တက်ရောက်ကြသည်။