အစိုးရက ယခုနှစ် မိုးစပါးရာသီအတွက် လယ်သမားများကို ပေးမည့် စိုက်ပျိုးစရိတ်ချေးငွေ ပမာဏကို လျှော့ချ လိုက်ကြောင်း မြန်မာ နိုင်ငံ တောင်သူလယ်သမားများ အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောသည်။
စိုက်ပျိုးစရိတ် ချေးငွေ အပေါ် ယူသော အတိုးနှုန်းလျှော့ချမှုနှင့်အတူ ချေးငွေပမာဏကိုပါ ယခုကဲ့သို့ လျှော့ချလိုက်ခြင်းလည်းဖြစ် သည်ဟု ၎င်းက ဆိုသည်။
“အတိုးနှုန်းကို လျှော့ချလိုက်တယ်ဆိုပေမယ့် အဓိက ပြဿနာက ဘာလဲဆိုရင် ချေးငွေပမာဏ လျှော့ချလိုက်တာပါပဲ၊ အခုဟာက မနှစ်ကထက်စာရင် မိုးစရိတ်မှာတင်ကို ၅၄ ဘီလီယံ ကျပ်လောက် လျော့သွားတာ”ဟုလည်း ဒေါက်တာ စိုးထွန်းက ပြောသည်။
အစိုးရမှ စိုက်ပျိုးစရိတ်ချေးငွေအတွက် ယူသော အတိုးနှုန်းကို ယခင် ၈.၅ ရာခိုင်နှုန်းယူရာမှ ယခုနှစ်မှစတင်ကာ ၅ ရာခိုင်နှုန်းသာ ယူတော့မည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီဌာနက ထုတ်ပြန်ခဲ့သည်။
မိုးစပါးရာသီအတွက် ချေးငွေများကို ယခုမေလကုန်နှင့် ဇွန်လအတွင်း ထုတ်ချေးပေးသွားမည်ဟု ပါရှိပြီး ချေးငွေကျပ် ၉၈၃.၅၇၇ ဘီလီယံ ထုတ်ပေးသွားမည်ဖြစ်သည်။ ယင်းမှာ ယခင်နှစ်က မိုးစပါးရာသီတွင် ထုတ်ပေးသော ပမာဏထက် ၅၄ ဘီလီယံ လျော့နည်းသွားသည့် ပမာဏဖြစ်သည်။
“အဓိကပြဿနာက လုံလောက်တဲ့ ချေးငွေရရှိဖို့က အဓိက ကျတယ်ပေါ့၊ ချေးငွေမလုံလောက်တဲ့ အခါကျတော့ အပြင်ကနေပြန်ပြီး ချေးတဲ့ အခါ တနှစ်ကို အနည်းဆုံး ၆၀ ရာခိုင်နှုန်းပေါ့၊ ဒါက ၅ ကျပ်တိုးပဲ ရှိသေးတယ်၊ ၁၀ ကျပ်တိုး ယူရတဲ့သူတွေလည်းရှိတယ်” ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။
အစိုးရက တောင်သူများသို့ စိုက်ပျိုးစရိတ် ချေးငွေပေးရာတွင် မိုးချေးငွေ ၊ ဆောင်ချေးငွေအဖြစ် တနှစ်လျှင် နှစ်ကြိမ် ထုတ်ပေး သည်။ ယင်းသို့ ထုတ်ပေးရာတွင် ၁ ဧကလျှင် ကျပ် ၁သိန်း နှုန်းပေးကာ ၁၀ ဧကအထိ အများဆုံး ထုတ်ပေးသည်။
သို့သော် အမှန်တကယ် လယ် ၁ဧက အတွက် စိုက်ပျိုးစရိတ် ကုန်ကျမှုမှာ ကျပ် ၁သိန်း ၆ သောင်းကျော် ကုန်ကျကြောင်း ပဲခူး တိုင်း သနပ်ပင်ကျေးရွာမှ လယ်သမားဦးအောင်မောင်းက ပြောသည်။
“တကယ်ပျိုးထောင်ပြီး ကောက်စိုက် မယ်ဆိုရင်တော့ လယ် ၁ဧက ကုန်ကျစရိတ်ဟာ ၁သိန်း ၆သောင်းလောက်ကုန်တယ်၊ ကျဲခင်း အတွက်ဆို လောက်ပါတယ်။ သို့သော်လည်း ဧက၂၀၊ ၂၅ ဧကလောက်ရှိတဲ့ တောင်သူတွေကိုတော့ ၁ ဧက ၁ သိန်း အပြည့် ချေးစေချင်တယ်၊ အခုဟာ ၁၀ ဧက ကျော်သွားရင် မရတော့ဘူး”ဟုလည်း ၎င်းက ပြောသည်။
တောင်သူများ အနေဖြင့် အစိုးရ စိုက်ပျိုးစရိတ် ချေးငွေကို ရရှိကြသော်လည်း ရေတိုချေးငွေ ဖြစ်ပြီး ၆လအတွင်း ပြန်လည် ဆပ်ရခြင်းကြောင့် အဆင်မပြေမှုများစွာ ရှိကြောင်းလည်း သိရသည်။
“လယ်သမား ဖွံ့ဖြိုးဖို့ဆိုရင် ဒီအတိုးနှုန်းကို မလျှော့ပါနဲ့၊ ရပါတယ်၊ ဒါပေမယ့် လယ်သမား လုံလောက်တဲ့၊ အပြင်က ငွေမဆွဲရအောင် လုံလောက်တဲ့ ချေးငွေ၊ နောက်ပြီးတော့ လေးငါးခြောက်လ မဟုတ်ဘဲနဲ့ သုံးနှစ်တန်သည်ပေါ့၊ အရစ်ကျ ချေးငွေမျိုးရမှ လယ်သမား က ကိုယ့် ယာမြေမှာ ပြန်ရင်းနိုင်မယ်၊ လယ်ယာကဏ္ဍအတွက် ဖွံဖြိုးအောင်လုပ်နိုင်မယ်၊ သီးနှံပေါ်ချိန်မှာ အူလျားဖားလျား ရောင်းပြီးတော့ အကြွေး အရေးပေါ် မဆပ်ရဘဲ ရောင်းသင့်တဲ့အချိန် ရောင်းရတဲ့ အတွက် ဈေးကွက်မှာလည်း အနှိမ်မခံရတော့ဘူး ပေါ့” ဟု ဧရာဝတီ တိုင်းဒေသကြီး ဓနုဖြူမြို့နယ် နှဲကျိုး ကျေးရွာမှ တောင်သူ ဦးသိန်းအောင်က ပြောသည်။
အစိုးရအနေဖြင့် ယခုနှစ်အတွက် ချေးငွေကို မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များ၏ တာဝန်ခံမှုဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တောင်သူများ လက်ဝယ် ထုတ်ချေးသည့် လုပ်ငန်းစဉ်အတွက်ကိုမူ မြန်မာ့လယ်ယာ ဖွံဖြိုးရေး ဘဏ်ခွဲများက တာဝန်ယူဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် တောင်သူများသို့ အစိုးရက ထုတ်ချေးပေးခဲ့သည့် စိုက်ပျိုးစရိတ်ချေးငွေ ပမာဏမှာ ၁၁၅၆.၀၅၂ ဘီလီယံကျပ် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။