Environment

ရခိုင် ကမ်းရိုးတန်းသို့ ဦးတည်သည့် မုန်တိုင်းငယ် လိမ္မော်ရောင့် အဆင့်ရှိ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင် ကမ်းရိုးတန်းကို ဦးတည် ရွေ့လျားနေသော ဘင်္ဂလား ပင်လယ်အော်မှ မုန်တိုင်းငယ်သည် လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဌာန(မိုးဇလ)သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာ့ ကမ်းရိုးတန်းနှင့် အလွန်နီးသော်လည်း စိုးရိမ်စရာ အဆင့်သို့ မရောက်ရှိသေးကြောင်း၊ ပင်လယ်မှ ရေများ တက်လာနိုင်ခြင်း မရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ဧရာဝတီသို့ ပြော သည်။

“ဒီနေ့ ညမှာ ဆိုက်ကလုန်း မုန်တိုင်း အဆင့် ရောက်မယ်။ လေတိုက်နှုန်း မိုင် ၅၀၊ ၆၀၊ ၇၀ လောက် ရှိမယ်၊ ရေကြောင်းမှာ သွားလာတဲ့ ရေယာဉ် အတွက် အန္တရာယ် ဖြစ်နိုင်တယ်၊ ကုန်းပေါ်မှာ အိမ်တွေ ဓာတ်တိုင်တွေလည်း အပျက်အစီး ရှိမယ်”ဟု ဦးထွန်းလွင် က ဆိုသည်။

လေတိုက်နှုန်းကြောင့် ရေတက်လာနိုင်ခြင်း မရှိသည့် အတွက် စိုးရိမ်စရာ မရှိသော်လည်း မုန်တိုင်းငယ် ဝင်နေသည့် အချိန်တွင် အားကောင်းသည့် ဆိုက်ကလုန်း မုန်တိုင်း ဖြစ်လာနိုင်မည်ကို စိုးရိမ်ရကြောင်း၊ လက်ရှိ အခြေအနေအရ မုန်တိုင်းသည် မည်သည့် ဘက်သို့ ဝင်ရောက်လာမည်ကို စောင့်ကြည့် နေကြောင်းလည်း ဦးထွန်းလွင်က ဆက်ပြောသည်။

“မုန်တိုင်းရဲ့ သဘောကတော့ ညဘက်တွေမှာ အားယူတတ်တယ်၊ ကျနော်တို့ ဘေးကင်း နိုင်ပါတယ်၊ သတိတော့ အမြဲထားဖို့၊ မိုးလေဝသ သတင်းကို အမြဲ စောင့်နားထောင်ဖို့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။

မိုးကြိုကာလတွင် ဘင်္ဂလား ပင်လယ်အော်၌ ဖြစ်ပေါ်သည့် မုန်တိုင်း အရေအတွက် ၁၀၀ အနက် ၃၈ ကြိမ်သည် မြန်မာနိုင်ငံသို့ ဝင်ရောက်လေ့ ရှိသည်ဟု ဦးထွန်းလွင်က ပြောဆိုထားသည်။ မြန်မာနိုင်ငံကို ဝင်သည့် မုန်တိုင်းများ၏ ၅၁ ရာခိုင်နှုန်း (သို့) တဝက်ကျော်လောက်သည် မိုးကြိုကာလတွင် ဝင်ရောက်လေ့ ရှိကြောင်း သိရသည်။

ယခု ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ရခိုင်ကမ်းခြေသို့ ဝင်ရောက်မှု ရှိလာပါက မဝင်ရောက်မီ ၁၂ နာရီ အလိုတွင် မုန်တိုင်း သတိပေးချက် (အနီရောင်) ထုတ်ပြန်မည်ဟု မိုးလေဝသနှင့် ဇလဗေဒဌာနက ပြောသည်။

ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ဂွမြို့၏ အနောက်တောင်ဘက် မိုင် ၁၆၀ ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်နှင့် စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ၂၂၅ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ်သည် အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး နောက်ဆုံး တိုင်းထွာ ရရှိသော ခန့်မှန်းချက်များ အရ မေလ ၂၂ ရက် မွန်းတည့်ချိန်မှ နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်းသို့ ဦးတည် ရွေ့လျား လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း မိုးဇလက သတင်းထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading