ပန်ပက်၊ ရွမ်းကူနဲ့ ဒေါကီးလို့ အမည်ရတဲ့ ရွာလေး ၃ ရွာဟာ ကယားပြည်နယ်၊ ဒီမောဆို့မြို့နယ်ထဲက တောင်တန်းတွေပေါ်မှာတည် ရှိပြီး ကယန်း လဟွီ ခေါ် ကြေးခွေပတ် (ကယန်းပဒေါင်) လူမျိုးတွေ နေထိုင်ကြပါတယ်။ အဲဒီ တိုင်းရင်းသားတွေဟာ တိမ်မြုပ် ပျောက်ကွယ် လာနေပြီ ဖြစ်တဲ့ ကြေးကွင်းပတ် ယဉ်ကျေးမှုကို ထိန်းသိမ်း ဝတ်ဆင်နေကြဆဲ လက်ကျန်ကြေးကွင်းပတ် အမျိုးသမီးတချို့ နေထိုင်ကြတဲ့ ရွာလေးတွေလို့လည်း ဆိုနိုင်ပါတယ်။
အဲဒီ ရွာလေးတွေကို ယမန်နှစ် ခရစ္စမတ်ကာလတုန်းက သွားဖြစ်ခဲ့ပါတယ်။ ကယားပြည်နယ် ဆောင်းဥတုရဲ့ အအေး ပိုပုံကလည်း အရိုးထိအောင် စိမ့်ပါတယ်။ တချို့ စာအုပ်တွေမှာ ယကန်း လဝီလို့ ရေးကြတဲ့ ကယန်း လဟွီ တိုင်းရင်းသားတွေ နေထိုင်တဲ့ ပန်ပက်၊ ရွမ်းကူနဲ့ ဒေါကီးရွာတွေနားက တောင်ထိပ်တွေမှာ နံနက် ၁၀ နာရီ လောက် အထိ မြူနှင်းတွေက မစဲသေးပါဘူး။
ညို့မှိုင်းနေတဲ့ တောင်တန်းတွေပေါ်မှာ မြူကြားထဲက ထိုးထွက်နေတဲ့ တောင်ထွတ် တောင်စွယ်တွေဟာ မြင်ရသူအဖို့ သက်ဝင်ပန်းချီကားတချပ် အလားပါပဲ။ ထင်းရှူးပင်တွေ အများအပြား ပေါက်နေတဲ့ တောင်တန်းတွေရဲ့ ဆင်ခြေလျော တွေမှာတော့ ကယန်းလဟွီတွေ ကန်သင်းခတ် ဆင့်ထားတဲ့ လှေခါးထစ် တောင်ယာ စိုက်ခင်းတွေကိုလည်း တွေ့ရပါတယ်။
အဲဒီ လှေခါးထစ်တောင်ယာ စိုက်ခင်းတွေရှိနေတဲ့ တောင်ကုန်းတွေပေါ်ကနေ ကြည့်လိုက်ရင် ဓနိမိုး သက်ငယ်မိုး၊ ဝါးထရံကာ အိမ်တွေထက် သွပ်မိုး၊ ပျဉ်ထောင်အိမ်တွေနဲ့ နှစ်ထပ်တိုက်အိမ်တွေက ပိုများတဲ့ ရွမ်းကူနဲ့ ဒေါကီးရွာလေးတွေကို လှမ်းမြင်နေရပါတယ်။ ရွာအပြင်မှာတော့ ရိုးရာနတ်ပူဇော် ပွဲတွေကျင်းပတဲ့ တံခွန်တိုင်တွေ ကိုလည်း အထင်းသား မြင်နေရပါတယ်။
တံခွန်တိုင်ကြီးတွေနဲ့ တွဲလျက် ရှိနေတဲ့ ဒေါကီး ရွာလေးရဲ့ ရွာလယ်လမ်းဘေး တနေရာမှာတော့ နေပူဆာလှုံရင်း ဂျပ်ခုတ်နေတဲ့ ကြေးကွင်းပတ် အသက် ၅၀ အရွယ် ကယန်း အမျိုးသမီးကြီးတဦးကို တွေ့ရပါတယ်။
ဦးခေါင်းက ဆံမြိတ်တွေကို မျက်ခုံးအထက်မှာ ညီညီညာညာ ညှပ်ထားပြီး ဆံထုံးကိုတော့ အစိမ်းနုရောင်နဲ့ အဝါရောင် ရှိတဲ့ ပဝါစနှစ်ခုနဲ့ ပတ်ထားပါတယ်။ ပခုံးပေါ်ကနေ မေးစေ့အထိ လည်တိုင်တခုလုံးကို ၄ ပိဿာ လောက်ရှိတဲ့ ကြေးခွေနဲ့ ပတ်ထားပြီး ဒူးဆစ်အောက်ကနေ ခြေမျက်စိ အထိလည်း ၂ ပိဿာလောက်ရှိတဲ့ ကြေးခွေတွေ ပတ်ထားပါတယ်။
ဒါတင် မကသေးပါဘူး။ လက်ကောက်ဝတ်မှာလည်း တလက်မလောက် ရှိတဲ့ ငွေရောင် လက်ကောက်တွေကို တဖက် ၄ ကွင်းလောက် ဝတ်ထားပြီး ရိုးရာ ဂျပ်ခုတ်ထည် အကျႌကိုလည်း ဝတ်ထားပါသေးတယ်။ သူရက်လုပ် ထားတဲ့ ပုဝါတွေ၊ လွယ်အိတ်နဲ့ ရိုးရာရက်ထည် တွေကို အိမ်ရှေ့က ဆိုင်ခန်းလေးထဲမှာ ချိတ်ဆွဲထားပါတယ်။ အဲဒီ ဆိုင်ခန်းလေးက အိမ်ကလေးရဲ့ရှေ့ လမ်းမကို မျက်နှာမူပြီး ဖွင့်ထားတဲ့ ဆိုင်ခန်းလေးပါပဲ။ ဒီရွာကို လာလည် ကြတဲ့ နိုင်ငံခြားသားတွေနဲ့ လေ့လာသူတွေကို ရောင်းဖို့ပါ။
ဂျပ်ခုတ်နေတဲ့ ကယန်း အမျိုးသမီးကြီးက ထိုင်းနိုင်ငံက ကြေးပတ်ကယန်းရွာ တွေသွားပြီး အလုပ် လုပ်ခဲ့ ဖူးသူလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာက နိုင်ငံခြားသား ခရီးသွားတွေကို စိတ်ဝင်စား ဆွဲဆောင်ဖို့ ကြေးပတ် ကယန်းတွေကို အခကြေးငွေယူပြီး ပြသတာ တွေ ရှိတယ်လို့ ဆိုပါတယ်။ ကယန်းစကားနဲ့ ထိုင်းစကားပဲ ပြောတတ်တဲ့ ကယန်းကြေးပတ် အမျိုးသမီးကြီးနဲ့ ထိုင်းလိုပဲ စကားပြော ဖြစ်ခဲ့ပါတယ်။
“ငယ်ငယ်ကတည်းက ရိုးရာအရ ဝတ်လာတာ ဆိုတော့ ကြေးခွေမရှိရင်တော့ နေရတာ တခုခုလိုနေ သလိုပဲ။ ကျမလည်ပင်းနဲ့ ခြေထောက်တွေမှာရှိတဲ့ ကြေးခွေတွေက သေတဲ့အထိ ကျမနဲ့ အတူရှိသွားမှာ” လို့ ဂျပ်ခုတ် နေရင်းက ပြောပြပါတယ်။
ရွမ်းကူနဲ့ ဒေါကီးရွာတွေ မှာတော့ ၂ ရွာပေါင်းမှ ကြေးကွင်းပတ်ထားဆဲ အမျိုးသမီး ၁၅ ယောက်လောက်ပဲ ကျန်ရှိပြီး ပန်ပက်ရွာနဲ့ပေါင်းရင် စုစုပေါင်း အယောက် ၂၀ ကျော်လောက်ပဲ ရှိတော့မယ်လို့ ရွမ်းကူရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုက ရှင်းပြပါတယ်။ ကြေးကွင်းပတ် အမျိုးသမီး အများစုဟာ အသက်ကြီးပိုင်း အရွယ် ဖြစ်ပြီး လူငယ်ပိုင်းတွေက ရိုးရာပွဲလမ်းသဘင်တွေက လွဲရင်ကျန်တဲ့ အချိန်မှာ ဝတ်ဆင်ခြင်း မပြုကြတော့ဘူး လို့ သိရပါတယ်။
အသက် ၄၀ ကျော်ပြီ ဖြစ်တဲ့ ဦးအောင်ကိုက “ဓလေ့အရဆိုရင် ၈ နှစ်လောက်က စပြီး ပတ်ကြတယ်။ ကျနော်တို့ ၁၆ နှစ်သားလောက်တုန်းက ဆိုရင် မိန်းကလေးတိုင်းလိုလို ကြေးပတ်ကြတယ်၊ အပျိုမတွေ ဆိုရင် ကြေးပတ်မှ လှတယ်၊ ကြေးခွေများများ ပတ်နိုင်မှ ပိုလှတယ်လို့ မြင်ကြတယ်။ ကြေးခွေ မပတ်နိုင်တဲ့သူတွေက ဆင်းရဲလို့ မပတ်နိုင်သူတွေပဲရှိတယ်၊ ကျနော့်မိန်းမ ဆိုရင် ဆင်းရဲတော့ ကြေး မပတ်နိုင်ဘူးလေ” လို့ သူက ရှင်းပြပါတယ်။
ခေတ်ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှု တွေကြားမှာ ကူးလူးယှက်နွယ် လာတဲ့ ယခုလို ကာလမှာ ကယန်းလူငယ်တွေ ကြားထဲမှာလည်း ကြေးခွေပတ်ခြင်း ဓလေ့ဟာ စိတ်လွတ်လပ်မှုကို အဟန့်အတား တခုလို ဖြစ်လာနေတယ်လို့ တောင် ပြောဆိုလာကြတယ်လို့ ဆိုပါတယ်။
အသက် ၂၀ ကျော်အရွယ် ဘွဲ့ရပြီးသူ ကယန်းလဟွီ အမျိုးသမီးငယ်တဦးက “ကျောင်းတက်ချိန်၊ အများသူငါ ကြားထဲ သွားတဲ့ အခါတွေ ကျရင် တချို့က ကြေးခွေပတ်ထားတဲ့ ကိုယ့်ကို သီးခြားခွဲထွက်နေတဲ့ လူတဦးလို့ မြင်နေတယ် လို့ ခံစားရတယ်၊ ဒါ ကြောင့် မပတ်ဖြစ်တော့ဘူး။ တံခွန်တိုင် (ကယန်းရိုးရာ ဘာသာရေး) ပွဲတော်နေ့တွေ ဆိုရင်တော့ ကိုယ့်ရိုးရာ နေ့တွေ ဆိုရင်တော့ ပတ်တယ်” လို့ ဆိုပါတယ်။
တချို့ ကယန်းတွေက ကြေးပတ်လိုကြ ပေမယ့် လိုအပ်တဲ့ ကြေးကို မဝယ်နိုင်တာ၊ ကြေးရှားသွားတာ၊ ကြေးပတ် တတ်တဲ့ လူတွေ ထိုင်းနိုင်ငံဘက် ရောက်ကုန်တာ စတာတွေ ကလည်း ကြေးပတ်ကြဖို့ အခက်အခဲတွေနဲ့ ကြုံရစေတဲ့ အကြောင်းအရင်း တွေထဲက အချက်တွေပါ။
ရွမ်းကူရွာသူ ကြေးကွင်းပတ် အသက် ၆၀ ကျော်အရွယ် ကယန်းလဟွီ အမျိုးသမီးကြီး တဦးကတော့ `ကျမက ငယ်ငယ်လေး ကတည်းက ရိုးရာအတိုင်း ကြေးပတ်လာခဲ့တာ၊ အိပ်လည်း ဒီအတိုင်း၊ စားလည်း ဒီအတိုင်းပဲ၊ ကျမ သေတဲ့ အထိ စွန့်လွှတ်မှာ မဟုတ်ဘူး၊ အခု နောက်လူတွေက ဒီဓလေ့ကို စွန့်လွှတ်သွားကြ တာတော့ စိတ် မကောင်းဘူး” လို့ ဆိုပါတယ်။
ရွမ်းကူနဲ့ ဒေါကီးရွာတွေဟာ ၁၉၈၈ မတိုင်မီက ဓနိမိုး၊ သက်ငယ်မိုးပြီး ဝါး၊ သစ် စတာတွေနဲ့ တည်ဆောက် ထားကြတဲ့ အိမ်တွေသာ ရှိခဲ့ပြီး အခု နောက်ပိုင်းမှာတော့ တိုက်အိမ်တွေ ပေါများလာပါတယ်။ နိုင်ငံအတွင်း စီးပွားရေး အဆင်မပြေမှုတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ကူးပြောင်း သွားကြပြီး အလုပ်လုပ်ကြတဲ့ ကယန်း တွေဟာ ရတဲ့ လစာတွေကို စုပြီး ရွာမှာ တိုက်အိမ်တွေ ပြန်ဆောက်ကြတာပါ။
ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နိုင်ငံခြားသားတွေကို အခကြေးငွေယူပြီး ပြသတဲ့ ကယန်းရွာတွေမှာ အလုပ် လုပ်နေ ကြတဲ့ ကြေးပတ်ကယန်းတွေ အများစုဟာ ဒီရွမ်းကူနဲ့ ဒေါကီးရွာတွေက သွားရောက်ပြီး အလုပ် လုပ်ကြသူတွေ ဖြစ်ကြပါတယ်။ ရွမ်းကူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကို ကိုယ်တိုင်လည်း ထိုင်းက ကြေးပတ်ကယန်းရွာ တွေမှာ နှစ်နဲ့ချီပြီး အလုပ်လုပ်ခဲ့ဖူးတယ် လို့ ဆိုပါတယ်။
“ရွာမှာက အလုပ်အကိုင် ကောင်းကောင်း မရှိဘူးလေ။ ဒီမှာ ကျနော်တို့ စိုက်တဲ့ တောင်ယာတွေက ကိုယ်စားဖို့ လောက်ပဲ ရကြတယ်၊ တခြားအလုပ်က မရှိဘူးလေ၊ ထိုင်းမှာက နိုင်ငံခြားသားတွေ လာကြည့်တယ်၊ ကိုယ် ရက်လုပ်ထားတဲ့ အထည်တွေ ဝယ်သွားရင် ပိုက်ဆံ အပိုရတယ်၊ လခကလည်းရတယ်၊ ထိုင်းမှာ အလုပ်လုပ်ရင် တလကို မြန်မာငွေ တသိန်းခွဲလောက် ကျန်တယ်၊ ဒီမှာက အဆင်မပြေကြဘူးလေ” လို့ ဆိုပါတယ်။
ထိုင်းမှာရှိတဲ့ ကယန်းတွေ အတွက် ထိုင်းလုပ်ငန်းရှင်တွေက ကြေးပတ်တတ်တဲ့ သူကို မြန်မာနိုင်ငံကနေ သီးသန့် ခေါ်ယူပေးထား သလို လိုအပ်တဲ့ ကြေးတွေကိုလည်း ရှာဖွေပေးတဲ့ အပြင် ရိုးရာ ရက်ထည်တွေ လုပ်ဖို့ အတွက်လည်း ပံ့ပိုးပေးတာ ကြောင့် သူတို့အတွက် လစာအပြင် အပိုဝင်ငွေ တွေလည်း ရရှိလို့ ပိုအဆင်ပြေတယ် လို့ ပြောပါတယ်။
ထိုင်းက ကယန်းရွာတွေမှာ အလုပ် လုပ်နေကြတဲ့ ရွမ်းကူနဲ့ ဒေါကီးရွာတွေက အမျိုးသမီးတွေ အများစုဟာ ထိုင်းမှာ အလုပ်အကိုင် အဆင်ပြေနေ ကြတာကြောင့် အလုပ်အကိုင် ဖွံ့ဖြိုးမှု အားနည်းနေတဲ့ မြန်မာပြည် နေရပ်ရင်းမှာ ပြန်ပြီး အလုပ် လုပ်ကိုင်ကြဖို့ အခက်အခဲတွေ ရှိနေကြတယ် လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ထဲမှာ ရှိတဲ့ ကယန်းရွာတွေက အဲဒီ ကြေးကွင်းပတ် အမျိုးသမီးတွေကို နိုင်ငံခြားသား တွေ ကြည့်ရှုဖို့ မနုဿ လှောင်ချိုင့် (Human Zoo) ပုံစံ လုပ်တယ် ဆိုပြီး ဝေဖန်ခံရမှုတွေ ရှိပါတယ်။ အဲဒီ ကိစ္စကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒဖော်ထုတ် တောင်းဆိုကြဖို့ ပြင်ဆင်ကြ ပါသေးတယ်။
ဒါပေမယ့် အဲဒီလို ကန့်ကွက်တာကို ထိုင်းမှာ ရောက်နေတဲ့ တချို့ ကြေးကွင်းပတ် ကယန်းတွေက မလိုလားကြ ဘူး လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထိုင်းဘက်မှာက အလုပ်အကိုင်နဲ့ နေထိုင်စရာတွေက နေရင်းအရပ် မြန်မာနိုင်ငံထက် သာလွန်နေတာကြောင့် လို့ သိရပါတယ်။
ထိုင်းနိုင်ငံက ကယန်းရွာမှာ လုပ်ကိုင်နေတဲ့ ကြေးကွင်းပတ် အမျိုးသမီးတဦးက “ဘယ်သူ မဆို ကိုယ့်မြေ ကိုယ့်လူမျိုးကို ချစ်ကြတာပဲ၊ ဒါပေမယ့် ကိုယ့်ဆီမှာက လုပ်စားကိုင်စားစရာ မရှိတော့ ငတ်နေတယ်လေ။ ဘယ်သူမှ လာမကျွေးနိုင်ဘူး။ ဒါကြောင့် အဆင်ပြေတဲ့ နေရာမှာပဲ စီးပွားရေး အရ သွားလုပ်နေကြရ တာပေါ့၊ အခုချိန် မြန်မာပြည် ပြန်လည်း ဘာအလုပ်မှ မရှိဘူး၊ နွေဆိုရင် သောက်ရေတောင် သောက်စရာ မရှိဘူး၊ ဒီ (ထိုင်း) မှာက ရေမီးအစုံ ရာသီဥတု မရွေး ကျမတို့ကို ထားတယ်၊ ဒီအပေါ်မှာ သာယာနေတာတော့ မဟုတ်ပါ ဘူး၊ မြန်မာပြည်မှာ ကျမတို့ သားသမီးတွေ ငတ်ပြတ်နေတာ ကျမတို့ မကြည့်ရက်ဘူးလေ” လို့ ရှင်းပြပါတယ်။
အခုဆိုရင် ကြေးကွင်းပတ် ကယန်းတွေကို ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင် ဒေသမှာတင် မကတော့ဘဲ နိုင်ငံခြားသားတွေ အလာများတဲ့ ချင်းမိုင်နဲ့ ချင်းရိုင် ဒေသတွေမှာပါ ရွာတွေ တည်ပြီး ထားလာကြ ပါတယ်။ သူတို့ရွာတွေထဲကို ဝင်ရောက် လေ့လာလိုတဲ့ နိုင်ငံခြားသားတွေ အနေနဲ့ကတော့ တဦးကို ဘက် ၅၀ဝ (မြန်မာငွေ ကျပ် ၁ သောင်းခွဲခန့်) ဝင်ကြေး ပေးရပါတယ်။
ဒီရွာတွေကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် တွေက ကြေးကွင်းပတ်ကယန်း အမျိုးသမီးတွေကို ထိုင်းနိုင်ငံဖွား ထိုင်းနိုင်ငံသားတွေလို့ ထင်မြင်နေကြတာ ကိုတော့ အဲဒီရွာတွေမှာ အလုပ် လုပ်ကိုင်နေကြတဲ့ ကြေးကွင်းပတ် အမျိုးသမီးတွေ ကိုယ်တိုင်က ကြိုက်နှစ်သက်မှု မရှိကြဘူးလို့ ဆိုပါတယ်။
“ကယန်းအလှ” လို့ အမည်ရတဲ့ ကြေးပတ်ကယန်း လဟွီတွေ အကြောင်းကို ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဦးအောင်ကိုလတ် ကတော့ “ကြေးပတ် ကယန်းတွေဟာ မြန်မာနိုင်ငံက ဖြစ်တယ် ဆိုတာ သက်သေပြချင်လို့” ရိုက်ကူး တင်ဆက်ခဲ့တာ ဆိုပြီး ဧရာဝတီနဲ့ အင်တာဗျူး တခုမှာ ပြောဆိုခဲ့ပါတယ်။
သူ ရိုက်ကူးခဲ့တဲ့ “ကယန်းအလှ” ဇာတ်ကားဟာ ပြီးခဲ့တဲ့ နှစ် မတ်လထဲမှာ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆုဆွတ်ခူးခဲ့သလို မြန်မာနိုင်ငံရဲ့ ၂၀၁၂ ခုနှစ် အကယ်ဒမီဆု ပေးပွဲမှာလည်း အကောင်းဆုံး ရုပ်ရှင်ထူးချွန်ဆုတွေထဲက ရုပ်ရှင် အသံဆုနဲ့ ဓာတ်ပုံဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါ တယ်။ ပြီးတော့ မလေးရှား နိုင်ငံမှာ ကျင်းပတဲ့ AIFFA 2013(Asian International Film Festival and Award 2013) ရုပ်ရှင်ပွဲတော်မှာ Special Jury Award ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံက ကယန်းရွာတွေမှာ ကြေးပတ်တဲ့ သူတွေ တိုးပွားလာနေချိန်မှာ နေရင်းရပ် အမိမြေမှာတော့ ကြေးပတ် ကယန်းတွေက တနိုင်ငံလုံးပေါင်းလို့ ကြေးပတ်တဲ့သူ အယောက် ၅၀ တောင် မပြည့်တော့ဘူး လို့ ကယန်းလဟွီ တိုင်းရင်းသားလည်းဖြစ်၊ “ကယန်းလူမျိုး၊ ကယန်းဓလေ့” စာအုပ်ကို ပြုစုရေးသားပြီး ၂၀ဝ၉ ခုနှစ်က အမျိုးသား စာပေဆုရရှိခဲ့သူ ဦးကျော်သန်း (ဖယ်ခုံ) က ရှင်းပြပါတယ်။
“အခုဟာက ကြေးပတ်က ပန်ပက်အုပ်စု (ပန်ပက်၊ ရွမ်းကူ၊ ဒေါကီး) ဘက်မှာ ဆယ်ဂဏန်း လောက်ပဲ ရှိတော့တယ်၊ မိုးဗြဲဘက်မှာ အရင် ၅ ယောက်လောက် ကျန်သေးတယ်။ အခု မရှိတော့ဘူး၊ ဖယ်ခုံမြို့နယ် ထဲမှာတော့ တယောက်စ၊ နှစ်ယောက်စ တော့ ရှိသေးတယ်။ ထိုင်းဘက် ကတော့ဗျာ စီးပွားရေး အရ ခေါ်ပြီး လုပ်တာပေါ့” လို့ သူက ရှင်းပြပါတယ်။
ကယန်းလဟွီ လူမျိုးတွေရဲ့ ကြေးကွင်းပတ် ဓလေ့တွေ ပျောက်လုလု အထိ လျော့ကျလာတာနဲ့ ပတ်သက်ပြီး ကယန်းစာပေ၊ ကယန်းယဉ်ကျေးမှု အဖွဲ့အပါအဝင် ဘက်စုံပါဝင်တဲ့ ကယန်းလူမျိုး အဖွဲ့အစည်း အသီးသီးက လည်း ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပေမယ့် ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ရေရှည် တည်တံ့မယ့် အစီအစဉ်တွေ ကိုတော့ မရေးဆွဲနိုင်ခဲ့ကြ ပါဘူး။
“လျော့နည်း သွားတာတော့ အမှန်ပဲ၊ နည်းသွားတဲ့ အကြောင်းအရင်းက ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ ကြေးကလည်း မနည်းဘူး၊ ဒီကြေးတွေရဲ့ အလေးချိန်ကလည်း မနည်းဘူး၊ ဆိုတော့ ခေတ်ကာလတွေ ပြောင်းလာတာနဲ့ ဒါဟာ ခေတ်မညီတော့ဘူး၊ ဝန်ထုပ် ဝန်ပိုးကြီး တခုလို ဖြစ်လာတယ် ဆိုတဲ့ သဘောနဲ့ မပတ်ချင်ကြတာ များတယ်” လို့ ကယန်း စာပေနဲ့ ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးတုတ်ပေါကလည်း ပြောပါတယ်။
ကယန်းမျိုးနွယ်စုတွေ ဖြစ်တဲ့ ကယန်း ကငန်၊ ကယန်း လထာ၊ ကယန်း ဂေခို-ဂေဘား၊ ကယန်းလဟွီ ဆိုတဲ့ ကယန်းမျိုးနွယ်စု ၄ စုထဲမှာ ကယန်းလဟွီ မျိုးနွယ်စုရဲ့ ကြေးပတ်ဓလေ့ဟာ ထင်ရှားခဲ့ပေမယ့် လွတ်လပ်ရေး ရပြီး နောက်ပိုင်းမှာ ကတည်းက ကြေးပတ်တဲ့ ဓလေ့ဟာ တဖြည်းဖြည်း လျော့ကျလာခဲ့တာ ဖြစ်တယ်လို့ ထိုင်း-မြန်မာ နယ်စပ်မှာ အခြေ စိုက်ပြီး မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ တိုင်းရင်းသား အရေးတွေ လုပ်ဆောင်နေတဲ့ ကယန်းလဟွီ လူမျိုး ဦးခွန်မာကိုဘန်းက ပြောပါတယ်။
အသက် ၆၀ ကျော်ပြီ ဖြစ်တဲ့ ဦးခွန်မာကိုဘန်းက “အရင်တုန်းက သူ့ အုပ်စုနဲ့သူ တောတောင်ထဲမှာ နေတော့ ဒါကို ဂုဏ်ယူကြတယ် လေ။ ဒုတိယ ကမ္ဘာစစ် ကာလမှာ ဖက်စစ်ဂျပန်နယ်ချဲ့တွေ ကလည်း ကျနော်တို့ နယ်မြေထဲ ဝင်လာတော့ လူစုတွေ ကွဲကုန်တယ်။ တခြားနေရာတွေ ရောက်ကုန်ကြတဲ့ ကျနော်တို့ လူမျိုးတွေက တခြား လူမျိုးတွေနဲ့ ဆက်ဆံလာတဲ့ အခါကျတော့ ဒါတွေဟာ လေး တယ် ဆိုတာမျိုး မြင်လာကြပြီး ကြေးပတ်တာကို စွန့်လွှတ်ခဲ့ကြတယ်၊ အခု ဆိုရင် ကြေးပတ်တဲ့လူ ၁ ရာခိုင်နှုန်းတောင် မပြည့် တော့ ဘူး” လို့ ဆိုပါတယ်။
ဦးခွန်မာကိုဘန်းက ဆက်လက်ပြီးတော့ “ကြေး ပတ်တွေကို စွန့်လွှတ်လိုက်တယ် ဆိုတာက တနည်းအားဖြင့် ကျန်းမာရေး အရပဲ ကြည့်ကြည့် အင်မတန် ကောင်းတဲ့ ပြောင်းလဲမှုတခုပဲ လို့ ကျနော်တော့ အဲဒီလို မြင်တယ်။ သူ့အချိန် သူ့အခါအရ ပြောင်းလဲသွားတာ ဟာလည်း ဝမ်းသာစရာပါ၊ ဒါပေမယ့် နေ့ကြီးရက်မြတ်တွေ ဆိုရင် တော့ ဒီဓလေ့တွေ မပပျောက်ဖို့ အရင်တုန်းက ငါတို့မှာ ဒီလို ဒီဓလေ့တွေ ရှိတယ် ဆိုတာ ထိန်းသိမ်း စောင့်ရှောက်ဖို့တော့ လိုတယ်” လို့ ဆိုပါတယ်။
အခုလက်ရှိ ကြေးကွင်းပတ်နေဆဲ ကယန်းတွေ ကတော့ ကယန်းကြေးပတ်ဓလေ့ရဲ့ နောက်ဆုံး ကြေးကွင်းပတ် မျိုးဆက်တွေ ဖြစ်ဖွယ်ရှိပြီး ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှာထက် ကြေးပတ်မယ်တွေ ပိုပြီး ကျန်အောင် ထိန်းသိမ်းသွားနိုင် လိမ့်မယ်လို့ ကယန်းယဉ်ကျေးမှု လေ့လာသူတွေက ပြောပါတယ်။
ကယန်း တိုင်းရင်းသား ခေါင်းဆောင်တွေက ထိုင်းမှာ ရောက်နေကြတဲ့ ကြေးပတ်ကယန်းတွေ မွေးရပ်မြေကို ပြန်လာပြီး နေထိုင်စေ လို တဲ့ ဆန္ဒတွေ ရှိကြပါတယ်။ ဒါပေမယ့် သူတို့ အတွက် ထိုင်းနိုင်ငံမှာ ရရှိနေတဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေမျိုးတွေ ဖန်တီးပေးနိုင်ဖို့က ခက်ခဲနေပါတယ်။ အဲဒါ အပြင် လက်ရှိ ကယန်းရွာတွေမှာ ရှိနေတဲ့ ကြေးကွင်းပတ်ကယန်း တွေကတောင် ထိုင်းနိုင်ငံကို သွားရောက် ဖို့ ခြေဦးတပြင်ပြင် လုပ်နေကြပါပြီ။
ဒါ့အပြင် ကြေးပတ် ကယန်းလဟွီတွေနဲ့ ဒေသ တခုတည်းမှာ အတူ နေထိုင်ပြီး လည်တိုင်ကနေ ရင်ညွှန့် အထိ ငွေဒင်္ဂါး ပြားတွေဆွဲတဲ့ ဓလေ့ ရှိတဲ့ ကယန်းကငန် မျိုးနွယ်တွေဟာလည်း ထိုင်းနိုင်ငံက ပြုလုပ် ပေးထားတဲ့ ကယန်းရွာတွေကို သူတို့ စားဝတ်နေရေး နဲ့ အလုပ်အကိုင် ရရှိရေး အတွက် ခြေဦးလှည့်နေကြ ပါပြီ။ ကယန်းကငန်တွေရဲ့ ရိုးရာဓလေ့ ဝတ်စား ဆင်ယင်မှုကလည်း နိုင်ငံခြားသားတွေ အတွက် အထူးတဆန်း ဖြစ်နေတာကြောင့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေ ကလည်း ကြေးကွင်းပတ် ကယန်းလဟွီနဲ့ ယကန်းကငန် တိုင်းရင်းသားတွေကို လက်ခံကြိုဆိုလျက် ရှိနေတယ်လို့ သိရပါတယ်။ ။