သတင်း

ထိုင်း စစ်အာဏာ သိမ်းမှု ကုလသမဂ္ဂနှင့် နိုင်ငံတကာ စိုးရိမ်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန် အပါအဝင် နိုင်ငံတကာက အထူး စိုးရိမ်ကြောင်း ထုတ်ပြန် ပြောဆိုကြသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှု အပေါ် အထူး စိုးရိမ်မိကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ယခုကဲ့သို့ ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ယမန်နေ့က ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းအပေါ် စိတ်ပျက်မိကြေင်းနှင့် ထိုင်း နိုင်ငံရေးသမားများအား စစ်ကောင်စီမှ ထိန်းသိမ်းလိုက်ခြင်းအပေါ် စိုးရိမ်မိကြောင်း၊ ၎င်းတို့ကို ပြန်လွှွတ်ပေးရန်နှင့် ထိုင်းနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည် အသက် သွင်းရန် တောင်းဆိုလိုက်သည်။

ဘရပ်ဆဲလ် အခြေစိုက် ဥရောပသမဂ္ဂ ဋ္ဌာနချုပ်ရုံး၏ နိုင်ငံခြားရေးဋ္ဌာနကလည်း လက်ရှိအခြေအနေကို အထူးစိုးရိမ်ပြီး ထိုင်းနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို အမြန်ဆုံးပြန်လည်ဖော်ဆောင်ရန် အရေးကြီးကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြင်သစ်နိုင်ငံ အပါအဝင် နိုင်ငံတကာ အစိုးရများကလည်း ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ စစ်အာဏာသိမ်းခြင်းအပေါ် စိုးရိမ် ကြောင်း၊ ထိုင်းစစ်ကောင်စီအနေဖြင့် နိုင်ငံသား အခွင့်အရေးများ ပြန်လည်ရရှိစေရေး ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြော ဆိုကြသည်။

ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ သဘောထားကို သိနိုင်ရန်အတွက် ဧရာဝတီက သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို မေးမြန်းခဲ့ရာ ၎င်းက ၂၄ ကြိမ်မြောက်(အာဆီယံ) ထိပ်သီး အစည်းအဝေးက ထုတ်ပြန်ခဲ့သော ထိုင်းနိုင်ငံနှင့် ပတ်သက်သည့် ကြေညာချက်အတိုင်း အာဆီယံနိုင်ငံများ၏ သဘောထားအတိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းရေးပင် ဖြစ်ပြီး အာဆီယံနိုင်ငံများကြား အချင်းချင်း တိုင်ပင်ပြီးမှသာ ယခုကဲ့သို့ စစ်တပ်အာဏာ သိမ်းခြင်းကို သဘောထား ပေးနိုင်မည် ဟု ဖြေကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းကြောင်း မေလ ၂၂ ရက်နေ့ ညနေ ၅ နာရီက ကြေညာအပြီး ည ၁၀ နာရီမှ မနက် ၅ နာရီ အတွင်း ညမထွက်ရ အမိန့်နှင့် လူ ၅ ဦးထက် ပိုမစုရ အမိန့်များကို အာဏာသိမ်းစစ်ကောင်စီက ဆက်တိုက်ထုတ် ပြန်ခဲ့သည်။

ထို့နောက် အစိုးရရုံးများတွင် ထိုင်းစစ်တပ်က နေရာယူထားကြသည်။

အာဏာသိမ်း စစ်ကောင်စီကို အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု ကောင်စီ (National Peace and Order Maintaining Council – NPOMC) ဟု ခေါ်ဆိုပြီး ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း ယာယီ ရပ်ဆိုင်းကာ ထိုင်းဘုရင့်တပ်မတော် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက ယခုအခါ အာဏာသိမ်း စစ်အစိုးရ၏ ဝန်ကြီးချုပ် အဖြစ်ကြေညာ သည်။

လက်ရှိ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် Niwattamrong Boongsongpaism ၏ အစိုးရအဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်ပြီး စစ်ကောင်စီနှင့် ယမန်နေ့ ညတွင်းချင်း အမြန်ဆုံး ဆက်သွယ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

အလားတူ ယခင် ဝန်ကြီးချုပ် ဟောင်း မစ္စ ယင့်လတ် ရှင်နာဝပ် အပါအဝင် ဖုယာ့ပါတီထိပ်တန်း ခေါင်းဆောင် ၂၃ ဦးကိုလည်း အာဏာသိမ်း စစ်ကောင်စီနှင့် အမြန်ဆုံး ဆက်သွယ်ရန် အမိန့်ထုတ်ပြန်ထားကြောင်း ဘန်ကောက်ပို့စ် သတင်း တပုဒ်တွင် ဖော်ပြထားသည်။

ထိုင်း စစ်တပ်က မေ ၂၀ ရက် နံနက်ပိုင်းက ထိုင်း အိမ်စောင့် အစိုးရနှင့် တိုင်ပင်ခြင်း မရှိဘဲ စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထုတ်ပြန် ကြေညာလိုက်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကွပ်ကဲရေး စင်တာ (The Peace Keeping Command Centre – PKCC) ကိုဖွဲ့စည်းခဲ့သည်။ သို့သော် စစ်တပ်က အာဏာသိမ်းခြင်း မဟုတ်ကြောင်း ထိုင်းစစ်ဗိုလ်ချုပ်ကြီးက ကြေညာခဲ့သည်။

ထို့နောက် မေ ၂၁ ရက်က ထိုင်းနိုင်ငံတွင် အဓိက နိုင်ငံရေးအင်အားစုများဖြစ်သည့် ဖုယာ့ထိုင်းပါတီနှင့် ရှပ်နီ ခေါင်းဆောင်များ၊ ဒီမိုကရက် ပါတီ၊ ဆုထေ့ပ်ခေါင်းဆောင်သည့် မစ္စ ယင့်လတ် အစိုးရ ဆန့်ကျင်ရေး PDRC ခေါင်းဆောင်များကို ခေါ်ယူကာ နိုင်ငံရေး ဆွေးနွေးအဖြေရှာကြရန် စီစဉ်ပေးခဲ့သော်လည်း ညှိနှိုင်းအဖြေရှာနိုင်မှု မရခဲ့ပေ။

အာဏာသိမ်းစစ်အစိုးရက တိုင်းပြည်တွင် နိုင်ငံရေး ခေါင်းဆောင်များကြား ညှိနှိုင်းအဖြေမရှာနိုင်၍ ယခုကဲ့သို့ စစ်တပ် က အာဏာသိမ်းရခြင်းဖြစ်ပြီး နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ တရားဥပဒေ ပြန်လည် စိုးမိုးနိုင်ရေး တို့အတွက်သာ စစ်တပ်က အာဏာသိမ်းရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ပရာယွတ် ချိန်အိုချာက ပြောဆိုခဲ့သည်။

ထို့နောက် ယခင် ရှင်နာဝပ် မိသားစု တည်ထောင်ထားသည့် ဖုယာ့ထိုင်းပါတီနှင့် ၎င်းပါတီကိုထောက်ခံကြသည့် ရှပ်နီ ခေါင်း ဆောင်များ၊ အစိုးရဆန့်ကျင်ရေး ဆုထေ့ပ်အပါအဝင် ရှပ်ဝါခေါင်းဆောင်များနှင့် အခြားနိုင်ငံရေး ခေါင်းဆောင်များကိုလည်း ထိုင်း စစ်အာဏာသိမ်း ကောင်စီက ယမန်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ၏ အမိန့်ဖြင့် ထိုင်းနိုင်ငံတွင်းရှိ သတင်း မီဒီယာများအားလုံးကိုလည်း ထိုင်းစစ်တပ်က ဝင်ရောက် စီးနင်းကာ ၎င်းတို့၏ ထုတ်လွှင့်နေကျ အစီအစဉ်များကို ရပ်ဆိုင်းစေပြီး နောက်ထပ် အမိန့်တစုံတရာမရမချင်း သတင်းမီဒီယာများအနေဖြင့် ထုတ်လွှင့်ခွင့်မပြုချေ။

ထိုင်းသတင်းမီဒီယာများအနေဖြင့် စစ်တပ်က အာဏာသိမ်းမှုကို ဝေဖန်ခွင့်လည်း မပြုဟု သိရသည်။ ထိုင်းရုပ်/သံနှင့် ရေဒီယို လိုင်းများက စစ်သီချင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ အမိန့်များသာ ထုတ်ပြန်ပေးနေသည်။

ထို့ကြောင့် သတင်းသမားများ ကာကွယ်ရေး ကော်မတီတခုဖြစ်သော Committee to Protect Journalists –CPJ က လည်း အာဏာသိမ်းစစ်ကောင်စီ၏ ယခုကဲ့သို့ သတင်းများအား ဆင်ဆာဖြတ်ခြင်း၊ ပိတ်ပင်ခြင်းများကို ချက်ချင်း ရုပ်သိမ်းပြီး သတင်း လွတ်လပ်ခွင့် ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်ခွင့်ပြုရန် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာကို ယမန်နေ့က တောင်းဆိုလိုက် သည်။

သို့သော် မြန်မာနိုင်ငံမှ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်ကမူ “ဘယ်နိုင်ငံ မဆိုပါဗျာ …အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့လာလို့ ရှိရင် တော့ နိုင်ငံသားတွေရဲ့ တချို့ အခွင့်အရေးတွေကို ကန့်သတ်တာမျိုးတွေ ရှိပါတယ်။ အမေရိကန်လို နိုင်ငံမျိုးတောင် ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်လူမျိုးတွေကို ထိန်းသိမ်းတာတို့၊ စာတွေကို ဆင်ဆာလုပ်တာတို့ ရှိခဲ့တာပဲ။ ထိုင်းနိုင်ငံမှာ ကျနော်လေ့ လာ မိသလောက် သိသလောက် ထိုင်းတပ်မတော်က ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတဲ့ တချို့ မီဒီယာတွေကို ဝင်ရောက် ထိန်းသိမ်းတာပဲ ရှိတယ်။ ဘန်ကောက်ပို့စ်တို့လို နေရှင်းတို့လို Mainstream မီဒီယာ ကြီးတွေကတော့ ပုံမှန်အတိုင်း ဆက် လုပ်နေတာ တွေ့ရတယ်။ သူတို့မဖြစ်မနေ လုပ်ဖို့လိုအပ်တဲ့ဟာကိုပဲ လုပ်မယ်လို့ ကျနော်ထင်ပါတယ်”ဟု ပြောဆိုသည်။

ဘန်ကောက်မြို့က အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများနှင့် အစိုးရ ထောက်ခံဆန္ဒပြ ရှပ်နီသပိတ်စခန်းများကိုလည်း ထိုင်း စစ် သားများက ဝင်ရောက်ကာ ခေါင်းဆောင်များကို ဖမ်းဆီးခြင်းနှင့် သပိတ်စခန်းများမှ ဆုတ်ခွာစေခဲ့သည်။

ထိုင်းနိုင်ငံ တနိုင်ငံလုံးရှိ ကျောင်းများကိုလည်း ယနေ့ သောကြာနေ့မှ စတင်၍ တနင်္ဂနွေနေ့အထိ ပိတ်လိုက်သည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်အလုပ်လုပ်ကိုင်နေကြသော သန်းနှင့်ချီသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားသည် ယခုကဲ့သို့ စစ်တပ်က အာဏာသိမ်းပြီး ညမထွက်ရ အမိန့်နှင့် လူ ၅ ဦးထက် ပိုမစုရ အမိန့်များကြောင့် လုပ်ငန်းခွင်များသို့ သွားရောက်လုပ်ကိုင်ရေး အခက်အခဲများရှိကြောင်း သိရသည်။

ထိုသို့စစ်တပ်က အာဏာသိမ်းလိုက်သည့်အတွက် မလိုအပ်ဘဲ ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်ခြင်း မပြုရန် မလေးရှားနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများက ၎င်းတို့၏ နိုင်ငံသားများကို သတိပေးမှုများ ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသည့် ဂျပန်နိုင်ငံကလည်း စစ်အာဏာသိမ်းမှုအပေါ် အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ပြီး ထိုင်းနိုင်ငံသို့ ဂျပန်နိုင်ငံသားများခရီးသွားလာခြင်းကို သတိထားကြရန်နှင့် ထိုင်းအခြေစိုက် တိုယိုတာနှင့် ဟွန်ဒါ စက်ရုံများ၏ ညပိုင်း အလုပ်လုပ်ခြင်းကိုလည်း ခေတ္တဆိုင်းငံ့ထားရကြောင်း ပြောဆိုထားသည်။

ထိုင်း-မြန်မာနယ်စပ် ဂိတ်များကို ယမန်နေ့ ညနေပိုင်းက ပိတ်ထားခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး လူ ကိုသာ နယ်စပ်ဂိတ်ကို ဖြတ်သန်းခွင့် ပေးကြောင်း၊ ထိုင်း-မြန်မာ ကုန်စည်စီးဆင်းမှု ခေတ္တရပ်ဆိုင်း ထားရကြောင်း နယ်စပ်မှ လာသော သတင်းများ အရ သိရသည်။

ထိုင်းစစ်တပ် ထိန်းချုပ်ထားသည့် မီဒီယာများကမူ ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း ထုတ်ပြန်နေသည်။

Loading