မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အတိုက်အခံများကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ခရီးမရောက်ဘဲ ဖြစ်နေရခြင်းအတွက် အကြောင်းပြချက်တခု ရှိပါသည်။ ၂ ဘက်လုံးက ရရှိနိုင်မည်ဟု မျှော်လင့်ထားခြင်းများက အခြေခံအားဖြင့် ဆန့်ကျင်ကွဲလွဲနေကြ၍ ဖြစ်သည်။
အစိုးရ လိုချင်သောအရာက တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး ဖြစ်သည်။ အပစ်အခတ် ရပ်စဲပြီးလျှင် အုပ်စုအသီးသီးက ၎င်းတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများကို နိုင်ငံရေးပါတီများအဖြစ် အသွင်ပြောင်းလဲပြီးနောက် ရွေးကောက်ပွဲဝင်ဖို့ ဖြစ်သည်။ အကယ်၍ ရွေးကောက်ခံရလျှင် လွှတ်တော်တွင် နိုင်ငံရေးကိစ္စများ ဆွေးနွေးဖို့ ဖြစ်သည်။
ဗမာ မဟုတ်သည့် တိုင်းသားအဖွဲ့များဘက်ကမူ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း မပြုမီ နိုင်ငံရေးအရ ဆွေးနွေးလိုကြသည်။ ပို၍ အရေးကြီးသည်မှာ သူတို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ဖျက်သိမ်းပြီး စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၁၉၆၂ ခုနှစ် မတိုင်မီက ရှိခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ပြန်လည်ထူထောင်ရေးကို ဦးတည်သည့် ပထမခြေလှမ်းအဖြစ် ရှုမြင်ထားကြသည်။
သို့သော်လည်း အစိုးရ၏ နောက်တွင် ရပ်တည်နေသော စစ်တပ်က ဖက်ဒရယ်စနစ်သည် တိုင်းပြည်ကို အစိတ်စိတ် အမွှာမွှာ ပြိုကွဲစေမည့် ပထမခြေလှမ်းတရပ်ဟု ယူပြီး လက်မခံနိုင်ဖြစ်နေသည်။ တိကျသေချာသော နိုင်ငံရေးကိစ္စများကို လွှတ်တော်တွင် ဆွေးနွေးနိုင်သော်လည်း ပြည်ထောင်စု မပြိုကွဲရေးသည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် အခိုင်အမာ ထည့်သွင်းထားသည့် အခြေခံမူ ၆ ရပ်တွင် တခုအပါအဝင် ဖြစ်နေသည်။
အခြားတဘက်တွင်လည်း တိုင်းရင်းသား အတိုက်အခံအဖွဲ့များက သူတို့လိုချင်သည့် ဖက်ဒရယ်စနစ်ကို ရှင်းလင်း သဲကွဲအောင် ထုတ်ဖော် မပြနိုင်ကြသေးပေ။ သူတို့က မြန်မာနိုင်ငံကို မည်ကဲ့သို့သော ဖက်ဒရယ်ပြည်ထောင်စုမျိုး ဖြစ်စေချင်ပါသနည်း။ ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရများကြားတွင် လုပ်ပိုင်ခွင့် အာဏာကို မည်သို့ ခွဲဝေနိုင်မည်နည်း။ တိုင်းရင်းသား အဖွဲ့အချို့က စတင်ပြောဆိုနေကြပြီဖြစ်သည့် “ဖက်ဒရယ် စစ်တပ်” ဆိုသည်ကို တိတိကျကျမည်သို့ သတ်မှတ်နိုင်မည်နည်း။ အဆိုပါ ပြဿနာများကို ရှင်းလင်းနိုင်လျှင်ပင် မြန်မာစစ်တပ်၏ ဖက်ဒရယ်စနစ်အပေါ် ထားရှိသည့် စိတ်ထားကို ပြောင်းလဲရန် မျှော်လင့်ချက် အနည်းငယ်မျှသာ သို့မဟုတ် လုံးဝမရှိသလောက် ဖြစ်နေသည်။
အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဂျာမနီ နှင့် လူမျိုးစုံသည့် မလေးရှား နိုင်ငံအထိ စံပြုစရာ ပုံစံများလည်း ဖော်ပြခဲ့ကြပြီး ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ဖက်ဒရယ်စနစ်ရှိသည်။ သို့သော်လည်း လူမျိုးကွဲပြားမှုအပေါ်တွင် အခြေမခံပေ။ မြန်မာနိုင်ငံမှ တိုင်းရင်းသား အဖွဲ့များကလည်း ထိုပုံစံမျိုး လိုချင်နေသည်။ အမေရိကန်နိုင်ငံတွင် အင်ဂလို-ဆက်ဆွန်၊ အိုင်ယာလန်၊ ပိုလန်၊ မက္ကဆီကို၊ တရုတ်၊ အီတလီ အစရှိသဖြင့် လူမျိုးနှင့် ခွဲခြားသည့်ပြည်နယ် မရှိပါ။ ပြည်နယ်ဆိုသည်မှာ အမျိုးမျိုးသော ပြည်သူများ အလုံးအရင်းဖြင့် နေထိုင်ကြသည့် နေရာများကို ပထဝီနည်းအရ ပိုင်းခြားထားခြင်းသာ ဖြစ်သည်။
ကနေဒါ နိုင်ငံတွင် ပြင်သစ်စကား ပြောသူအများစုရှိသည့် ကွိဘက် (Quebec) ဒေသရှိပြီး ရုံးသုံးဘာသာစကား အဖြစ် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာ၂ မျိုးလုံး သုံးစွဲသည်။ ၁၉၉၉ ခုနှစ်တွင် အင်နျူးဝစ် (ကနေဒါနိုင်ငံအတွင်းတွင် နေထိုင်ကြသည့် အက်စ်ကီးမိုး လူမျိုးစုတခု) ဘာသာစကား အဓိကသုံးစွဲသည့် အနောက်မြောက် ဒေသများသည် Nunavut ဒေသသစ် ဖြစ်လာသည်။ ထို့ပြင် ကနေဒါတွင် တခြားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများလည်း ရှိသေးသည်။ ကနေဒါနိုင်ငံသည် အမေရိကန်ကဲ့သို့ပင် ပြောင်းရွှေ့ဝင်ရောက်လာသည့် အုပ်စု အမျိုးမျိုးဖြင့် တည်ထောင်ထားခြင်း ဖြစ်သော်လည်း လူမျိုးစုကို အခြေခံထားသည့် ဖက်ဒရယ်ပြည်နယ်စနစ်ကို ကျင့်သုံးခြင်း မရှိပါ။
မလေးရှားနိုင်ငံသည် လူမျိုးစုံသည့် နိုင်ငံဖြစ်သော်လည်း ၎င်း၏ ဖက်ဒရယ်စနစ်တွင် မလေး၊ တရုတ် နှင့် အိန္ဒိယ ပြည်နယ်များ မပါဝင်ပါ။ မလေးရှားနိုင်ငံ၏ ဖက်ဒရယ်စနစ်သည် မလေးရှားရိုးရာ စူလတန် အုပ်ချုပ်ရေး၊ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးနှင့် ရင်ခွင်ပိုက် အုပ်ချုပ်ရေးစနစ်များကို အခြေခံထားသည်။ သို့သော်လည်း မလေးရှားနိုင်ငံ၏ ပြည်နယ် ၁၃ ခုတွင် လူမျိုးစု အမျိုးမျိုး ရှိနေသည်။ မလေးရှားနိုင်ငံက ဖက်ဒရယ် သမ္မတနိုင်ငံတခု ဖြစ်သည့် ဂျာမနီ နိုင်ငံနှင့် ဆင်တူသည်။ ဂျာမနီနိုင်ငံသည် ၁၉ ရာစုနှောင်းပိုင်းတွင် ဘုရင့်နိုင်ငံဟောင်းများ၊ မင်းညီမင်းသားများ ပိုင်ဆိုင်သည့် နယ်မြေများကို ပေါင်းစု၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတခုတည်းအဖြစ် တည်ထောင်ခဲ့သော်လည်း လူမျိုးပေါင်းစပ်ဖွဲ့စည်းမှုတွင် ဂျာမန်လူမျိုးများက သြဇာလွှမ်းမိုးထားသည်။
လက်တွေ့တွင် လူမျိုး သို့မဟုတ် ဘာသာစကားကို အခြေပြု၍ ဖွဲ့စည်းထားသည့် ပြည်ထာင်စု အလွန်နည်းပါးသည်။ တခုမှာ ၁၉၉၁ ခုနှစ်က ပြိုကွဲခဲ့သော ဆိုဗီယက်ပြည်ထောင်စု ဖြစ်သည်။ နောက်တခုမှာ ၁၉၉၀ နှစ်များ၌ ကွဲပြားသော လူမျိုးစု အဖွဲ့များအတွင်း ခါးသီးသည့် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီးနောက် ပြိုလဲခဲ့ရသည့် ယူဂိုဆလားဗီးယား ပြည်ထောင်စု ဖြစ်သည်။ တတိယ တခုမှာ ဘယ်လ်ဂျီယံနိုင်ငံဖြစ်သည်။ ဘယ်လ်ဂျီယံ နိုင်ငံတွင် ဒတ်ချ်ဘာသာစကား ပြောသည့် ဖလက်မစ်ချ်များနှင့် ပြင်သစ်စကားပြောသည့် ဝါလိုနီယာများ ဟူ၍ အဓိကလူမျိုးစု ၂ ခု သာရှိသည်။ အရှေ့ဖက်ပိုင်းတွင် ဂျာမန်စကားပြောသည့် အသိုင်းအဝိုင်းငယ် တခုရှိသည်။ လူမျိုးစု အရေအတွက် နည်းသော်လည်း ဘယ်လ်ဂျီယံနိုင်ငံသည် အလုပ်လုပ်မည့် ဗဟိုအစိုးရများ ဖွဲ့စည်းရေးကို မဆိုထားနှင့် ညီညွတ်မှုကို ထိန်းသိမ်းထားနိုင်ရေး အတွက်ပင် ပြဿနာများ ဆက်တိုက် ကြုံတွေ့နေရသည်။
ဤသို့ဆိုပါလျှင် မြန်မာနိုင်ငံ အတုယူ လိုက်နာနိုင်မည့် အောင်မြင်သော ပုံစံတခု ရှိနိုင်ပါမည်လား။ အိန္ဒိယတခုထဲသာ ရှိမည်ဟု ယူဆရပါသည်။ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ် ပြည်ထောင်စု၊ ဖက်ဒရယ်ဝါဒ စသည်ဖြင့် ရည်ညွှန်းဖော်ပြထားခြင်း မရှိသော်လည်း ပြည်နယ် ၂၈ ခုနှင့် ပြည်ထောင်စုနယ်မြေ ၇ ခုရှိသော အိန္ဒိယနိုင်ငံ၏ အခြေခံ ဖွဲ့စည်း တည်ဆောက်ပုံသည် ဖက်ဒရယ်စနစ် ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံတွင် အမျိုးမျိုးသော အကြောင်းအရာများ အတွက် ဥပဒေပြုရန် ပြည်ထောင်စုနှင့် ပြည်နယ်များသို့ အခွင့်အာဏာပေးသော စာရင်း ၃ ခု ပါဝင်သည်။ ဥပမာပြရလျှင် ပြည်နယ်တိုင်း၌ ရွေးကောက်တင်မြှောက်ထားသည့် ဥပဒေပြု အဖွဲ့အစည်းရှိပြီး ကိုယ်ပိုင် ရုံးသုံးဘာသာစကားနှင့် ကိုယ်ပိုင်ရဲတပ်ဖွဲ့ ရှိသည်။ သို့သော်လည်း ကာကွယ်ရေးသည် ဗဟို အစိုးရ၏ တာဝန်ဖြစ်သည်။ အိန္ဒိယ စစ်တပ်တွင် တိုင်းရင်းသား တပ်ဖွဲ့များရှိသော်လည်း ဖက်ဒရယ်စစ်တပ် မဟုတ်ပါ။ အားလုံးက ဗဟို၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ အခြားပုံစံများက အလုပ်ဖြစ်မည် မဟုတ်ပါ။ တတိယစာရင်းတွင် ပြည်ထောင်စုနှင့် ပြည်နယ် ၂ ခုလုံးက ဥပဒေပြုနိုင်သည့် အကြောင်းကိစ္စများ ပါဝင်သည်။ အိန္ဒိယနိုင်ငံတွင် ပြည်တွင်း လူမျိုးရေး ပဋိပက္ခများ ရှိနေသော်လည်း အတော်လေး ဟန်ချက်မျှတ၍ အလုပ်ဖြစ်ပါသည်။ ဆိုဗီယက်နှင့် ယူဂိုဆလားဗီးယားတို့ကဲ့သို့ ပြိုကွဲသွားခဲ့ခြင်း မရှိသလို ဘယ်လ်ဂျီယံ နိုင်ငံကဲ့သို့ အလုပ်မတွင်ခြင်းမျိုးလည်း မရှိပါ။
သို့သော်လည်း မြန်မာနိုင်ငံက အိန္ဒိယပုံစံကို လိုက်မည်ဆိုလျှင် ကြုံလာမည့် ပြဿနာများအတွက် ကြိုတင် ပြင်ဆင်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစု တခုတည်းသာ နေထိုင်သည့် ပြည်နယ် သို့မဟုတ် တိုင်းဒေသ မရှိပါ။ ကချင်ပြည်နယ်မှ ရှမ်းတိုင်းရင်းသားများနှင့် ကချင်တိုင်းရင်းသားများကြား အုပ်စုကွဲပြားမှုများ ရှိနေသည်။ ရှမ်းပြည်နယ်တွင်လည်း ၁၉၅၀ နှစ်များအတွင်းတွင် ပအို့ဝ် တိုင်းရင်းသားတို့၏ တော်လှန်ပုန်ကန်မှု ပေါ်ပေါက်ခဲ့သည်။ ပအို့ဝ် တိုင်းရင်းသားတို့က ဗဟိုအစိုးရကို တော်လှန်ကြခြင်း မဟုတ်သော်လည်း ၎င်းတို့ကို လွှမ်းမိုးထားသည့် ရှမ်းစော်ဘွားများကို အာခံ ဖီဆန်ခဲ့ကြခြင်းဖြစ်သည်။ ရှမ်းပြည်နယ်၏ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လှုပ်ရှားနေသော ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်ကလည်း သူတို့လူမျိုးများ အတွက် သီးခြားပြည်နယ် လိုချင်နေသည်။ မွန်ပြည်နယ် တခုလည်း ရှိသေးသည်။ မွန် တိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစု အများအပြားနှင့် ရောနှောနေထိုင်မှု အများဆုံးရှိသည်ဟု ယူဆနိုင်ပါသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖြစ်သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဆွေးနွေးရေးအတွက် အခြေခံတခုရှိနိုင် ပါသည်။ သို့သော်လည်း အနည်းငယ်မျှသာ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အငြင်းပွားဖွယ်ရာ အဖြစ်ဆုံး စာပိုဒ်က အခန်း ၁၀ တွင် ပါရှိသည့် ခွဲထွက်ခွင့်ဖြစ်သည်။ အဆိုပါ အပိုဒ်အရ ဗြိတိသျှ ကိုလိုနီအဖြစ်မှ လွတ်လပ်ရေးရပြီး ၁၀ နှစ်ကြာသည့်အခါတွင် ပြည်နယ်တိုင်းက ပြည်ထောင်စုမှ ခွဲထွက်ခွင့်ရရှိမည် ဖြစ်သည်။
သို့သော်လည်း တခြားစာပိုဒ်များတွင် သတ်မှတ်ထားချက်အရ ထိုအခွင့်အရေးသည် ကရင် သို့မဟုတ် ကချင်ပြည်နယ်များ အတွက် အသုံးပြု၍ မရပေ။ ထို့ကြောင့် သဘောတရားအရဆိုလျှင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များသာ ပြည်ထောင်စုမှ ခွဲထွက်ခွင့် ရှိနေသည်။ မည်သို့ပင်ဖြစ်စေ ထိုစာပိုဒ်အတိုင်း လက်တွေ့လုပ်ဆောင်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ပြည်ထောင်စု မြန်မာနိုင်ငံသို့ ဗမာ မဟုတ်သော တိုင်းရင်းသားပြည်သူများ ပူးပေါင်းပါဝင်လိုမှု ပိုများလာအောင် ရေးဆွဲစဉ်က ထည့်သွင်းခဲ့ခြင်း ဖြစ်ပါသည်။ မွန်၊ ချင်း နှင့် ရခိုင်ပြည်နယ်များသည် ၁၉၇၄ ခုနှစ်မှသာ ထူထောင်ခဲ့ခြင်း ဖြစ်သည့်အတွက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံတွင် အကျုံးဝင်ခြင်း မရှိပါ။
၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် အခြေခံဥပဒေတွင် ၁၉၆၂ ခုနှစ်နှစ် စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ပျောက်ကွယ်ခဲ့ရသော ဖက်ဒရယ်စနစ်နှင့် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည်တို့ ကို တားမြစ်မှုများ ပါဝင်နေသည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေသည်လည်း ပင်ကိုယ်သဘောအရ ဖက်ဒရယ်စနစ် မဟုတ်ပါ။ ပြည်နယ်များနှင့် တိုင်းဒေသကြီးများ ကွာခြားမှုမရှိသလို တိုင်းနှင့် ပြည်နယ် လွှတ်တော်များကလည်း အိန္ဒိယနိုင်ငံမှ ပြည်နယ် ဥပဒေပြုအဖွဲ့များ သို့မဟုတ် အမေရိကန်နှင့် ကနေဒါတို့မှ လူမျိုးစုကို အခြေမခံသော ကိုယ်ပိုင်အုပ်ချုပ်သည့် ဒေသများမှ ဥပဒေပြုအဖွဲ့များကဲ့သို့ လုပ်ပိုင်ခွင့် အာဏာမရှိကြပါ။
ထို့ကြောင့် မြန်မာဖက်ဒရယ်သည် မည်သည့်အသွင်နှင့် တူနိုင်ပါသနည်း။ ၂၀၀၉ ခုနှစ်က ချမှတ်ခဲ့သော ငြိမ်းချမ်းရေး အစီအစဉ်တွင် မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း အလွန်မှားယွင်းသော စိတ်ကူးတခု ဖြစ်ပါသည်။ နိုင်ငံ အားလုံးနီးပါးတွင် နယ်စပ် လုံခြုံရေးသည် ဗဟိုအစိုးရ၏ တာဝန်သာဖြစ်သည်။ မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် အိန္ဒိယ အရှေ့မြောက်ဖက်ပိုင်း ပြည်နယ်များတွင် နယ်စပ် လုံခြုံရေးသည် စစ်တပ် မဟုတ်သော အာသံ သေနတ်ကိုင်တပ် (Assam Rifles) များ၏ လက်တွင်ရှိပြီး ၎င်းတို့ကို နယူးဒေလီမြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာနက ကွပ်ကဲသည်။ ဗဟိုက ထိန်းချုပ်သည့် တခြားနယ်ခြားစောင့် တပ်ဖွဲ့များလည်း တခါတရံ ဒေသခံရဲတပ်ဖွဲ့က ကူညီရသည်။ သို့သော်လည်း နယ်စပ် လုံခြုံရေးအတွက် တာဝန်မယူရပါ။
နာဂလန်း၊ မဏိပူရ၊ မီဇိုရမ်နှင့် တခြား အိန္ဒိယပြည်နယ်များတွင် ကိုယ်ပိုင် လက်နက်ကိုင် ရဲတပ်ဖွဲ့များရှိပြီး သူတို့ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများက ကြီးကြပ်ကွပ်ကဲကြသည်။ အကယ်၍ ထိုစနစ်ကို လက်ခံသုံးစွဲမည်ဆိုလျှင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) သို့မဟုတ် ရှမ်းပြည်တပ်မတော် (SSA) တို့သည် ကချင်ပြည်နယ် သို့မဟုတ် ရှမ်းပြည် နယ် လက်နက်ကိုင်ရဲတပ်ဖွဲ့များအဖြစ် ပြောင်းလဲသွားကြနိုင်သော်လည်း နယ်စပ်ဓားပြများ၊ မှောင်ခိုသမားများအဖြစ် အလွယ်တကူ တံဆိပ်ကပ် သိက္ခာချခြင်း ခံရနိုင်သည့် နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ်သို့ မဟုတ်ပါ။
မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် အလုပ်ဖြစ်မည့် ပုံစံတခုရှာဖွေရန် လိုအပ်နေပါသည်။ ထို့ပြင် အလားအလာ အကောင်းဆုံး အဖြေက အိန္ဒိယ၏ပုံစံကို လေ့လာခြင်း ဖြစ်ပါလိမ့်မည်။ အမှတ်ရနေရမည့် အရေးကြီးသည့် အချက်တခုမှာ ရှမ်း၊ ကချင် နှင့် ချင်းတို့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ကာ ပင်လုံစာချုပ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အ၀ ရရှိရေးကို အခြေခံမူအနေဖြင့် လက်ခံကြောင်း ရှင်းလင်းစွာ ဖော်ပြထားခြင်း ဖြစ်သည်။ ထိုအခြေခံ အချက်ပေါ်တွင်ပင် မြန်မာ့လွတ်လပ်ရေးကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုအချက်သည်ပင် မြန်မာနိုင်ငံမှ ဗမာ မဟုတ်သည့် တိုင်းရင်းသားများ၏ စိတ်ဆန္ဒကို ကျေနပ်နှစ်သိမ့်မှုပေးနိုင်မည့် အဖြေတခုအဖြစ် ရှိနေဆဲဖြစ်ပါသည်။
(၂၀၁၄ မတ်လထုတ် The Irrawaddy မဂ္ဂဇင်းပါ ဘာတေးလ် လစ်တနာ (Bertil Lintner) ၏ Finding a Federal Model that Fits ကို ဘာသာပြန်ဆိုပါသည်။ ဘာတေးလ် လစ်တနာသည် မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ တဦးဖြစ်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သော စာအုပ်များ ရေးသားခဲ့သည်။)