တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချူပ်ဆိုရေး အတွက် တိုင်းရင်းသားပေါင်းစုံ ပါဝင်မည့် တတိယ အကြိမ်မြောက် တိုင်းရင်းသား ထိပ်သီး ညီလာခံ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
“အပစ်အခတ် ရပ်စဲရေး အတွက် တကယ်တမ်း စာချုပ်လက်မှတ် ရေးထိုးမယ့် သူတွေက ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးက ထိပ်သီး ခေါင်းဆောင်တွေပါ။ ဒီမှာ အစိုးရနဲ့ ဆွေးနွေးမှု အပြီးမှာ ရလဒ်တွေကို ဒီလို ထိပ်သီး ခေါင်း ဆောင်တွေကို ဆွေးနွေးဖို့က ကျနော်တို့ တာဝန် ဖြစ်တယ်၊ အဲဒီလို သူတို့ကို ထိပ်သီး အစည်းအဝေးတွေ ခေါ်ယူပြီး NCCT အနေနဲ့ အကျေအလည် ဆွေးနွေးနိုင်မှ ရပါမယ်၊ အဲဒီခေါင်းဆောင်တွေက အိုကေ အဆင်ပြေလောက်ပြီ ဆိုရင်တော့ အလား အလာ ကောင်းနိုင်တာပေါ့”ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တာဝန်ရှိသူတဦး ဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မေ ၂၂ရက်က ပြုလုပ်သည့် အစိုးရနှင့် တိုင်းရင်းသားများ အပစ်အခတ် ရပ်စဲရေး စာချုပ် ဆွေးနွေးမှု အပြီးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက ယင်းကဲ့သို့ ဆွေးနွေးညှိနှိုင်း နိုင်ခဲ့ခြင်း ဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။
လက်ရှိတွင် တိုင်းရင်းသား ပေါင်းစုံ ညီလာခံအတွက် ရှမ်းပြည် မိုင်းလား ဒေသ၌ ကျင်းပရန် ဆန္ဒ ရှိနေကြပြီး ယင်းဒေသတွင် NCCT အဖွဲ့ဝင် မဟုတ်သေးသည့် တိုင်းရင်းသား ခေါင်းဆောင်တချို့ကို ဖိတ်ကြား၍ အပစ်အခတ် ရပ်စဲရေး စာချုပ်နှင့် ပတ်သတ်ပြီး ရှင်းလင်း ပြောကြားရန် စီစဉ်ထားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။
“အခုထိတော့ မိုင်းလားမှာလုပ်ဖို့ စီစဉ်ထားတယ်။ ဖြစ်နိုင်မဖြစ်နိုင်တော့ မပြောနိုင်သေးဘူးပေါ့။ နောက်တခုက မိုင်းလားမှာ လုပ်ချင် တာက မိုင်းလား ဘက်ကလည်း ပါစေချင်တာလည်း ပါတယ်။ သူတို့ကို ရှင်းပြချင်တယ်။ နောက် “ဝ”ကိုလည်း ဖိတ်မယ်”ဟု ၎င်း က ပြောသည်။
ဆွေးနွေးမှုများ အရ လက်ရှိတွင် တပ်မတော်ဘက်မှ တို့တာဝန် အရေး (၃) ပါးနှင့် လောကပါလ တရား (၃) ပါးတို့ကို အပစ်အခတ် ရပ်စဲရေး စာချုပ်၏ အခန်း ၁ နှင့် ၅ တွင် ထည့်သွင်းရန် စီစဉ်ထားကြောင်း သိရပြီး ဆွေးနွေးပွဲ တတိယမြောက်နေ့တွင် တပ်ပိုင်း ဆိုင်ရာ တင်ပြမှုကို ဆွေးနွေးမည် ဖြစ်သည်ဟု ဆိုသည်။
“တို့တာဝန် ၃ ပါး အနက်သိမှ နိုင်ငံရေး ဆွေးနွေးမယ်ဆို ဘယ်လို အချက်တွေ ပါမလဲ၊ ဒီအနက် မသိရင် နောက်ပိုင်း တိုင်းရင်းသား တွေ လုပ်တဲ့ဟာက သူတို့သတ်မှတ်တဲ့ တို့တာဝန် အရေး ၃ ပါးနဲ့ မညီဘူးဆိုရင် ကျနော်တို့ တင်ပြတာတွေ ပယ်လို့ ရတယ်။ ဘယ် လိုလဲဆိုတာသိမှာ ဘယ်အချက်ဆို လက်ခံမယ်။ လက်မခံနိုင်ဘူး ဆိုတာ သိနိုင်ပါမယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုသည်။
ယင်းအပြင် တပ်မတော်၏ တို့တာဝန် အရေး (၃) ပါး အဓိပ္ပာယ် ဖွင့်ဆိုပုံကို ရှင်းလင်း တင်ပြရန် တိုင်းရင်းသား ခေါင်းဆောင်များဘက်က တောင်းဆိုထားသည်ဟုလည်း ၎င်းက ပြောသည်။
“တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ တပ်မတော်ဘက်က ကျနော်တို့ တင်တဲ့ ဖက်ဒရယ် စနစ်၊ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ တန်းတူ ရေး စတဲ့ အချက်တွေကို ပါဝင်ဖို့ သဘောတူထားတယ်၊ ကျနော်တို့ဘက်က သူတို့ ပြောတဲ့ တို့တာဝန်အရေး (၃) ပါး၊ လောကပါလ တရား (၃) ပါး စတာတွေကို လက်ခံပေးမယ်။ ဒီတော့ သူတို့က ဘယ်လို အဓိပ္ပာယ် ဖွင့်မလဲဆိုတာ သိချင်တယ်။ ရှင်းရှင်း လင်း လင်း ဖြစ်အောင်ပါ”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
လက်ရှိတွင် အပစ်ခတ်ရပ်စဲရေး မူကြမ်းတွင် အခန်း (၇) ခန်း ရှိသည့် အနက် အခန်း (၅) ခန်း အထိ ဆွေးနွေးပြီး ဖြစ်ကြောင်း ယနေ့တွင် ကျန်ရှိသည့် အခန်း ၂ ခန်းနှင့် တို့တာဝန် အရေး (၃) ပါး အနက်ဖွင့်ဆိုမှု၊ တပ်ပေါင်းစည်းရေး စသည် တို့ကို ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ယခု ဖွဲ့စည်းထားသည့် တိုင်းရင်းသား အများစု ဖွဲ့စည်းထားသည့် NCCT တွင် “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA-ESS) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN) တို့မှ ကိုယ်စားလှယ်များ ပါဝင်ခြင်း မရှိသေးကြောင်း သိရသည်။
တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီး ညီလာခံများကို အစိုးရ၏ ခွင့်ပြုချက်ဖြင့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၂ ရက် အထိ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ဌာနချုပ် တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာ ဒေသတွင် ပထမအကြိမ် ကျင်းပခဲ့ပြီး အဆိုပါ ညီလာခံမှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်သော NCCT အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ဒုတိယ အကြိမ် တိုင်းရင်းသား ညီလာခံကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၇ ရက် အထိ ကရင်ပြည်နယ် ကရင်အမျိုးသား အစည်းအရုံး(KNU) ဌာနချုပ် ဖြစ်သည့် လော်ခီးလာတွင် ကျင်းပခဲ့ပြီး အဆိုပါ ညီလာခံမှ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ပြီးမှသာ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဆောင်မည် ဟူသည့် မူဘောင်ကို ချမှတ်နိုင်ခဲ့သညိ။
ယင်းအပြင် အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ပါဝင်ရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်းတစောင်ကို ရေးဆွဲခဲ့ပြီး ယခု ထပ်မံ ကျင်းပမည့် ညီလာခံတွင် လက်ရှိ ဆွေးနွေးမှု ရလဒ်များကို တင်ပြ၍ ညှိနှိုင်း ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။