ပြည်တွင်း ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းသော နည်လမ်းဖြင့် ကြိုးပမ်းမှု မအောင်မြင်ပါက လက်နက် ကိုင် နည်းလမ်းကို ပြန်လည် ကျင့်သုံးသွားမည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) က ဆိုသည်။
အဆိုပါ ပြောဆိုချက်ကို ယခုနှစ် မေလ ၂၁ ရက်တွင် ကျရောက်သည့် ၅၆ နှစ်မြောက် ရှမ်းပြည် အမျိုးသား တော်လှန်ရေးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိသည်အထိ ငြိမ်းချမ်းသည့် လမ်းစဉ်ဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ရည်မှန်း ချက် ပန်းတိုင် မအောင်မြင်ပါက မလွှဲမရှောင်သာ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ညီနောင် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များနှင့်အတူ ပူးတွဲ တိုက်ပွဲဝင်သွားမည်ဟု RCSS/SSA ၏ ကြေညာချက်တွင် ပါရှိသည်။
အစိုးရ နှင့် အပစ်အခတ် ရပ်စဲထားသည့် ၃ နှစ်ကျော် ကာလအတွင်း ဆက်ဆံရေးရုံး ၇ ရုံး ဖွင့်လှစ်ထားကြောင်း၊ အဆိုပါ ရုံးများအနက် ကျိုင်းတုံ ဆက်ဆံရေးရုံးကို စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ)၊ လုံခြုံရေး ရဲများနှင့် ဌာနဆိုင်ရာများက RCSS/SSA အဖွဲ့ထံ ကြိုတင်ခွင့်ပြုချက် မတောင်းခံဘဲ အကြောင်းမဲ့ ဝင်ရောက်စီးနင်း ရှာဖွေခဲ့သည်ဟု RCSS/SSA က ဆိုသည်။
ယင်းလုပ်ရပ်ကြောင့် နှစ်ဦးနှစ်ဘက် အကြား ရရှိထားသည့် ယုံကြည်မှုကို များစွာ ထိခိုက်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကျိုင်းတုံရှိ RCSS/SSA ဆက်ဆံရေးရုံးအား ယခုလဆန်းပိုင်းတွင် စရဖ အဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပြီးနောက် RCSS/SSA နှင့် အစိုးရတို့အကြား ဆက်ဆံရေး အခြေအနေတင်းမာမှု ရှိခဲ့ကြောင်း၊ ယခုအခါ ဆက်ဆံရေးရုံး ၇ ခုကို ၎င်းတို့၏ ရုံးချုပ်သို့ ပြောင်းရွှေ့ထားကြောင်း RCSS/SSA အဖွဲ့ဝင် တဦးက ဧရာဝတီကို ပြောသည်။
RCSS/SSA ရုံး ဝင်ရောက် စီးနင်းခံရမှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့ ငြိမ်းချမ်းရေး ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ဆောင်ရွက် နေကြောင်း၊ RCSS/SSA အနေဖြင့် အစိုးရနှင့် ဆွေးနွေးရန် ကမ်းလှမ်းလာပါက တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်း ရေး စင်တာ(MPC) မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဧရာဝတီကို ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် စောတာဒိုမူးက RCSS/SSA နှင့် အစိုးရတို့ အကြား ဖြစ်ပွားနေသည့် ပြဿနာသည် တွေ့ဆုံ ဆွေးနွေးသည့် နည်းလမ်းဖြင့် ဆောင်ရွက်ပါက ပြေလည် သွားမည်ဟု ယုံကြည်ကြောင်း၊ ဆက်ဆံရေးရုံး ဝင်ရောက် စီးနင်းခံရခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်များအတွက် သတိထားရမည့် အရာဖြစ် ကြောင်း ပြောသည်။
“RCSS/SSA ရုံးကို ဘာကြောင့်ဝင်စီးရတယ် ဆိုတာတော့ ကျနော်တို့လည်း သေချာမသိဘူး၊ ဒါပေမယ့် ကျနော်တို့ သိတာက ဆက်ဆံရေးရုံးဆိုတာ ဆက်ဆံရေးနဲ့ ပတ်သက်တာတွေပဲ လုပ်ရမယ်၊ ဥပဒေနဲ့ မကင်းတာ မလုပ်ရဘူးလို့တော့ သိထား တယ်”ဟု ၎င်းက ဧရာဝတီကို ပြောသည်။
RCSS/SSA ၏ ကြေညာချက်၌ အစိုးရ တပ်မတော်သည် နည်းလမ်း အမျိုးမျိုးဖြင့် ပြဿနာများ ဖန်တီးကာ ရန်ရှာခြင်း၊ စိန်ခေါ်ခြင်း များ ပြုလုပ်နေသည့် အတွက် လက်ရှိ ကြိုးပမ်း ဖော်ဆောင်နေသာ အပစ်အခတ် ရပ်စဲရေးများ ပျက်သွားပါက ၎င်းတို့ တာဝန် မဟုတ်ဟု ရေသား ဖော်ပြထားသည်။
အစိုးရ၏ ကမ်းလှမ်းချက်ကြောင့် RCSS/SSA သည် ၂၀၁၁ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားပြီး ပြည်ထောင်စု အဆင့် ဆွေးနွေးထားသည့် အဖွဲ့ ဖြစ်ကြောင်း က ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့အကြား အပစ်အခတ် ရပ်စဲရေး ပဏမ အဆင့် သဘောတူ လက်မှတ် ထိုးကြသော်လည်း တချို့အဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပြီး အခြား တဘက်တွင်လည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးနိုင်ရန် နှစ်ဘက်စလုံးက ကြိုးပမ်းလျက် ရှိသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ထိုးနိုင်ရေးအတွက် စာချုပ်တွင် ပါဝင်မည့် အချက်အလက် မူကြမ်းများကို ရန်ကုန်မြို့၌ ၃ ရက်ကြာ ဆွေးနွေးမှုသည် အတိုင်းအတာ တခုအထိ အဆင်မပြေသေးကြောင်း၊ သို့သော် တိုင်းရင်းသားများ ပြောဆိုနေသည့် ဖက်ဒရယ် ပြည်ထောင်စု ဟူသော စကားလုံးကို စစ်တပ်ဘက်က မူအားဖြင့် လက်ခံထား ကြောင်း၊ တိုင်းရင်းသား ခေါင်းဆောင် တချို့က ပြောဆိုသည်။