ရန်ကုန်မြို့တော် စည်ပင်မှ သာကေတ မြို့နယ် ၄/တောင် ရပ်ကွက်ရှိ အားကစားကွင်းနှင့် မီးတားကွင်းကို တန်ဖိုးမျှတ အိမ်ရာ စီမံကိန်း ဆောက်လုပ်ရန် အစီအစဉ်ကို ရပ်ကွက်တွင်း နေထိုင်သူများက ကန့်ကွက်မည်ဟု သိရသည်။
အဆိုပါ အားကစားကွင်းနှင့် မီးတားကွင်းသည် ပေ ၅၆၀ ပတ်လည် ကျယ်ဝန်းပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အစည်း အဝေး အမှတ်စဉ် (၅/၂၀၁၄) အရ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းအဖြစ် ဆက်လက် အကောင်အထည် ဖော်ရန် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း ဒေသခံ တဦးက ပြောသည်။
ရပ်ကွက်တွင် နေထိုင်သူ တဦးဖြစ်သည့် ဦးစောဦးက“အိမ်ရာ ဆောက်လုပ်မယ် ဆိုတာကို လက်မခံပါဘူး၊ သူတို့တွေက ပုဂ္ဂလိကတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာ၊ ဘောလုံးကွင်းကို ဘောလုံးကွင်း အတိုင်းပဲ ရှိစေချင်တယ်”ဟု ဆိုသည်။
မြို့နယ်အတွင်း နေထိုင်သူများ အားကစား လှုပ်ရှားရန် ရည်ရွယ်ချက်ဖြင့် သာကေတ မြို့ပြ စီမံကိန်း အကောင်အထည် ဖော် စဉ်ကတည်းက ရှိခဲ့သည့် အားကစားကွင်းကို ပြန်လည် ရရှိရန် သာကေတ မြို့နယ်နေ ပြည်သူများက ဆန္ဒပြတောင်းဆိုမှုများ လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။
၁၉၅၈ မှ ၁၉၆၀ ခုနှစ်အထိ တိုင်းပြည်အာဏာကို လွှဲပြောင်းရယူခဲ့သည့် အိမ်စောင့်အစိုးရ၏ မြို့တော်ဝန် ဗိုလ်မှူးကြီး ထွန်းစိန် လက်ထက် ရန်ကုန်မြို့ရှိ ကျူးကျော်များကို ဖျက်သိမ်းကာ သာကေတ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ စသည့် မြို့ပြ စီမံ ကိန်းကြီးများ စတင် ကတည်းက အားကစားကွင်းများ၊ ပန်းခြံများ၊ မီးတားကွင်းများ ထည့်သွင်း တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံသို့ အားကစားကွင်း ဖျက်သိမ်းကာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို ဆက်လက် လုပ် ကိုင်ခြင်း မပြုရန် တင်ပြခဲ့သော်လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရက လျစ်လျူရှုခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောသည်။
အဆိုပါ အားကစားကွင်းကို အိမ်ရာ ဆောက်လုပ်ရန်၂၀၁၃ ခုနှစ်က စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး၊ ထိုစဉ်က ရပ်ကွက်အတွင်း နေထိုင်သူ ၆၆၉ ဦးမှ စုပေါင်း လက်မှတ်ရေးထိုးကာ တိုင်တန်း ကန့်ကွက်မှုများ ပြုလုပ်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ခြင်းကြောင့် ရပ်ဆိုင်း သွားခဲ့သည်။
ပြီးခဲ့သည့် မေလ ၉ ရက်မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆောက်လုပ်ခွင့် အမိန့်ဖြင့် ပြန်လည် ချထား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က “အရင်က ပြည်ထောင်စု အစိုးရအဆင့် အနေနဲ့ ချထားပေးခဲ့တဲ့ ဒီဘောလုံးကွင်း နေရာကို အခုအချိန်မှာ ပြည်ထောင်စုအဆင့် မဟုတ်တဲ့ တိုင်းဒေကြီး အစိုးရအဖွဲ့က ပယ်ဖျက်တယ် ဆိုတာကို တရားဝင်မှုရှိ၊ မရှိဆိုတာ သမ္မတကြီးဆီကို စာတင်သွားမယ်”ဟု ဧရာဝတီကို ပြောသည်။
ယခင် စစ်အစိုးရ လက်ထက်က ရပ်ကွက် အားကစားကွင်းများ သိမ်းယူကာ ပုဂ္ဂလိက လုပ်ငန်းရှင်များကို လက်လွှဲ ရောင်းချခြင်း ပြုလုပ်ခဲ့သည့် အတွက် တချို့သော မြို့နယ်များတွင် အားကစားကွင်းများ ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်များ ရှိခဲ့သည်။