ကလေးတိုင်း ကလေးတိုင်းဟာ မွေးရာပါ သိပ္ပံပညာရှင်များ ဖြစ်ကြတယ်လို့ ကလေး စိတ်ပညာရှင်များက ဆိုပါတယ်။ သိပ္ပံပညာရှင် များက စူးစမ်း လေ့လာတတ် ကြသလို ကလေးများဟာလည်း အင်မတန်မှ စပ်စုတတ်၊ စူးစမ်းတတ် လေ့လာတတ် ကြလို့ပါပဲ။
စူးစမ်းလေ့လာခြင်း ဆိုတဲ့ အရာဟာ မွေးကတည်းကိုက လူရဲ့ အတွင်းစိတ်မှာ ပါလာတဲ့ လူ့သဘာဝ တခုပါ။ ဒီလို စူးစမ်း လေ့လာတတ်တဲ့ သဘာဝစိတ် ကြောင့်ပဲ ကျမတို့ဟာ ကျောက်ခေတ်လူသား ဘဝကနေ ဒီလိုမျိုး အဆင့် မြင့်မြင့်နဲ့ နေနိုင် ထိုင်နိုင်လာကြ တာပါပဲ။
ကလေးများဟာ မွေးစ အရွယ် ကတည်းကိုက သူတို့ရဲ့ ဝန်းကျင်ကမ္ဘာကို စူးစမ်းလေ့လာ တတ်ကြပါတယ်။ တွေ့သမျှ၊ မြင်သမျှ အရာအားလုံးဟာ သူတို့အတွက်တော့ စူးစမ်းလေ့လာ ချင်စရာတွေ ပါပဲ။ တွေ့သမျှ၊ မြင်သမျှကို မျက်လုံး ဝိုင်းလေးတွေနဲ့ လိုက်ကြည့်ပြီးတော့ ဒါဘာလဲလို့ စူးစမ်း လေ့လာကြပါတယ်။ ဒီ စူးစမ်း လေ့လာမှုဟာ တကယ်တော့ လူသားမျိုးနွယ်အတွက် အင်မတန် အဖိုး မဖြတ်နိုင်တဲ့ ဉာဏ်ရည်ပါ။ စူးစမ်းလေ့လာခြင်း (တနည်းဆိုရရင်တော့ ကလေးတို့ရဲ့ စပ်စုခြင်း) ဟာ ကလေးတို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အင်မတန်မှ အရေးကြီးတဲ့ အရာတခုပါပဲ။
ကလေးတယောက်ရဲ့ မေးမြန်း စူးစမ်းခြင်း အပေါ်အရွယ်ရောက်ပြီးသား လူကြီးတွေက ဘယ်လို တုံ့ပြန်ကြသလဲ ဆိုတာကို လိုက်ပြီးတော့ စူးစမ်း လေ့လာသင်ယူ လိုမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ အကောင်းမြင်မှု စသည်တို့မှာ ကွာခြား သွားကြတာ ပါပဲ။
ကျမတို့ရဲ့ လူ့အဖွဲ့စည်းကို ပြန်ကြည့်ကြရအောင်။ ကျမတို့ ကြီးပြင်းလာ ခဲ့တဲ့ခေတ်နဲ့ ကျမတို့ ရှေးရှေးက မိဘများ ကြီးပြင်းလာတဲ့ ခေတ်တလျှောက်လုံးမှာ ကလေးတို့ရဲ့ စူးစမ်းစပ်စုမှုကို လူကြီးများက မကြိုက်တတ်ကြ ပါဘူး။
“ဒီကလေး ဘာတွေ လာမေးနေတာလဲ၊ ကလေးအရာ မဟုတ်တာတွေ မမေးနဲ့” စသဖြင့် ပိတ်ပင်တားဆီး တတ်ကြ ပါတယ်။ တခါတလေမှာတော့ ကလေးကို ချစ်တတ်၊ အလိုလိုက်တတ်တဲ့ လူကြီးတချို့က ကလေးမေးတဲ့ မေးခွန်း တွေကို ပြန်ဖြေတတ်ကြ ပေမယ့် သေသေချာချာ လေးလေးစားစားနဲ့ ဖြေတာ နည်းကြပါတယ်။ ပြီးပြီးရော ဖြေတတ်ကြ သလို၊ ရယ်စရာ ဟာသအနေနဲ့ တွေ့ကရာတွေ ပြောချင်လည်း ပြောတတ်ပါတယ်။
ကျမတို့ တလျှောက်လုံး သင်ယူလာခဲ့ရတဲ့ ပညာရေးကို ပြန်ကြည့် လိုက်မယ်ဆိုရင်လည်း အားရစရာ ရယ်လို့ မရှိပါဘူး။ ဒါကျက် ဒါဖြေ စနစ်ပါ။ စာသင်ခန်းတွေမှာ မေးမြန်း စူးစမ်းတာ၊ ကလေးတို့ရဲ့ မေးမြန်းစူးစမ်းတဲ့ မေးခွန်း တွေကို ဆရာမက မှတ်ထားပြီးတော့ ကလေးနဲ့အတူတူ အဖြေအတူတူ ရှာကြတာ ဆိုတာမျိုးကတော့ လုံးလုံးကို မရှိသလောက် ပါပဲ။
ရှာရှာဖွေဖွေ တွေးတတ်၊ မေးတတ်တဲ့ ကလေးမျိုးတွေ ပါလာခဲ့မယ် ဆိုရင်လည်း ဆရာ၊ ဆရာမ တော်တော်များများက သဘောမကျ တတ်ပြန်ပါဘူး။ ကျမတို့တွေဟာ အိမ်မှာရော၊ ကျောင်းမှာပါ မေးမြန်းစူးစမ်းခွင့် မရခဲ့ကြပါဘူး။ ကျမတို့ရဲ့ မေးခွန်း မေးတတ်တဲ့ စိတ်၊ စူးစမ်း လေ့လာတတ်တဲ့ စိတ်များဟာ ငယ်စဉ်ဘဝမှာ ကတည်းက ကျောင်းတွေမှာ၊ အိမ်တွေမှာ ပိတ်ပင်တားဆီး ခံလိုက်ရပါတယ်။
ဒီလိုမျိုး ပိတ်ပင်တားဆီး ခံလိုက်ရတဲ့ အတွက်ကြောင့် မေးခွန်းမေးရမှာကို ကြောက်တဲ့၊ ဖောက်ထွက်တွေးရမှာကို ကြောက်တဲ့၊ ပြောသမျှယုံတတ်တဲ့၊ ထပ်ကွန့် မစဉ်းစားတတ်တဲ့ လူကြီးလေးတွေ အဖြစ် ကြီးပြင်း လာရပါတော့ တယ်။
တကယ်တော့ ကလေးတို့ရဲ့ စူးစမ်း လေ့လာတတ်တဲ့ စိတ်လေးများဟာ တယောက်နဲ့ တယောက် မတူကြပါဘူး။ တချို့က ငြိမ်ငြိမ်ကလေး စူးစမ်း လေ့လာတတ်ကြ ပေမယ့် တချို့ကတော့ ခုန်ပေါက်ပြေးလွှား ကစားရင်းနဲ့ စူးစမ်း လေ့လာတတ်ကြ ပါတယ်။ ဒီလို ကစားရင်း လေ့လာရင်းနဲ့ သူတို့ တွေ့လာကြ၊ သိလာကြ တာလေးတွေကို လူကြီးတွေကို မေးတတ် မြန်းတတ်ကြ ပါတယ်။ ကလေးတို့ရဲ့ ကမ္ဘာဟာ လူကြီးများရဲ့ ကမ္ဘာနဲ့ မတူပါဘူး။ သူတို့ရဲ့ အမြင်ဟာလည်း လူကြီးများရဲ့ အမြင်နဲ့ မတူတတ်ကြပါဘူး။ လူကြီးများ မတွေးတဲ့ ထောင့်က တွေးတတ် မေးတတ်ကြ ပါတယ်။
ဥပမာ- “တီကောင်တွေကိုတော့ လူတွေက ဘာလို့ ချက် မစားကြတာလဲ” ဆိုတဲ့ အမေးမျိုးများကို ကလေးတွေ မေးတတ်ကြ သလို၊ “ဘာကြောင့် မေမေက မုတ်ဆိတ်မွေး မပေါက်တာလဲ” ဆိုတဲ့ မေးခွန်းမျိုး ကိုလည်း မေးတတ်ကြ ပါတယ်။ ဒီလို ရှာရှာဖွေဖွေ မေးတတ်တဲ့ အမေးမျိုးကို ကလေးက ပေါက်ပေါက်ရှာရှာ မေးတယ် ဆိုပြီးတော့ တွေ့ကရာတွေ ပြန် မဖြေရပါဘူး။ မသိရင် မသိကြောင်းကို ရိုးသားစွာ ပြောပြီးတော့ အင်တာနက်မှာပဲ ဖြစ်ဖြစ်၊ စာအုပ်တွေထဲမှာပဲ ဖြစ်ဖြစ် ကလေးနဲ့ အတူတူ ရှာဖွေ ကြည့်ရှုကြ ရပါမယ်။
စူးစမ်း လေ့လာတတ်တဲ့ ကလေးတယောက်ဟာ ဘာလေးကိုပဲ ဖြစ်ဖြစ် သတိပြုမိလေ့ ရှိပါတယ်။ ဥပမာ အိမ်ရှေ့က သစ်ပင်မှာ ငှက်ကလေး အသိုက် ဆောက်နေတာကို သတိပြုမိတဲ့ ကလေးဟာ ငှက်ကလေး အသိုက်လုပ်ဖို့ အတွက် အပိုင်းအစလေးတွေ ချီလာတာကို သတိပြု စောင့်ကြည့်တတ် ပါတယ်။ ဒီလိုပဲ သစ်ပင်ပေါ်က ဘောက်ဖတ်လေးကို သတိထားမိတဲ့ ကလေးတယောက် ဟာ ဘောက်ဖတ်လေး တဖြည်းဖြည်း ကြီးလာပြီးတော့ လိပ်ပြာလေး ဖြစ်သွား တာကို နားလည်သွားပါတယ်။ ဒီလိုသတိပြုတတ်၊ စောင့်ကြည့်တတ်ခြင်းဟာ တကယ်တော့ ကလေးတို့ သင်ယူနေ တာပါပဲ။ ဒီသင်ယူမှုဟာ စာအုပ်ထဲက စာတွေကို နားမလည်ဘဲနဲ့ အလွတ်ထိုင်ကျက် နေတာနဲ့စာရင် အများကြီး အကျိုးသက်ရောက်မှု ရှိတဲ့ သင်ယူမှုပါပဲ။
ကလေးတို့ဟာ သူတို့ ဝန်းကျင်က ဖြစ်ပျက် ပြောင်းလဲနေတာ တွေကို သတိပြုမိ၊ မြင်မိလာတာနဲ့ အမျှ သူတို့ဆီမှာ မေးစရာ မေးခွန်းလေးတွေလည်း များလာရ ပါတော့တယ်။ လူကြီးများ အတွက် အဓိပ္ပာယ် မရှိဘူး လို့ ထင်ရတဲ့ ကလေးတို့ရဲ့ အတွေးတွေ၊ မေးခွန်းတွေဟာ တကယ်တော့ ကလေးတို့ အတွက် သိပ်ကိုမှ ထူးဆန်းလှတဲ့ အရာများပါပဲ။
ဥပမာ- “သရက်ပင်က ဘာလို့ မာလကာသီး မသီးတာလဲ” ဆိုတဲ့ မေးခွန်းဟာ အဓိပ္ပာယ် မရှိတဲ့ မေးခွန်းလို့ လူကြီး အမြင်နဲ့ မြင်ပြီးတော့ “ဘာတွေလာမေးနေတာလဲ” လို့ ဟောက်လွှတ်လိုက်မယ် ဆိုရင်ဖြင့် ကလေးရဲ့ မေးမြန်းချင်စိတ်၊ စူးစမ်းချင်စိတ်ကို သတ်ပစ်လိုက်ရာ ရောက်ပါတယ်။ သရက်ပင်က ဘာကြောင့် မာလကာသီး မသီးဘဲ သရက်သီး သီးရတယ် ဆိုတဲ့ အကြောင်းကို ကလေးနားလည်အောင် ကလေးကို ရှင်းပြပြီးတော့ မာလကာပင်နဲ့ သရက်ပင်တို့ ဘယ်လို ကွာခြားတယ် ဆိုတာကို ကလေးနဲ့ အတူတူ လေ့လာကြည့်ကြရ ပါမယ်။ ဒါဟာ သင်ကြားခြင်းပါပဲ။ ကလေးတို့ရဲ့ စူးစမ်းချင်စိတ်၊ လေ့လာလိုစိတ်ကို အားပေးရာလည်း ရောက်စေပါတယ်။
ကလေးများရဲ့ မွေးရာပါ ပါလာတဲ့ စူးစမ်းလိုစိတ်ကို ဖွံ့ဖြိုးအောင်လုပ်ပေးဖို့ လိုပါတယ်။ ကလေးတို့ရဲ့ စူးစမ်းစိတ်၊ မေးမြန်းလိုစိတ်ကို ဖွံ့ဖြိုးအောင် လုပ်ပေးခြင်းဟာ တကယ်တော့ အနာဂတ် လူ့အဖွဲ့စည်း အတွက် မေးမြန်းစူးစမ်းတတ်၊ လေ့လာ တီထွင်တတ်တဲ့ လူကြီးများ ဖြစ်လာအောင်လို့ ပြုစုပျိုးထောင် ပေးခြင်းပါပဲ။
ဒါဆိုရင်ဖြင့် ကျမတို့လူမျိုးတွေ အမေးအမြန်းနည်းတယ်၊ ယုံလွယ်တယ်၊ သတိပြုစူးစမ်းမှုနည်းတယ် ဆိုတဲ့ နိုင်ငံတကာ အသိုင်း ဝိုင်းရဲ့ ဝေဖန်ချက်တွေကို အနာဂတ်မှာ ပြောင်းပြန်လှန်နိုင် လာပါလိမ့်မယ်။
အနာဂတ် လူ့အဖွဲ့စည်းမှာ စဉ်းစား အဆင်ခြင်ဉာဏ် ကြီးတဲ့လူမျိုး၊ စူးစမ်း လေ့လာတတ်တဲ့ လူမျိုး၊ ဘာကိုပဲဖြစ်ဖြစ် မေးမြန်းလေ့ လာ ဖို့ ဝန်မလေးတဲ့ လူမျိုးရယ်လို့ ကမ္ဘာ့အလည်မှာ ဝံ့ကြွားနိုင်စေဖို့ အတွက် ကျမတို့ရဲ့ကလေးတွေကို မေးခွင့်၊ စူးစမ်းခွင့်၊ စပ်စုလေ့လာခွင့်လေး ပေးကြရအောင်ပါ။
ကျောင်းမှာ၊ အိမ်မှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကလေးတို့ မေးမြန်းတာ လေးတွေကို စိတ်ရှည်ရှည်နဲ့ ပြန်ဖြေတတ်သူ ဆရာ၊ မိဘများ၊ လူကြီးများ ကျမတို့နိုင်ငံမှာ များလာပြီဆိုရင်ဖြင့် အနာဂတ်လူ့အဖွဲ့စည်း အတွက် အဆင်ခြင်ဉာဏ်၊ စူးစမ်းဉာဏ်ကြီးတဲ့ လေ့လာ မေးမြန်း တတ်သူ နိုင်ငံသား များပြားလာပါလိမ့်မယ်။
ဒါကြောင့်မို့လို့ ကလေးတွေရဲ့ ပေါက်ပေါက်ရှာရှာ မေးခွန်းများကို စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာ ကျကျနန ဖြေကြားပေးကြ ပါဦး။ ။