စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသရှိ ဝမ်ပေါင်နှင့် ဦးပိုင် ကုမ္ပဏီတို့ကို ရည်ရွယ်ပြီး ၄ ကြိမ်မြောက် ကျိန်စာတိုက်ပွဲကို မေ ၂၄ ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းဒေသခံ ရွာ ၅ ရွာမှ ဒေသခံများ စုပေါင်းကျင်းပခဲ့သည်။
လက်ပံတောင်းစီမံကိန်း ပတ်ဝန်းကျင်ရှိ ဆည်တဲရွာဟောင်း၊ တုံရွာသစ်၊ တုံရွာမ၊ မိုးကြိုးပြင်ရွာ၊ အလယ်ရွာတို့မှ ဒေသခံ ၄၀ ခန့် စုပေါင်းကာ သက်ဆိုင်ရာ အာဏာပိုင်များထံ ခွင့်ပြုချက် မယူဘဲ ကျင်းပခဲ့ခြင်းဖြစ်သည်။
လယ်တီသိမ် ဖျက်ခြင်း၊ ရဲများက တရုတ်ကုမ္ပဏီတို့ကိုသာ အကာအကွယ်ပေးနေခြင်း၊ ဒေသခံ ရွာသားများကို ပုဒ်မအမျိုးမျိုးဖြင့် အရေးယူနေခြင်းများက အာဏာပိုင်များဘက်မှ ပြည်သူလူထုအပေါ် ဥပဒေအမျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ချယ်နေခြင်းဖြစ်ကြောင်း ဒေသခံများကို အကူအညီပေးနေသည့် ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ကိုဖိုးဇော်က ပြောသည်။
“လက်ပံတောင်း အစီရင်ခံစာရဲ့ အကောင်အထည်ဖော်ဖို့ ပြောထားတာတွေ တခုမှ မဖြစ်လာသေးဘူး။ အစီရင်ခံစာက ညွှန်ကြားချက်တွေကိုလည်း ဝမ်ပေါင်နဲ့ ဦးပိုင်ဘက်က တခုမှ မလိုက်နာဘူး။ လယ်တီသိမ်နဲ့ တောင်ကြားစေတီကို ဖျက်တာ ပဲကြည့်လေ။ ညွှန်ကြားချက်ကို လိုက်နာတာမှ မဟုတ်တာ” ဟု ဆည်တည်းရွာဟောင်းမှ မရီရီဝင်းက ပြောသည်။
သို့ရာတွင် လယ်တီသိမ်ရွှေ့ပြောင်းခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများ၏ စီမံညွှန်ကြားချက်များ အတိုင်းသာ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး မိမိတို့ ဝမ်ပေါင်ကုမ္ပဏီဘက်မှ စီမံဆောင်ရွက်ခဲ့ခြင်း မဟုတ်ကြောင်း၊ မူလပုံစံအတိုင်း ရွှေ့ပြောင်းရန်မှာလည်း သယ်ယူနေစဉ် ထိခိုက်မှုများ ရှိနိုင်သည့်အတွက် ဖြိုဖျက်သောနည်းဖြင့် ရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်ကြောင်း မေ ၂၃ ရက်နေ့က လက်ပံတောင်းတောင်ခြေရှိ ဝမ်ပေါင်ကုမ္ပဏီ ရုံးခန်းတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ဝမ်ပေါင်ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Geng Yi က ပြောသည်။
ထို့အပြင် မေ ၂၂ ရက်နေ့က ဆန္ဒပြခဲ့ကြသော ဝမ်ပေါင်ကုမ္ပဏီမှ သင်တန်းသား အလုပ်သမားများကိစ္စနှင့် ပတ်သက်ပြီး ကုမ္ပဏီ၏ တရားဝင် ခန့်အပ်ထားသော အလုပ်သမားများ မဟုတ်သေးသည့်အတွက် ၎င်းတို့နှင့် ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိကြောင်း သိရသည်။
“သူတို့က ကျနော်တို့ ကုမ္ပဏီရဲ့ အလုပ်သမားတွေပါလို့ ပြောနေကြတာ မှားနေတယ်။ သူတို့က ကျနော်တို့ အလုပ်သမားမှ မဟုတ်တာ။ ဒီမှာ မခန့်ဘူးဆိုရင် တခြားနေရာမှာ အလုပ်သွားရှာကြပေါ့။ နောက်ပြီးတော့ သူတို့တောင်းဆိုနေတာက မူလ သင်တန်းတက်ခဲ့စဉ်က သဘောတူညီချက်တွေထက် ပိုပြီး အခွင့်အရေး တောင်းနေတာ။ သူတို့ကိုသာ ပေးလိုက်မယ်ဆိုရင် တခြား ကျနော်တို့ အလုပ်သမားတွေကို ဘယ်လို စီမံခန့်ခွဲရမလဲ။ သူတို့ကိုချည်းပဲ အထူးအခွင့်အရေး ပေးလို့မှမရတာ” ဟု Mr. Geng Yi က ဆိုသည်။
ထိုသင်တန်းသား အလုပ်သမားကိစ္စနှင့် ပတ်သက်ပြီး မေလ ၂၃ ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းစီမံကိန်း ဝန်းကျင်ရှိ ပလောင်ရွာတွင် ဒေသခံလူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်ရာတွင်လည်း ပြဿနာ ပေါ်ပေါက်ခဲ့သည်။
ဒေသခံလူထုများ၏ လိုအပ်ချက်များ၊ တောင်းဆိုမှုများကို လေ့လာရန် ဝမ်ပေါင်ကုမ္ပဏီက စစ်တမ်းကောက်ယူနေစဉ် အဆိုပါရွာအတွင်းရှိ သင်တန်းသား အလုပ်သမားတဦး၏ မိဘဖြစ်သူက မိမိတို့သားများအနေဖြင့် သင်တန်းကာလ ပြီးဆုံးလျှင် သတ်မှတ်ထားသော လစာ နည်းပါးနေသဖြင့် တိုးပေးရန် တောင်းခဲ့သည်။ ဝမ်ပေါင်ကုမ္ပဏီဘက်ကလည်း မိမိတို့က သတ်မှတ်ထားသည့် အတိုင်းသာ ဆက်လက်ရှိမည်ဟု ပြောဆိုကြပြီးနောက် လာရောက်သော ဒေသခံများက ပွဲမပြီးခင် ထပြန်ခဲ့ကြသည်။
“အမှန်တိုင်းပြောရရင် ဝမ်ပေါင်ကုမ္ပဏီက အဖြစ်သဘောနဲ့ပဲ ဒေသခံလူထုတွေနဲ့ တွေ့တယ်လို့ လုပ်နေတာ။ ဒီလက်ပံတောင်း စီမံကိန်းနဲ့ ပတ်သက်ပြီး အဓိက ဖြစ်ပျက်နေတဲ့ ဝက်မှေး၊ ဆည်တည်း၊ မိုးကြိုးပြင်၊ တုံရွာ စတဲ့ ကျေးရွာတွေကို ဘယ်တုန်းကမှလည်း လာတွေ့တာမျိုး၊ စစ်တမ်း လာကောက်တာမျိုး မလုပ်ဘူး။ ဒေသခံတွေ တောင်းဆိုထားတဲ့ မြေယာ လျော်ကြေးနှုန်းနဲ့ ပတ်သက်လို့လည်း ဘာတခုမှ အကြောင်းမပြန်ဘူး။ အခု စီမံကိန်း နယ်မြေတွေကို သံဆူးကြိုးခတ်တော့မယ်။ ဒါက ဒေသခံတွေကို သက်သက်မဲ့ အာဏာအားကိုးပြီး အနိုင်ကျင့်နေတာ” ဟု ဝက်မှေးရွာမှ ဒေသခံခေါင်းဆောင် ကိုမင်းဇော်က ဧရာဝတီသို့ ပြောသည်။
၂၀၁၂ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ်၊ ယခုနှစ် မတ်လတွင် တတိယအကြိမ် ဝမ်ပေါင်ကုမ္ပဏီနှင့် ဦးပိုင်ကုမ္ပဏီတို့ကို လက်ပံတောင်း ဒေသခံများက ကျိန်စာတိုက်ပွဲများ ပြုလုပ်ခဲ့သည်။