မအူပင်၊ ဗိုလ်စိန်မှန်၊ အောင်ပင်လယ် အခြေခံဥပဒေ ပြင်ရေး လူထု ပွဲတွေ အပြီးမှာ ဒီမိုကရေစီ အင်အားစု ခြေလှမ်း၊ အာဏာရ ပါတီ နဲ့ သူ့ရဲ့ ကျောထောက်နောက်ခံ တပ်မတော် ရဲ့ သဘောထား အစရှိတဲ့ လက်ရှိ ဗမာ့ စစ်လွှတ်တော် နိုင်ငံရေး လမ်းကြောင်း ဟာ ပိုမို စိတ်ဝင်စားစရာ ကောင်းလာတယ်။
ဒီမိုကရေစီ အုပ်စုဘက် က ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံ ပြင်ရေး လူထု လှုပ်ရှားမှု တွေ ပြုမယ် ဆိုပြီး အသံ စ ဟစ်ချိန် မှာ ပထမဆုံး တုံ့ပြန် ခဲ့တာကတော့ တပ်မတော် ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း (Road Map၊ ၂၀၀၈ ဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲ) ကို အစဉ်တစိုက် ထောက်ခံ အားပေး ကြိုဆို လော်ဘီ လုပ်ပေးခဲ့တဲ့ သြဇာရှိ ပညာတတ် အလိ “Elite” အုပ်စု ပါ။ အဆိုပါ အုပ်စုဝင် ပညာရှိ ကဝိ စာရေးဆရာ ဆရာကြီး တပါး က “အခြေခံဥပဒေ ပြင်ဖို့ကို နှစ်ဖက် ခေါင်းဆောင်ချင်း ညှိကြပါ၊ လူထု ကို ဆွဲမထည့်ပါနဲ့” ဆိုတဲ့ သဘော စ လမ်းကြောင်း ပြောခဲ့ဖူးတာ စိတ်ဝင်စားသူများ သတိပြုမိခဲ့မယ် ထင်ပါတယ်။
အရည်ပျော်လွဲသူ ဝင်း-ဝင်း ဖယောင်းတိုင်သမားများ၊ နောက်ပြန်လှည့် အကြောက်တရား ဝင်နေသူ လန်ကြောက်သမားများနဲ့ စစ်အုပ်စု သြဇာခံ “Proxy” များကလည်း လူထု ပါလာရင် စစ်တပ် က ငြိမ်နေမှာ မဟုတ်ဘူး ဆိုတဲ့ အမြင် ရှိကြတယ်။ ဒီလို အမြင်တွေကို လူထု အပေါ် လွှမ်းမိုးနိုင်စွမ်းတဲ့ ပေါ်ပြူလာ မီဒီယာ ကြားခံတွေကနေ အဆက်မပြတ် တင်သွင်းနေတယ်။
အနေအစား ချောင်နေတဲ့ လူချမ်းသာ နဲ့ ပညာတတ် လူလတ်တန်းစား အများစု မှာလည်း လက်ရှိ အပေါ်ယံ ဖြစ်ပေါ် တိုးတက်မှု အပြောင်းအလဲ၊ တနည်း အထွေထွေ ဖြေလျော့မှု (နိုင်ငံရေး သီအိုရီ နဲ့ ဆိုရရင် Liberalisation ဖြစ်စဉ် / Democratisation ဖြစ်စဉ် စစ်စစ် မဟုတ်) ကို ရောင့်ရဲ တင်းတိမ် ကျေနပ် နေနိုင်စွမ်းတဲ့ လူမှု-စီးပွား အနေအထား ရှိတဲ့ အတွက် ဒီလို လူထု လှုပ်ရှားမှုတွေကို မနှစ်မြို့ ချင်တဲ့ သဘော အနည်းအများ ရှိကြတယ်။
လက်ရှိ လွှတ်တော် မှာ ၂၅ ရာခိုင်နှုန်း နေရာယူထားတဲ့ တပ်မတော် ရဲ့ အကြီးအကဲကလည်း စစ်တပ်ရဲ့ နိုင်ငံရေး ဦးဆောင်မှု လုံးလုံး ကင်းဖို့ ရာ အခြေခံဥပဒေ ပြင်ရေး၊ လာမယ့် ရွေးကောက်ပွဲ နဲ့ အနာဂတ် ဗမာ့ နိုင်ငံရေး လမ်း မှာ ဘက်မလိုက် ကြားနေရေး အတွက် ခိုင်ခိုင်မာမာ အာမခံခြင်းမျိုး မရှိသေးဘူး။
ဒီလို နောက်ခံမှာ အခု ရက်ပိုင်းလေးမှာပဲ နအဖ ဝန်ကြီးချုပ်ဟောင်း စစ်ဗိုလ်ချုပ် အငြိမ်းစား လက်ရှိ သမ္မတက ဖွဲ့စည်းပုံ ပြင်ရေး ဆော်သြမှု တွေ၊ ရွေးကောက်ပွဲ အတွက် ပါတီနိုင်ငံရေး လှုပ်ရှားမှု တွေကို ခေတ်အဆက်ဆက် စစ်အစိုးရဟောင်းများရဲ့ လေသံ အတိုင်း “ဆှုပူမှု” နဲ့ ပေးစားချင်တဲ့ သဘော ဆိုလာတယ်။ “နောင်ကို လူစုလူဝေး နဲ့ ဆူပူပူ လုပ်လို့ ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး” ဆိုတဲ့ သွားလေသူ စစ်အာဏာရှင်ဟောင်းကြီးရဲ့ နာမည်ကျော် မိန့်ခွန်း စကားကိုတောင် ပြန်လည် ကြားယောင် မိတယ်။
ဒီမိုကရေစီ စနစ် ရဲ့ အခြေခံ အနှစ်သာရ တိုင်းပြည် ရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေမှာ လူထု ပါဝင် လှုပ်ရှားမှု “Mass Mobilization / Social Mobilization” ကို “ဆူပူမှု” အဖြစ် ခေါင်းစဉ်တပ်ချင်တဲ့ အာဏာရှင် ရှေးရိုးစွဲ အမြင်၊ စဉ်းစားပုံ “Mindset” ဟာ လက်ရှိ အရပ်ဝတ် နဲ့ တိုင် အရိုးစွဲ ကျန်နေသေးတယ်။
ဒါတွေ အပြင် သိပ်မကြာသေးခင်ကပဲ ကြားနေရမယ့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ စစ်ဗိုလ်ဟောင်းကြီးကလည်း သြဇာရှိတဲ့ လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ နယ်လှည့်ရင် လူထု အစုအဝေးကြီးတွေ တိုင်းပြည် အနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမှာနဲ့ စစ်တပ်နောက်ခံပြု အာဏာရ ပါတီ ရွေးကောက်ပွဲမှာ အကွဲကွဲ အပြဲအပြဲ နာလန်မထူမှာကို မြင်ယောင် စိုးရိမ်တော့ မဲဆွဲပွဲ ကန့်သတ်လိုမှု သဘောတွေကို ခပ်ပြောင်ပြောင်ပဲ ထုတ်ဆိုနေတယ်၊ “မကြိုက်ရင် မဝင်နဲ့ပေါ့” ဆိုတဲ့ လူမိုက် စကားဆန်ဆန်တွေ ပြောနေတယ်။
လူထု အင်အား (People Power)၊ လူထု အစုအဝေး ကို ကြောက်တဲ့ အခံ “လူထုကြောက် ရောဂါ” ဟာ စစ်တပ်ကလာတဲ့ လက်ရှိ အာဏာရ အသိုင်းအဝန်းမှာ အပြည့် ရှိနေတယ်။
ဒီမိုကရေစီ အင်အားစု ဘက် ကြည့်ပြန်ရင်လည်း အခု ၈၈ နဲ့ ဒီချုပ် ပူးပေါင်းပြီး လူထု ဟောပြောပွဲတွေ လုပ်ရာမှာ “လူထု အရေအတွက် အင်အားပြပြီး ခြိမ်းခြောက် နေတာမဟုတ်ဘူး၊ အရည်အချင်း နဲ့ တိုက်ယူမှာ၊ လူထုကို လမ်းပေါ် မထွက်ခိုင်းဘူး” ဆိုတဲ့ သဘောကို အသားပေး ဆိုတာ တွေ့ရတယ်။ သူတို့မှာလည်း “လူထုကြောက် ရောဂါ” အနည်းအများ ဝင်နေတယ်။
ဒီလို ဝင်ရခြင်းက လက်ရှိ စစ်လွှတ်တော် နိုင်ငံရေး သဘောအရ စစ်တပိုင်း အစိုးရ၊ စစ်အုပ်စု နဲ့ ယုံကြည်မှု မပျက်ချင်၊ တွေ့ဆုံဆွေးနွေးရေး ကို ဆက်လက် ဖော်ဆောင်ချင်၊ စစ်အစိုးရအဆက်ဆက် အမြဲ စွပ်စွဲနေကျဖြစ်တဲ့ “ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ် ဖော်ဆောင်နေတယ်” ဆိုတာကို ချေဖျက်ချင်တဲ့ အတွက်ကြောင့်ပါ။ ဒီလို သဘောကြောင့် ဒီချုပ် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြီး နောက်ပိုင်း စစ်လွှတ်တော် နိုင်ငံရေးကို ဒီမိုကရေစီ အင်အားစု အများစု ပီပီပြင်ပြင် စလျှောက်ချိန်ကတည်းက နိုင်ငံရေး သဘော တစိတ်တပိုင်း ပါဝင်တဲ့ အခြေခံ လူထု လူတန်းစား အသက်ဆက်ရေး လူမှုတိုက်ပွဲတွေဖြစ်တဲ့ မြေယာတိုက်ပွဲ၊ အလုပ်သမား တိုက်ပွဲတွေကို အထင်ကရ တက်ကြွလှုပ်ရှားသူ ဒီမိုကရေစီသမားများ တတ်နိုင်သမျှ လက်ရှောင်ခဲ့ကြတာပေါ့။
ဒါပေမယ့် လက်ရှိ အချိန်မှာတော့ တိုင်းပြည် ရဲ့ အနာဂတ် အထွေထွေ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းရေး အတွက် အင်မတန် အရေးပါတဲ့ ဖွဲ့စည်းပုံပြင်ရေးကို လွှတ်တော်နိုင်ငံရေး၊ တွေ့ဆုံ ဆွေးနွေးရေး အပြင် လွှတ်တော် ပြင်ပ လူထု အခြေခံ လူပ်ရှားမှု တွေ ပြုလုပ်ဖို့ ဒီချုပ် နဲ့ ၈၈ ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစု က ပိုမို ဇောင်းပေးလာတာဟာ ကြိုဆိုရမှာပါ။
လူထုကို သေနတ်ပြောင်းဝ၊ သေတွင်း ပို့ချင်တာလား ဆိုချင်သူများ၊ တနည်း လူထုလှုပ်ရှားမှု ကြောက် ဆရာများကိုလည်း နအဖ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲခဲ့တဲ့ ဒီ၂၀၀၈ ဖွဲ့စည်းပုံ ရဲ့ အခြေခံ ကျောရိုး ဥပဒေတွေ တိုင်းပြည်မှာ ရှင်သန်နေသရွေ့ လူထု အာဏာ၊ စီးပွား နဲ့ လုပ်ပိုင်ခွင့် ဟာ သေနတ်ပြောင်းဝ အောက်ရောက်နေသလို ဖြစ်ကာ လူမှု-စီးပွား တရားမျှတမှု ဟာလည်း မဲ့နေ၊ သေနေလျက်ပဲ ဆိုတာ သတိချပ်စေချင်တယ်။
ဒါ့အပြင် လက်ရှိ ဖွဲ့စည်းပုံ ပြင်ရေး လူထုပွဲတွေမှာ ခေါင်းဆောင်တွေ လှုံ့ဆော်နေတာက လူထူကို လမ်းပေါ် ထွက် အစိုးရ နဲ့ ထိပ်တိုက် ရင်ဆိုင်ခိုင်းနေတာလည်း မဟုတ်ဘူး၊ သူတို့ စကားကို အင်မတန် ထိန်းထိန်းသိမ်းသိမ်း ပြောကြတယ်။ တကယ်ဆို အခု ပွဲတွေ က ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုပညာပေးရေး လှုံ့ဆော် အသိပေးရေး ပွဲ အဆင့်လိုပဲ တောင် ဆိုနိုင်တယ်။ လမ်းပေါ်ထွက် ဆန္ဒပြ ဆိုတဲ့ သဘော လုံးဝ မပါဘူး။ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာကြမယ် ဆိုတာကိုပဲ အတွင်တွင် ဆိုနေကြတာပါ။ ဒီလို ဒီမိုကရေစီ အင်အားစု ဘက်က တွေ့ဆုံ ညှိနှိုင်းရေး မပြတ်ဆိုနေပေမယ့် ဒီ သဘော အလုပ် သိပ်မဖြစ်ကြောင်းကလည်း အခု ရက်ပိုင်းမှာပဲ ရွေးကောက်ပွဲ ကော်မရှင် နဲ့ မဲဆွဲပွဲ ကန့်သတ်မှု ကိစ္စ ဒီချုပ် ဆွေးနွေးညှိနှိုင်းကြည့်တာ မအောင်မြင်ဘူး ဆိုတဲ့ သတင်း ထွက်လာတာ သက်သေပါ။
ဆိုတော့ ဒီလို အခြေခံဥပဒေ ပြင်ရေး လူထု အခြေပြု အစည်းအဝေးပွဲကြီးတွေ၊ ဟောပြောပွဲကြီးတွေ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ စည်းကမ်းတရှိ လုပ်ဖို့က ဗမာ့ မျက်မှောက် နိုင်ငံရေး အတွက် မရှိမဖြစ် လိုတယ်ဆိုတာ အားလုံး လက်ခံရပါမယ်။
ဒီ လှုပ်ရှားမှုတွေ မှာ ဒီချုပ် နဲ့ ၈၈ ခေါင်းဆောင်ပိုင်းတွေက ဖြည့်စွက် လုပ်သင့်တာ တခုကတော့ စနစ်တကျ အစီအစဉ် ချပြမှုမျိုးပါ။ အခု “လွှတ်တော် ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီက ပုဒ်မ ၄၃၆ ပြင်ဆင်ရန် သဘောတူညီဟု ဆို” ဆိုတဲ့ သတင်း ထွက်လာတယ်။ ဒီလို အခြေခံ ဥပဒေ ပြင်ရေး ဂိတ်ပေါက် တံခါး ကို ဖွင့်ပေးမယ့် သဘော ဆိုလာတော့ ရှေ့ဆက်ပြီး ဖွဲ့စည်းပုံပါ ပြင်သင့်တဲ့ အခြား အချက်တွေ ဖြစ်တဲ့ ဥပဒေပြု လွှတ်တော်မှာ မိုးကျရွှေကိုယ် စစ်ဗိုလ် တမတ်သား ပါဝင်နေမှု၊ ပြည်တွင်းစစ် အလုံးစုံ ရပ်စဲရေး အလို့ငှာ မဖြစ်မနေ လုပ်ရမယ့် လူမျိုးစု တိုင်းရင်းသား များ တန်းတူ ညီမျှ အာဏာ ခွဲဝေမှု၊ လွတ်လပ်တဲ့ တရားစီရင် ရေး စနစ်အာမခံမှု စတဲ့ ကျောရိုး အချက်တွေကို လက်ရှိ တပ်မတော် နဲ့ အာဏာရ ပါတီ ခေါင်းဆောင်များ လက်ခံလာအောင်က “တွေ့ဆုံညှိနှိုင်းပွဲတွေ မတိုင်ခင်” ခိုင်မာတဲ့ အာမခံချက်မျိုး၊ သဘောထားကြီးမှုမျိုးတွေ ကို မြင်သာထင်သာ ရှိ အသားပေး ချပြဖို့ လိုပါတယ်။
ကျောရိုးတွေမှာ စစ်ဘက်ဆိုင်ရာ တရားရုံး သီးခြား ကင်းလွတ် တည်ရှိနေမှုမျိုးလို၊ တမတ်သား စစ်ဗိုလ် အမတ်လို၊ စစ်အာဏာရှင်ဟောင်းများ နောက်ကြောင်းပြန် အရေးယူမခံရအောင် ကိုယ့်ဘာသာ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ပုဒ်မ ၄၄၅ လိုမျိုး က နှစ်ဖက် အပြန်အလှန် အပေးအယူ၊ အလျှော့အတင်း လုပ်ကို လုပ်ရမှာပါ။ ဒီ့အတွက် ဒီချုပ် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုဘက်မှာ စနစ်တကျ ခိုင်မာမှု ရှိတဲ့ ချဉ်းကပ် ပြင်ဆင်မှု Plan ရှိကို ရှိရပါမယ်။
ဗမာ့ နိုင်ငံရေးမှာ စစ်အုပ်စု အဓိက လိုချင်တာက (၃) ချက်ပါ။
၁) အနာဂတ် ဗမာ့နိုင်ငံရေး မှာ စစ်တပ် က တတ်နိုင်သမျှ ဦးဆောင် သြဇာ ရှိနေလိုတယ်။
၂) ဦးပိုင်လို စစ်အုပ်စု အကျိုးစီးပွား တွေကို ရေရှည် တည်တံ့ စေချင်တယ်။
၃) ယခင် စစ်အစိုးရ အဆက်ဆက် ကျူးလွန်ခဲ့တဲ့ မတရားမှုတွေ အတွက် နောက်ကြောင်းပြန် အရေးယူမှုမျိုး မလိုလားဘူး။
ဒီ (၃) ချက်ကို အခြေပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံ ကို ဆွဲခဲ့တယ်။ ဒီ (၃) ချက်မှာ (၁) နဲ့ (၂) ကြောင့် တိုင်းပြည် အကျိုး မရှိနိုင်ပုံ ကို နိုင်ငံတကာ ဥပမာ၊ ဗမာ့ နိုင်ငံရေး/အုပ်ချုပ်ရေး သမိုင်းနောက်ခံ တွေ အကျိုးအကြောင်း ချ ပြပြီး လက်ရှိ စစ်တပ်၊ စစ်တပိုင်း အစိုးရ နဲ့ စစ်လွှတ်တော် ခေါင်းဆောင်ပိုင်းတွေကို စည်းရုံးကာ လက်မခံနိုင်ကြောင်း အတိအလင်း ပြောရမှာ ဖြစ်ပေမယ့် နံပါတ် (၃) အချက် စစ်ခေါင်းဆောင်တွေရဲ့ လုံခြုံရေး အာမခံ မှုမျိုးကိုတော့ ဆွေးနွေးညှိနှိုင်း သဘောတူမှု ကြိုတင် ယူနိုင်ပါတယ်။ ဒါမျိုး အာမခံချက်မျိုး လုံခြုံမှုမျိုး ရရင် စစ်အုပ်စုဘက်ကလည်း အလျှော့အတင်း ပြုလုပ်လာနိုင်စရာ ပိုများပါမယ်။
လူထု နိုင်ငံရေး လှုပ်ရှားမှု လမ်းစဉ်ကို အခြေပြုရင်း တဖက်ကလည်း ခိုင်မာ စနစ်ကျတဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အစီအစဉ် လမ်းကြောင်းမှုမျိုး၊ အာမခံမှုမျိုး၊ စစ်တပ် အတွက် လမ်းဖွင့်ပေးမှုမျိုး အလိမ္မာရှိရှိ ပြုရပါမယ်။ စင်မြင့် နိုင်ငံရေးထက်မှာ စကားတွေ အများကြီး ရွှန်းရွှန်းဝေ ပြောနေရုံနဲ့ ခေတ်အဆက်ဆက် နိုင်ငံရေး လုပ်စား ကစားလာတာ ကြာပြီ ဖြစ်တဲ့၊ လက်ရှိမှာလည်း နိုင်ငံရေး အရ အသာစီး ရနေပြီး ဖြစ်တဲ့ စစ်အုပ်စု ခေါင်းဆောင်ပိုင်းကို စည်းရုံ သိမ်းသွင်း နားချ နိုင်မှာ မဟုတ်ပါ။
ဒီမိုကရေစီ အရေးမှာ ဆူဆူပူပူ မင်းမဲ့စရိုက် အကြမ်းဖက်မှုမျိုး မဖြစ်အောင် အကြမ်းမဖက်ရေး ဝါဒ ကို ဆုပ်ကိုင် ထားရမယ် ဆိုတာ မှန်ပေမယ့် ဒါဟာ စကားသက်သက် ပြောရုံ၊ နောက်ဆက်တွဲ အလုပ်မပါတဲ့ ထုတ်ပြန်ချက် ထုတ်ရုံ၊ ဒါမှမဟုတ် စစ်လွှတ်တော် ထဲဝင် ထိုင် ခေါင်းငုံခံ၊ လက်ညှိုးထောင် ခေါင်းညိတ်၊ ဗောင်းတော်ညိတ် စိတ်တော်သိ လုပ်ရုံ သက်သက် မဟုတ်ပါ။ လူထုကြောက် ရောဂါ ရှင်များကတော့ လူထုလှုပ်ရှားမှု ဖြစ်စဉ်များကို လမ်းပေါ်ထွက် လူသေခံ နိုင်ငံရေး၊ ထောင်ကျခံ နိုင်ငံရေး၊ ကကြီး ခခွေး အဆင့် နိုင်ငံရေး အစရှိသလို အမနပ ဆိုခဲ့တာ ခေတ်အဆက်ဆက်ပါပဲ၊ ကွန်မြူနစ်လူထွက် ဆရာကြီးများက အစ ပါ။
ဒီ ကကြီးခခွေး နိုင်ငံရေး လမ်းစဉ် လူထု လှုပ်ရှားမှု “People Power” ဖြစ်စဉ်တွေကပဲ ဒီမိုကရေစီ တိုက်ပွဲတွေကို အဆုံးတိုင် ရောက်စေ၊ ဖြစ်စေခဲ့တယ်ဆိုတာ ကမ္ဘာမှာ၊ ဗမာ မှာ သမိုင်းသက်သေ ထင်ရှား ရှိပါတယ်။ အခု ပြုပြင်ပြောင်းလဲမှု ဆိုကြတဲ့ ဖြစ်စဉ်ကြီး ကိုယ်တိုင် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး သံဃာ + လူထု ပူးပေါင်းလှုပ်ရှားမှုကြီး ရဲ့ အကျိုးဆက်ပဲ မဟုတ်ပါလော။
နိဂုံးချုပ်ရရင် ဒီမိုကရေစီ အင်အားစု က အခုလို စစ်လွှတ်တော် ပြင်ပ နိုင်ငံရေး အတွက် လူထု အခြေပြု လူပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် စတင် ဖော်ဆောင်လာတာကို ကြိုဆိုတယ်။ ဒီမိုကရေစီ ပန်းတိုင် အမှန်တကယ် လက်လှမ်းနိုင်ဖို့ရာ လူထု အများ ငြိမ်းချမ်းစွာ ပါဝင်နိုင်တဲ့ လူထုလှုပ်ရှားမှု တွေကို သေနတ်ပြောင်းဝ မရောက်၊ လမ်းပေါ် ထွက်ပေမယ့် လူအသေမခံ၊ ထိပ်တိုက်ရင်ဆိုင်တဲ့ သဘော မဟုတ်ဘဲ ပုံစံမျိုးစုံနဲ့ ဆက်လက် အရှိန်မြှင့် အကောင်အထည်ဖော်စေချင်တယ်။ ဒါကို “နိုင်ငံရေး အသုံးလုံး အဆင့်ပါကွာ” လို့ မလိုသူများ ခေါ်ချင် ခေါ်ကြပါစေ။ ဒီ နိုင်ငံရေး အသုံးလုံး အဆင့်ကိုပဲ “လူထုကြောက် ရောဂါ” ကင်းကင်းနဲ့ ကျေအောင် လုပ်ကာ ပြည်သူ့အာဏာ ပြည်သူ့အင်အား စုစည်း တည်ဆောက်ရင်း တဖက်ကလည်း ဒီမိုကရေစီ အင်အားစု ခေါင်းဆောင်များ အနေနဲ့ တွေ့ဆုံဆွေးနွေးရေး “Dialogue” အတွက် ခိုင်မာ စနစ်ကျတဲ့ လမ်းစဉ်ချမှတ် ပြင်ဆင်မှုမျိုး လုပ်စေချင်ကြောင်းပါ ခင်ဗျာ။
(ငြိမ်းချမ်းအေးသည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး အွန်လိုင်း မီဒီယာများတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါး ပါ အာဘော် နှင့် ပတ်သက်၍ ဝေဖန် ဆွေးနွေးလိုပါက [email protected] ထံ စာရေး ဆက်သွယ်နိုင်သည်။)