အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးညှိနှိုင်းမှုသည် လက်ရှိအခြေအနေတွင် ထိရောက်မှု မရှိသေးကြောင်း အနည်းဆုံး အခကြေး ငွေ ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဝင် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောသည်။
ယင်းကော်မတီကို အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရတို့ဖြင့် ဖွဲ့စည်းထားပြီး အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေးနှင့် ပတ်သက် ၍ တွေ့ဆုံညှိနှိုင်းမှု သုံးကြိမ်လုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
“ညှိနှိုင်းမှု ဖြစ်စဉ်က လောလောဆယ်အထိ အားမရသေးဘူးဗျ၊ ဘာဖြစ်လို့လဲဆိုရင် ၃ ကြိမ်လောက် တွေ့ပြီးတဲ့အပိုင်းမှာ လက် ဆုပ် လက်ကိုင်ပြနိုင်တဲ့ ညှိနှိုင်းမှုမျိုး မထွက်သေးဘူး၊ ဒါကြောင့်လည်း အားမရဘူးပြောတာ”ဟု ဒေါက်တာ စိုင်းခိုင်မျိုးက ပြော သည်။
၂၀၁၃ ခုနှစ် မတ်လ၂၂ ရက်တွင် အတည်ပြု ပြဌာန်းခဲ့သော အနည်းဆုံး အခကြေးငွေ ဥပဒေနှင့် နောက်ဆက်တွဲ ဇူလိုင် ၁၂ ရက် တွင် ပြဌာန်းသော လုပ်ထုံးလုပ်နည်း ဥပဒေများအရ ကော်မတီများ ဖွဲ့စည်းခဲ့ပြီးနောက် ယခုကဲ့သို့ ဆွေးနွေးမှုများ လုပ်ဆောင်ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ရာတွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာ အနေအထား၊ ပြည်တွင်း အနေအထားတို့ကို ပြောဆိုဆွေးနွေးကြသော်လည်း စာရင်းဇယား ကိန်းဂဏန်းများဖြင့် ညှိနှိုင်းသည့် လက်တွေ့ဆန်သော အခြေအနေများ ရှိမလာသေးကြောင်း သိရသည်။
ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဆက်လက်၍ “ဒါကလည်း တဖက်က ပြောလို့ရတာ ဒေတာတွေ၊ ဆာဗေးတွေ မလုံလောက်သေးလို့ ဆိုတဲ့ အနေအထား ပြောလို့ရတာပေါ့၊ ဆာဗေးကို အခု အစိုးရက လုပ်နေတယ်၊ မြို့နယ်အဆင့် တိုင်းအဆင့်တွေမှာ ဆာဗေး မေးခွန်းတွေ လုပ်နေတယ်၊ ခက်တာ လက်ထဲမှာလည်း အဲ့ဒါမရှိဘူး၊ ဖတ်လည်းမဖတ်ရ၊ ဘာတွေလည်းမသိ၊ ပွင့်ပွင့်လင်းလင်း ပြော ရရင် ကော်မတီဝင်တွေကို ပေးရမယ်၊ ဒီအပိုင်းလေးတွေတော့ အားနည်းတာတွေ့ရတယ်”ဟု ပြောဆိုသည်။
အနည်းဆုံး လုပ်ခလစာ အခြေအနေနှင့်ပတ်သက်၍ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ ကောက်ယူထားသော ဆာဗေးအရ တနေ့လျှင် ၇၀၀၀ ကျပ် ဖြစ်ပြီး မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအဖြစ် အဖွဲ့အစည်း(MDRI) က ကောက်ယူထားသော ဆာဗေးမှာလည်း ယင်း ပတ်ဝန်းကျင်ပင် ဖြစ်ကြောင်း သိရသည်။
အနည်းဆုံးလုပ်ခ ကြေးငွေကို ညှိကြရာတွင် နှုန်းထား သတ်မှတ်ချက်များထက် လုပ်ခလစာနှင့် ကုန်ထုတ်စွမ်းအား ဆက်စပ်မှုကို သတိပြုစေချင်ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ဆိုသည်။
“လခတိုးဖို့ ပြောတယ်၊ လက်ခံတယ်။ ဒါပေမယ့် တဖက်ကလည်း ဘာဖြစ်နေတာလဲဆိုရင် လခတိုးသလို ကုန်ထုတ်စွမ်းအား တိုးမှ ရမယ်၊ အဲ့ဒီကုန်ထုတ်စွမ်းအားကို ဘယ်လိုလုပ်မလဲဆိုတာက အရေးကြီးတယ်၊ ကုန်ထုတ်စွမ်းအားတိုးမှ လစာတိုးတဲ့ အပေါ် မူ တည်တဲ့ အကျိုးရှိမှာ”ဟု ၎င်းက ပြောသည်။
ထို့အပြင် ပုဂ္ဂလိက လစာများ ညှိနှိုင်း သတ်မှတ်ရာတွင် နိုင်ငံတော်ကပေးသည့် လစာများနှင့်လည်း သဟဇာတ ဖြစ်ရန် များစွာ အရေးကြီးကြောင်း ဒေါက်တာ အောင်ထွန်းသက် က ပြောဆိုသည်။
“အနည်းဆုံးလုပ်ခ လစာက ပုဂ္ဂလိကတင်မဟုတ်ဘူး၊ နိုင်ငံတော်နဲ့လည်း ဆိုင်တာကိုး ပုဂ္ဂလိကပေးတဲ့ ပမာဏနဲ့ နိုင်ငံတော်က ပေးတဲ့ ပမာဏက သဟဇာတ ဖြစ်မှရမယ်၊ သိပ်ဝေးနေလို့ မဖြစ်သေးဘူး”ဟုလည်း ၎င်းက ဆိုသည်။
လုပ်ခလစာများ သတ်မှတ်ရေးအပိုင်းမှာ အလုပ်သမား၊လုပ်ငန်းရှင်၊အစိုးရတို့အပြင် စီးပွားရေးပညာရှင်များ၏ အကြံဉာဏ်များကိုပါ ယူ၍ လေးလေးနက်နက် စဉ်းစားဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်းများဘက်တွင်လည်း စီးပွားရေး ယှဉ်ပြိုင်နိုင်မှု အခက်ကြုံတွေ့ရခြင်းများ ရှိလာနိုင်ကြောင်း၊ နှစ်ဘက် အဆင်ပြေမည့် အခြေအနေမျိုးကို ညှိနှိုင်းနိုင်ရန် လိုအပ်ကြောင်း ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒု ဥက္ကဌ ဒေါက်တာ မောင်မောင်လေးကလည်း ပြောသည်။
“လုပ်ခလစာကို အားလုံးတက်စေချင်တယ်၊ ကုန်ဈေးနှုန်းလည်း မတက်စေချင်ဘူး၊ တခါတလေကျတော့ အလုပ်ရှင်ဘက်ကလည်း ကြည့်ရသေးတာပေါ့၊ ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ဘူး၊ အဲ့ဒီမှာ အချို့က အလုပ်သမားတွေကို ဖြုတ်တာရှိတယ်၊ လျှော့ချတာရှိမယ်၊ တချို့က လုပ်ငန်းကို ရပ်စဲလိုက်တာ ရှိတယ်၊ ဒါကြောင့်မို့လို သေသေချာချာ လေ့လာစမ်းစစ်ပြီးမှ လုပ်သင့်တယ်လို့ထင်တယ်”ဟု ၎င်းကဆိုသည်။
အနည်းဆုံး လုပ်ခလစာများ မသတ်မှတ်ရသေးသော ယခုကဲ့သို့ အချိန်အမျိုးတွင် လူတဦး၏ တနေ့ အသုံးစရိတ်ကို ကျပ် ၂၀၀၀ ရှိလျှင် လုံလောက်သည်ဟူသော မကြာသေးခင်က ဒု သမ္မတ ဦးဉာဏ်ထွန်းက ပြောဆိုခဲ့သည်။ ထိုပြောဆိုချက် အပေါ်တွင် ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံတွင်း အခြေခံ လုပ်ခလစာသည် စားဝတ်နေရေး ပြေလည်ရန် မလုံလောက်၍ လစာများ တိုးမြှင့်ပေးရေးအတွက် အလုပ် သမားများက ဆန္ဒပြ တောင်းဆိုမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် သတ်မှတ် လုပ်ခလစာ အပြည့်အ၀ မရရှိသော ပြဿနာများ၊ အလုပ်ချိန်နှင့်ဆိုင်သော ပြဿနာများလည်း အလုပ်ရှင်နှင့် အလုပ်သမားများကြားတွင် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ရန်ကုန်မြို့ရှိ လှိုင်သာယာ စက်မှုဇုန် အပါအဝင် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နေသော စက်မှုဇုန်များရှိ စက်ရုံ အလုပ်ရုံများတွင် အများဆုံး ဖြစ်ပွားသည်။